တရုတ်နယ်စပ် အပစ်ရပ်ဒေသများ အခြေအနေတင်းမာ

Monday, 15 March 2010 18:21
Print
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ရုံးများ၊ အရေးကြီး စာရွက် စာတမ်း များနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို လိုင်ဇာမြို့မှ ယခင်ဌာန ချုပ်ဟောင်း လိုင်စင် စခန်းသို့ ရွှေ့ပြောင်း လိုက်ကြောင်း KIO အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ KIO အဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ မြစ်ကြီးနား မြို့တွင် တွေ့ဆုံ ဆွေးနွေး နေစဉ် အတော အတွင်း ရွှေ့ပြောင်းခြင်း ဖြစ်သည်ဟု အဆိုပါ နီးစပ်သူက ပြောသည်။

“ပါဂျောင် နောင်ဘို တောင်တန်း ပေါ်က စခန်းဟောင်းကို ပြောင်းလိုက်တာ၊ စစ်အစိုးရ ဘက်က ငြိမ်းချမ်းရေး ဘယ်လိုပဲ ပြောပြော တဘက်က မယုံတာကို ပြတာပဲ” ဟု ၎င်းက ဆိုသည်။

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှု မအောင်မြင်ပါက စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက် ခဲ့လျှင် KIO အနေဖြင့် အသင့် ပြင်ဆင် ထားခြင်း ဖြစ်နိုင်ကြောင်း၊ စခန်း တောင်ကုန်း ပေါ်ရှိ တပ်များလည်း ပြောင်းရွှေ့ သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ လိုင်စင်စခန်းသည် စစ်အစိုးရနှင့် KIO အဖွဲ့ အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီက စခန်းဟောင်းဖြစ်သည်ဟု သိရသည်။

KIO အဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူးတို့ မြစ်ကြီးနားမြို့တွင် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို ပြီးခဲ့သည့် သောကြာ နေ့မှ စတင်၍ တွေ့ဆုံဆွေးနွေးနေကြောင်း၊ မည်သည့် ရလဒ်မှ ထွက်ပေါ်မလာသေးသည့်အတွက် KIO အနေဖြင့် စစ်ရေးအရ ပြင် ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်ကလည်း ပြောသည်။

တရုတ်မြန်မာနယ်စပ်ရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)အတွင်း ပြီးခဲ့သည့် သောကြာနေ့က အရေးပေါ် အစည်း အဝေးပြုလုပ်ခဲ့ပြီး စစ်ရေးအရ အသင့်အနေအထားဖြစ်ရန်အတွက် ညွှန်ကြားထားကြောင်းလည်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“အစိုးရစစ်တပ်တွေနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ နယ်မြေတွေမှာ နယ်ခြားမျဉ်းကို ကျော်လာရင် အထက် အမိန့် တောင်းမနေဘဲ ပစ် ခတ်ဖို့ပါ ညွှန်ကြားထားတယ်”ဟု ၎င်းကဆိုသည်။

စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSAတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်း က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်က UWSA အဖွဲ့၏ တောင်းဆိုခဲ့သည့် အချက် ၉ ချက်ကိုလည်း စစ်အစိုးရက မလိုက်လျောနိုင်ကြောင်း၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုသာ ခြွင်းချက်မရှိ လုပ်ဆောင်ရန် ပြီးခဲ့သည့် စနေနေ့က အကြောင်းပြန်ခဲ့သည်ဟု ဦးစိန်ကြည်ကပြောသည်။

UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက် ၉ ချက်မှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်၊ ကျန်းမာရေး၊ ထောက်ပံ့ရေး တို့ကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းရာတွင် မပါဝင်တော့သည့် တပ်သားများကို ပင်စင်လစာ ၅နှစ်စာ ထောက်ပံ့ရန်၊ ကိုယ်လက်အင်္ဂါချွတ်ယွင်းနေသည့် သူများနှင့် မိဘမဲ့ကလေးများကို စစ်အစိုးရက တာဝန်ယူပေးရန်၊ အသွင် ကူးပြောင်း ပြီးသည့်နောက်ပိုင်းတွင် ယခင်က ပြစ်မှုကျူးလွန်သူများကို အရေးမယူရန်တို့ ပါရှိသည်။

စစ်အစိုးရကလည်း ကိုးကန့်နယ်အတွင်းရှိ ၀နယ်မြေနှင့်ထိစပ်နေသည့် UWSA တပ်မဟာ ၄၁၈ ထိန်းချုပ်ဒေသတွင် ဒေသအနီး တွင် တပ်မ ၃၃နှင့် တပ်မ ၇၇ တို့ကို အင်အားဖြည့်ထားပြီး လာရှိုး ၊ တန့်ယန်း နှင့် မိုင်းရှူးမြို့နယ်များတွင် တပ်မ ၇၇ နှင့် ၉၉ ၊ သံလွင်မြစ်အနောက်ဘက် မော်ဖဒေသတွင် တပ်မ ၅၅ နှင့်ဒေသခံတပ်များ၊ ပြည်သူ့စစ်များကို အင်အားဖြည့်ထားကြောင်း နယ်စပ်ဒေသသတင်းများအရ သိရသည်။

မကြာသေးမီကလည်း စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာချီလိတ်နှင့် လောက်ကိုင်၊ ကုန်းကြမ်း ဒေသများသို့ လှည့်လည်၍ စစ်ရေးအရ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် ပြုလုပ်ခြင်း၊ နယ်မြေခံလူထုကို စည်းရုံးခြင်းများကို ပြုလုပ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံကလည်း နယ်စပ်ဒေသတလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားလာပါက ထွက်ပြေးလာသည့် ဒုက္ခသည်များကို ကူညီရန် အတွက် ကိုးကန့်ဒေသမှ ကချင်ပြည်နယ် နယ်စပ်တလျှောက် တပ်ဖွဲ့များကို ဖြန့်ကျက်ထားကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)( SSA-N) တပ်ဖွဲ့များအတွင်းတွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းကလည်း မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မော်လမြိုင်မြို့သို့ ခေါ်ယူထားကြောင်း၊ မွန်ပြည်သစ်ပါတီအနေဖြင့် မည်သည့်နေ့ရက်တွင် သွားရောက် တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက အပစ်ရပ်အဖွဲ့အစည်းများကကို ယခုလ ၁၅ရက်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ပြောကြားထားကြောင်း သိရသည်။