သိမ်ကြီးဈေး စားသောက်ဆိုင် တဆိုင်တွင် မီးလောင်မှု ဖြစ်ပွား

Tuesday, 02 March 2010 16:19
Print
ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ စားသောက်ဆိုင် တဆိုင်တွင် ယမန်နေ့ ညနေ ၆း၀၅ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ရာ နာရီဝက်အတွင်း ငြှိမ်းသတ်နိုင် ခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

မီးလောင်မှု ဖြစ်ပွားရာ သိမ်ကြီးဈေး ဒီ ရုံ ပထမထပ်ရှိ ၀မ်ဖု စားသောက် ဆိုင်တွင် အပျက်အစီး အနည်းငယ်သာ ပေါ်ပေါက် ခဲ့သည်ဟု အမည် မဖော်လိုသူ မီးသတ် အရာရှိက ဧရာဝတီကို ပြောသည်။

“မီးဖို သုံးရင်းကနေ စလောင်တာပါ။ မီးခိုခန်းပဲ လောင်တာပါ။ ထိခိုက် ဒဏ်ရာ ရတာလည်း မရှိပါဘူး” ဟု သူက ရှင်းပြသည်။

မီးလောင်သည့် အချိန်တွင် ဈေး မြေညီထပ်ရှိ ဈေးဆိုင်ခန်းများ ပိတ်ရန် ပြင်ဆင် နေကြသည့် အချိန်ဖြစ်သည်ဟု မျက်မြင် သက်သေတဦးက ပြောသည်။

“လူတွေတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပေါ့။ ဆိုင်ပိတ်နေကြတုန်းမှာ ဖြစ်တာ။ ဆိုင်တံခါးကို ပိတ်ချလိုက်ကြပြီး၊ အပြင်က ပစ္စည်းတွေ သယ်ပြီး ထွက်ပြေးကြတာ” ဟု သူက မီးလောင်စဉ်ကာလ မြင်ကွင်းကို ပြန်ပြောပြသည်။

မီးလောင်သွားသည့် ၀မ်ဖု စားသောက်ဆိုင်အပေါ်ထပ်တွင် သွားဆေးခန်း၊ နိုက်ကလပ်၊ မင်္ဂလာ ရုပ်ရှင်ရုံတို့ ရှိသည်။

“စလောင်တဲ့ အချိန် ရုပ်ရှင် ပြဖို့ နီးနေပြီ။ ရုပ်ရှင်ရုံကိုတော့ ပိတ်လိုက်တာပေါ့” ဟု ဈေးအနီး နေထိုင်သူတဦးက ပြောပြသည်။

ယနေ့သည် တောင်သူလယ်သမားနေ့ ဖြစ်သောကြောင့် ကြိုတင် သတ်မှတ်ထားသည့်အတိုင်း သိမ်ကြီးဈေးကို ပိတ်ထားရခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်ခြင်းမရှိကြောင်း ဈေးတာဝန်ခံများက ပြောသည်။

သိမ်ကြီးဈေးမီးနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလကလည်း ရန်ကုန်မှ နာမည်ကျော် ဈေးကြီးတခုဖြစ်သည့် သင်္ဃန်းကျွန်းဈေးတခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့သည်။

ဖေဖော်ဝါရီလ နှင့် မတ်လတို့သည်  မြန်မာနိုင်ငံ၏ မီးလောင်မှု အများဆုံး ဖြစ်ပွားသည့် ကာလများ ဖြစ်ကြောင်း၊ အထူးသဖြင့် လူနေထူထပ်သော ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပိုမို ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုများ၏ ထက်ဝက်ကျော်မှာ ပေါ့ဆမီးကြောင့် ဖြစ်သည်ဟု သိရသည်။ ရန်ကုန်တွင် လျှပ်စစ်မီးလာချိန်နှင့် ပျက်ချိန် မမှန်ခြင်း၊ အရည်အသွေး မမီသော လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းတို့ကြောင့် လျှပ်စစ်ဝါယာရှော့ မကြာခဏ ဖြစ်ပွားပြီး မီးလောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။