ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြနေ

E-mail Print
စစ်အစိုးရက အကြမ်းဖက်သမားဟု စွပ်စွဲခံထားရသော ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုညီညီအောင်သည် အကျဉ်းသား အခွင့် အရေး ရရှိရန်အတွက် အင်းစိန်ထောင်တွင် လွန်ခဲ့သည့်အပတ် သောကြာနေ့မှ စတင်ကာ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေသည် ဟု မိသားစုဝင်များက ပြောသည်။

ကိုညီညီအောင်သည် အင်းစိန်ထောင်တွင် တရားမျှတမှုရရှိရေး အပါအ၀င် အချက် ၃ ချက်ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေ ခြင်းဖြစ်ကြောင်း ယမန်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သည့် အဒေါ်ဖြစ်သူက ဧရာဝတီသို့ ပြောသည်။

“တရားမျှတမှု မရှိဘူး၊ လွတ်လပ်မှု မရှိဘူး၊ ဖိနှိပ်ချုပ်ချယ်တယ်၊ သူ့အတွက် မဟုတ်ဘူးတဲ့ သူ့အတွက်ကတော့ အားလုံး အဆင်ပြေ တယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု မလုပ်ရင် ဘယ်လိုမှ ပြောင်းလဲမှာ မဟုတ်ဘူးတဲ့၊ အဲဒါတွေ ပြောတယ်၊ အဲဒါတွေကို သူက တောင်းဆိုတယ်၊ အဲဒီတောင်းဆိုချက်တွေရမှ သူထမင်းပြန်စားမယ်လို့ ပြောတယ်”ဟု ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြော ဆိုသည်။

ကိုညီညီအောင်သည် အင်းစိန်ထောင်အတွင်း အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည်မှာ ၄ ရက်မြောက်ရှိပြီ ဖြစ်သောကြောင့် ၎င်း၏ ကျန်းမာရေးအတွက် မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်း သိရသည်။

“ကျန်းမာရေးကတော့ ကောင်းနေတယ်၊ သူ့အတွက် ဘာမှ မပူပါနဲ့တဲ့ လူကြီးတွေကတော့ အရမ်းကို စိုးရိမ်နေပါတယ်၊ အစားမစား တာ အခုဆိုရင် ၄ ရက် မြောက်ရှိပြီ လဲတော့ လဲမသွားသေးဘူး”ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။

မြန်မာနိုင်ငံတွင် အကျဉ်းသား အခွင့်အရေးနှင့် ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုမှုများကို စစ်အာဏာပိုင်များက ညှိနိုင်းဖြေရှင်း  သကဲ့သို့ အကြမ်းဖက် ဖြေရှင်းမှုများလည်းရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ရှင်းပြသည်။

“၁၉၉၈ တုန်းကဆိုရင် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ ကိုအောင်ကျော်မိုးက သာယာဝတီ အကျဉ်းထောင်ထဲမှာ သူ့ရဲ့ လွတ်မြောက်ရေး၊ သူက လွတ်ရက် ကျော်နေ ပြီး မလွတ်သေးလို့ အစာငတ်ခံဆန္ဒပြတာရှိတယ်၊ အဲဒီတုန်းကတော့ သူတို့ အာဏာပိုင်တွေ ရိုက်သတ်တော့ ကိုအောင်ကျော်မိုးသေသွားတယ်”ဟု ၎င်းက ဆိုသည်။ 

တချို့ဆန္ဒပြတောင်းဆိုသူများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခြင်း၊ တိုက်ပိတ်ထားခြင်း၊ ထမင်းပြန်စားရန် အမိန့်ပေးခြင်းနှင့် ရေဖြတ်ခြင်းများကို ထပ်မံပြုလုပ်လာ နိုင်ကြောင်းလည်း ကိုဘိုကြည်က ပြောသည်။ 

ကိုညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံရပြီး ၃ ပတ် အကြာတွင် သူ၏သတင်းကို အစိုးရ သတင်းစာများတွင် တွေ့ရသည်။

ထိုစဉ်က ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ အစိုးရက ကိုညီညီညီအောင်သည် ထိုပေါက်ကွဲမှုများ အတွက် တာဝန်ရှိသည်ဟုလည်း စွပ်စွဲခဲ့သည်။

အစိုးရက သူ့ကို အကြမ်းဖက်သမားဖြစ်သယောင် ရေးသားခဲ့သော်လည်း လိမ်လည်မှုပုဒ်မ (၄၂၀) နှင့် စာရွက်စာတမ်း အတု အသုံးပြုမှု ပုဒ်မ (၄၆၈) တို့နှင့် အမှုစွဲတင် ထားပြီး ရှေ့နေကြီးများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေကြသည်။ ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းက နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှုဖြင့် ကိုညီညီအောင်ကို ပုဒ်မ ထပ်တိုးခဲ့သည်။

ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဖောက်ခွဲ ဖျက်ဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍ လည်း တာဝန်မကင်းဟု စက်တင်ဘာလထုတ် စစ်အစိုးရ သတင်းစာများတွင် ရေး သားဖော်ပြခဲ့သည်။

ကိုညီညီအောင်၏ မိခင်အပါအ၀င် မိသားစုဝင် တချို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံ ထားရကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်