အိန္ဒိယရော့ခ်ဂီတပွဲတော်တွင် အင်ပါယာအဖွဲ့ ပါဝင်ဖျော်ဖြေမည်

Tuesday, 08 December 2009 17:21
Print
မြန်မာနိုင်ငံ၏ နာမည်ကျော် ရော့ခ်ဂီတ အဖွဲ့ဖြစ်သည့် အင်ပါယာအဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် The South Asian  Bands  Festival 2009 သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေမည် ဖြစ်သည်။

၎င်း ဖျော်ဖြေပွဲတွင် သီဆိုနေကျ ဖြစ်သော ရော့ခ်ဂီတနှင့် ရိုးရာဗုံများဖြင့် ရောစပ် ထားသည့် သီချင်းများ၊ ရိုးရာကို  အခြေခံ၍ ဆန်းသစ် ထားသော ရော့ခ် သီချင်းများကို ဖျော်ဖြေရန် စီစဉ်ထားပြီးအဆိုပါ ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး ၏ဖိတ်ကြားမှုဖြင့် သွားရောက်ရခြင်း ဖြစ်ကြောင်း အင်ပါယာမှ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် က ဧရာဝတီကို ပြောသည်။

“ကျနော်တို့ စမ်းတီးထားတဲ့ ရော့ခ်တွေမှာ ရိုးရိုးရော့ခ် ပုံစံမျိုးတွေ မဟုတ်ဘဲ Traditional ဆန်တာတွေ ရိုးရာ ဗုံတွေနဲ့ တီးတာတွေ အရှေ့တိုင်း ဆန်တာတွေ ပါတယ်ဆိုတော့ ဒီပွဲမှာပါတဲ့ အဖွဲ့တွေကလည်း အဲ့ဒီလို ရိုးရာကို အခြေခံထားတဲ့ ရော့ခ်အဖွဲ့ တွေချည်းပါပဲ" ဟု ၎င်းကဆိုသည်။

အဆိုပါဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး တောင်အာရှနိုင်ငံများမှ ရော့ခ်ဂီတ အဖွဲ့ ပေါင်း  ၁၅ ဖွဲ့ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲသို့ အင်ပါယာ ၀ိုင်းတော်သားများဖြစ်သည့် ဇော်ဝင်းထွဋ်၊ ဇော်မျိုးထွဋ်၊ ကီးဘုတ်လီယိုနာ့ဒ် မောင်မောင်လွင်၊ ဒရမ် ရဲလင်း၊ ကိုမြတ်မိုးနှင့် ကိုဗိုလ်မြင့်တို့ သွားရောက်ကြမည်ဖြစ်သည်။

အခုလိုသွားရောက်ရမှုအပေါ် အင်ပါယာအဖွဲ့ဝင်တဦးဖြစ်သူ ကိုမြတ်မိုးကလည်း ကိုယ်မရောက်ဘူးတဲ့နိုင်ငံ ကိုယ်မသိတဲ့ အဖွဲ့များ နှင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် စိတ်ဝင်စားစရာ အလွန်ကောင်းကြောင်း ၎င်း၏ခံစားချက်ကိုပြောသည်။

“ကျနော်တို့ဆီမှာက Band တခုမှာ အဆိုတော် တပြုံကြီးဆိုတာကိုး။ တကယ့်Band အစစ်က အဆိုတော် ၁ ယောက်ပဲရှိရမှာလေ။ အဲ့ဒီတော့ ဇော်ဝင်းထွဋ်အနေနဲ့လည်းမဟုတ်ဘူး။ အင်ပါယာဆိုတဲ့ Rock Band တခုအနေနဲ့ သွားဖျော်ဖြေတာပါ" ဟု  ဇော်ဝင်းထွဋ် က ရှင်းပြသည်။

၎င်းကဆက်လက်ပြီး "ကိုယ့်ဆီက သူ့ဆီသွား၊ သူ့ဆီက ကိုယ့်ဆီလာအဲဒီလိုမျိုးဖြစ်စေချင်နေတာကြာပါပြီ။အဲ့ဒါမှ ကျနော် တို့ ဂီတတွေက အထီးကျန်မနေဘူးပေါ့ဗျာ။မြန်မာပြည်ရဲ့ဂီတလောကကိုလည်း နိုင်ငံတကာက စိတ်ဝင်စားမှုပိုရနိုင်တာပေါ့" ဟု ပြောသည်။

အင်ပါယာ တေးဂီတ၀ိုင်းသည် ၁၉၈၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ စတင်အောင်မြင်လာခဲ့သည့် မြန်မာနိုင်ငံ၏ပထမ ဆုံးရော့ခ်ဂီတ၀ိုင်းဖြစ်သည်။ယခုဆိုလျှင် သက်တမ်း ၂၅ နှစ်တိုင်ခဲ့ပြီးဖြစ်ရာ အဆိုပါ ကြားကာလများအတွင်း၌ အဖွဲ့ဝင်များ အနေ ဖြင့်လည်း အပြောင်းအလဲများရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ထွက်ရှိခဲ့သည့် "မဟာ" ဟူသော တေးစီးရီးနှင့်ပတ်သက်၍ ပရိသတ် အ များစုကအစိုးရပေါ်လစီ စီးရီးဟု ယူဆခဲ့ကြပြီး ယင်းနောက် ၂၀၀၀ ခုနှစ်မှ စတင်ကာ အင်ပါယာအဖွဲ့၏ အောင်မြင်မှုကျဆင်းလာခဲ့ ကြောင်း ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။