နယူးဒေလီ မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ

Friday, 19 March 2010 15:37
Print
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ နံနက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ဆန္ဒပြ ကြသည့် အိန္ဒိယရောက် သံဃာတော် တပါး အပါအ၀င် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၆၉ ဦး ကို သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်း လိုက်သည်။

၎င်းတို့က နံနက် ၁၁ နာရီခန့်မှ စတင်၍ ကြွေးကြော် ဆန္ဒပြခဲ့ကြရာ ၄၅ မိနစ်ခန့် အကြာတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်ဟု မြန်မာသံရုံး အနီးရှိ ချန်နကရာပူရီ ရဲစခန်းတွင် အထိန်းသိမ်း ခံနေရသူ တဦးဖြစ်သည့် ကိုဆလုံးက ဧရာဝတီသို့ ပြောသည်။

“အခု ကျနော်တို့ ရဲစခန်းမှာ ရောက်နေတယ်၊ အခုထိတော့ သူတို့ဘာမှ မလုပ် ကြသေးဘူး၊ ဒီအတိုင်းပဲ ရုံးခန်းမှာ ထိုင်နေ ကြရတယ်” ဟု ကိုဆလုံးက ပြောပြသည်။

အဆိုပါ ဆန္ဒပြသူ များက “အတု အယောင် ရွေးကောက်ပွဲ အလိုမရှိ” “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” စသည်ဖြင့် ကြွေးကြော် ခဲ့ကြပြီး သံရုံး အုတ်တံတိုင်း များတွင် ဆေးနီများ သုတ်လိမ်းကြကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပုံများကို နင်းခြေ ဖျက်ဆီး၍ သံရုံး ဆိုင်းဘုတ်များနှင့် တံခါးများကို ရိုက်ဖျက် ခဲ့ကြသည်။

“ပြည်သူအတွက် မကြည့်ဘဲ နအဖအတွက်ပဲ ကြည့်ပြီး ပြည်သူတွေကို လိမ်နေတဲ့ အရှက်မရှိတဲ့ သံအမတ်ကို လာဆန္ဒပြတာ၊ နအဖ လုပ်မယ့် ရွေးကောက်ပွဲဟာ နအဖ သက်ဆိုး ရှည်အောင် လုပ်တာပဲ ဖြစ်တယ်၊ နောက်ပြီးတော့ ဒီနေ့ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကမ္ဘာနဲ့အ၀န်း Global campaign အစနေ့ဖြစ်တယ်၊ ဒါကြောင့် ဒီကို လာဆန္ဒပြတာ၊ နောင်လည်း ဆန္ဒပြမှုတွေ ဆက်လုပ်ဦးမှာပဲ”ဟု ဆန္ဒပြပွဲ ဦးဆောင်သည့် Burma Center Delhi မှ ကိုကင်မ်က ပြောသည်။

စစ်အစိုးရ ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင် ပေးရန်နှင့် ပြဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေ ကို လက်မခံနိုင် ကြောင်း၊ ရွေးကောက်ပွဲကို ဆန့်ကျင် ကြောင်းလည်း ဆန္ဒပြသူများက ထုတ်ဖော် ပြောဆိုခဲ့ ကြသည်။

ယခု ဆန္ဒပြမှုကြောင့် ဖမ်းဆီးထား သူများအား အာဏာပိုင်များက မည်ကဲ့သို့ စီစဉ် ဆောင်ရွက်မည်ကို မသိရှိရသေး သော်လည်း ယခင်က သံရုံးရှေ့ဆန္ဒပြ၍ ဖမ်းဆီးထား သူများကို ၂၄ နာရီခန့် ထိန်းသိမ်း ထားပြီး ပြန်လည် လွှတ်ပေးမှုများ ရှိခဲ့ကြောင်း မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် နီးစပ်သည့် ဒေသခံ တဦးက ပြောသည်။

“အရင်တုန်းက ဖမ်းတာတွေမှာ တရားရုံးအထိ ရုံးတင်ပြီး ခြေချုပ်နဲ့ ထားတာမျိုးတွေ ရှိဖူးတယ်၊ ခဏခဏ ရုံးချိန်း သွားရတယ်၊
နောက်ဆုံးတော့ နောင်ဒီလို မလုပ်ပါဘူး ဆိုပြီး ၀န်ခံကတိနဲ့ ပြီးသွားတာ မျိုးတွေလည်း ရှိခဲ့ဖူးတယ်”ဟု ၎င်းက ဆိုသည်။

အိန္ဒိယ အာဏာပိုင်များက မြန်မာသံရုံး အပါအ၀င် နိုင်ငံတကာ သံရုံးများ တည်ရှိရာ ၀န်းကျင်တွင် ဆန္ဒပြမှုများ မပြုလုပ်ရန် ကန့်သတ် တားမြစ် ထားပြီး ပါလီမန် အနီးရှိ ဂျန်တားမန်တား ပန်းခြံနေရာ တွင်သာ ဆန္ဒပြမှုများ ပြုလုပ်ရန် သတ်မှတ် ထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကလည်း အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၂၀၀ ကျော်တို့က ယင်းဂျန်တားမန်တား ပန်းခြံတွင် ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြ သေးသည်။

စစ်အစိုးရက ယခုလအတွင်း၌ပင် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန် ထားသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။