ပြည်တွင်းပြည်ပ အနုပညာ ပူးပေါင်းဖန်တီးမှု အစီအစဉ် ဒီဇင်ဘာတွင် စမည်

Monday, 26 October 2009 18:36
Print
ပြည်ပ လူငယ် ပန်းချီ ပညာရှင်များကို ဖိတ်ခေါ်၍ ပြည်တွင်းမှ ပညာရှင်များ ပူးပေါင်းပြီး အနုပညာ ဖန်တီးသည့် အစီအစဉ်ကို ရန်ကုန်မှ အနုပညာအဖွဲ့တခုက ဒီဇင်ဘာလမှ စတင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ပညာရှင် ၂၀ ခန့် ပါဝင်မည့် ၎င်း အစီအစဉ်သည်  တနှစ်ခန့် ကြာမြင့်မည် ဟု အစီအစဉ်ကို တာဝန်ယူ ပြုလုပ်မည့် New Zero Art Space မှ ကိုအေးကိုက ဧရာဝတီကို ပြောသည်။

“ဖန်တီးမှု တူညီတဲ့သူချင်း အတူတူ တွဲပေးပါမယ်။ အဲ့ဒီ နှစ်ယောက်ရဲ့ ဖန်တီးမှုက ၁ လောက်တော့ ကြာမယ်။” ဟု ကိုအေးကိုက ပြောသည်။

အစီအစဉ်အရ ပြည်တွင်းမှ ပညာရှင် တဦးနှင့် ပြည်ပမှ ပညာရှင်တဦးတို့ အတူတူ နေထိုင်ပြီး အနုပညာများကို ပူးပေါင်း ဖန်တီးကြမည် ဖြစ်သည်။ အမြင်နှင့် ဆိုင်သော အနုပညာရပ်များကို ဖန်တီးမည် ဖြစ်ပြီး ပန်းချီ၊ ဓာတ်ပုံ၊ Performance Art (တင်ဆက်မှု အနုပညာ) နှင့် Installation Art (တပ်ဆင်ခြင်းအနုပညာ) တို့ ပါဝင်မည် ဖြစ်သည်။

ဂျပန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိန်ပြည်ထောင်စု စသည့် နိုင်ငံများမှ ပညာရှင်များကို ဖိတ်ခေါ်ဖို့ရန် စီစဉ်ထားသည်။ ပြည်တွင်းမှ ပညာရှင်များကို ရွေးချယ်ခြင်း မပြုရသေးကြောင်း ကိုအေးကိုက ဆိုသည်။

“ကျနော်တို့က ယဉ်ကျေးမှု ဖလှယ်တဲ့ သဘောပါ။ တယောက်ရဲ့ နည်းပညာကို တယောက်က အတု ယူနိုင်တာပေါ့။ ပူးပေါင်းပြီး လုပ်ရင် ဘယ်လို အတွေးအခေါ် အသစ်တွေ ထွက်လာမလဲ ဆိုတဲ့ ရည်ရွယ်ချက်ပါ” ဟု စီစဉ်သူ ကိုအေးကိုက ပြောသည်။

ပူးပေါင်းဖန်တီးကြမည့် အနုပညာ လက်ရာများကို စုစည်းပြီး ပြပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာပြည်တွင် ဤကဲ့သို့သော အနုပညာ အစီအစဉ် ပြုလုပ်မှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်က ပြည်တွင်းမှ ပန်းချီပညာရှင်များကသာ အနောက်နိုင်ငံများသို့ သွားရောက်၍ ဖန်တီးခဲ့ခြင်းများသာ ရှိကြောင်း သိရသည်။

“အခုလို နိုင်ငံတကာက အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အပြန်အလှန် ဖလှယ်တဲ့ အနေနဲ့ လုပ်ကြမယ် ဆိုတော့ အနုပညာ နယ်ပယ် ကျယ်ပြန့်လာတာပေါ့” ဟု New Zero မှ အဖွဲ့ဝင် ကိုငြိမ်းချမ်းစုက ဧရာဝတီကို  ပြောသည်။

ယခင်က ရန်ကုန်မြို့ ပြင်သစ်သံရုံး၏ ယဉ်ကျေးမှုဌာန ကဲ့သို့သော နေရာမျိုးတွင်သာ ပြုလုပ်ခွင့် ရရှိသည့် Performance Art ပြပွဲများကို ယခုအခါ အာဏာပိုင်တို့ထံမှ တရားဝင် ခွင့်ပြုချက်များ ရယူ၍ ပြသခွင့် ရှိနေကြောင်း သိရသည်။

New Zero Art Space သည် ယခင်က Modern Art 90 ဟူသော အမည်ဖြင့် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် New Zero Art Group ဟု အမည်ပြောင်းလိုက်ခြင်း ဖြစ်သည်။

ယခုအခါ ပန်းချီ အခမဲ့ သင်ကြားမှုများ၊ ကင်မရာ အသုံးပြုနည်း သင်တန်းများ၊ ပြပွဲများ ပြုလုပ်လျက် ရှိသည်။