ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိအထူးကုဆရာဝန် ၀င်ရောက်ကြည့်ရှူ

Friday, 03 October 2008 07:00
Print
ယမန်နေ့ညနေပိုင်းက မျက်စိအထူးကု ဒေါက်တာကံညွန့်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့ သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

“မနေ့ညနေပိုင်းက … မျက်စိဆရာဝန်က တနာရီလောက်ကြည့်ခွင့်ရတယ်လို့ ကြားတယ်။ ဆရာတင်မျိုးဝင်း ကတော့ အဲဒီထက် ပိုကြာတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိနှင့် တခြားကျန်းမာရေးအခြေအနေများကို မသိရ သေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လလယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ပါတီဝင်များ ပြင်ပမှပေးပို့သော အစားအစာကို တလခန့်ငြင်းပယ်ခဲ့ပြီးနောက် အာဟာရချို့တဲ့ သည့်ဒဏ်ကို ခံစားခဲ့ရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို  ဒေါက်တာတင်မျိုးဝင်း ၀င်ရောက်စစ်ဆေးခွင့် ရခဲ့သည်။

စစ်အစိုးရက ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးစစ်ဆေးရန် တလလျှင် ၂ ကြိမ် ခွင့်ပြုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။