ဖမ်းမိသည့် နိုင်ငံခြား ရေလုပ်သားများကို တရားစွဲပြီ

Tuesday, 08 December 2009 15:10
Print
မြန်မာ့ ရေပိုင်နက် အတွင်း ကျူးကျော် ၀င်ရောက်ခဲ့သော ငါးဖမ်းစက်လှေပေါ်မှ ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသားများကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲဆို လိုက်ကြောင်း အေအက်ဖ်ပီ သတင်း ဌာနက ရေးသားထားသည်။

ယခင်လက မြန်မာ့ ရေပိုင်နက် အတွင်း တရားမဝင် ၀င်ရောက်ခဲ့သဖြင့် ဖမ်းဆီးနိုင်ခဲ့သည့် ငါးဖမ်းစက်လှေ ၁၀ စီးခန့် ရှိကြောင်း၊ နိုင်ငံခြားသား ၁၂၈ ဦး ပါဝင်သဖြင့် ၁၀ စုနှစ် အတွင်း အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သတင်းက ဆိုသည်။

၎င်းတို့အားလုံးကို နာမည်ကျော် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

“နိုင်ငံခြားက ငါးဖမ်းသမား အားလုံးက ၁၂၈ ယောက်မှာ အများစုက အင်ဒိုနီးရှားက ဖြစ်တယ်၊ သူတို့ကို သောကြာနေ့က အင်းစိန်ထောင်ထဲမှာ တရားစွဲတယ်၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ အရ တရားစွဲထားတယ်၊ သူတို့ အနေနဲ့ မြန်မာပြည်က ထွက်ခွာသွားဖို့ ဆန္ဒရှိနေကြတယ်” ဟူသော ထောင်အရာရှိတဦး၏ ပြောဆိုချက်ကို ကိုးကားထားသည်။

ထိန်းသိမ်းခံထားရသူများထဲတွင် ဖိလစ်ပိုင် နိုင်ငံသား ၁၄ဦး၊ တရုတ် နိုင်ငံသား ၁ ဦး၊ ထိုင်ဝမ်နိုင်ငံသား ၄ ဦး တို့ပါဝင်သည်ဟု ဆိုသည်။

၎င်းတို့နှင့်အတူ ဖမ်းဆီးထားသည့် မြန်မာ့ ငါးဖမ်းသမား ၇ ဦးကိုလည်း တရားစွဲဆိုထားကြောင်း၊ သို့သော် မည်သည့် ပုဒ်မဖြင့် စွဲဆိုထားသည်ကိုမှု ယခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရပါက ရေလုပ်သားများသည် ထောင်ဒဏ် ၃ လ ကျခံရဖွယ်ရှိနေပြီး၊ မြန်မာ ကျပ်ငွေ ၂၀၀ ထက် ကျော်လွန်ခြင်းမရှိသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်သည်ဟု ဆိုသည်။


နိုဝင်ဘာလတွင် ရန်ကုန် အခြေစိုက် ဖိလစ်ပိုင် သံရုံးက ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမား ၁၄ ဦးကို ပြန်လွှတ်ပေးရန် အာဏာပိုင်တို့ကို တောင်းဆိုခဲ့သကဲ့သို့ ငါးဖမ်းသမားများနှင့်လည်း ၂ ကြိမ်တိုင်တိုင် သွားရောက် တွေ့ဆုံခဲ့သည်။

မြန်မာရေပိုင်နက်အတွင်း ငါး သယံဇာတ ပေါများသဖြင့် ပြည်ပမှ ငါးဖမ်းလှေများ ကျူးကျော် ဝင်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။

ဘင်္ဂလား နှင့် ကပ္ပလီ ပင်လယ်အော် တလျှောက် မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၂၂၉ (၁၃၈၅ မိုင်) ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်။