ကရင်နီ ဒုက္ခသည်စခန်းတွင် မီးလောင်

Tuesday, 23 March 2010 19:16
Print
ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ တွင် မီးလောင် မှုကြောင့် ဒုက္ခသည် ၃၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

ယနေ့နံနက် ၁ နာရီ မထိုးမီက ဖယောင်းတိုင်မီးမှ တဆင့်  စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း  ဒုက္ခသည် စခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။ 

လောင်ကျွမ်းချိန်မှာ နာရီဝက်ခန့်သာ ရှိသော်လည်း စခန်းအတွင်း အိမ်ခြေစိတ်သောကြောင့် အမှတ် ၄ ရပ်ကွက်ရှိ  အိမ်ခြေ ၆၂ အိမ် ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု စခန်း၏ ယာယီ ဥက္ကဋ္ဌ ဦးအောင်မောင်းက ဧရာဝတီကို ပြောသည်။

“ မီးဘေးဒုက္ခသည်များကို မူလတန်းကျောင်းတွေမှာ  နေရာ စီစဉ်ပေးထားပြီး တချို့ကို ပေါင်းနေခိုင်းထားတွေ ရှိတယ်။  ခေါက်ဆွဲ ခြောက်ထုပ်နဲ့ ရေသန့်ဘူးတွေအပြင် အစားအသောက်အတွက် ဒီကချက်ပြုတ်ပို့ပေးတယ်" ဟု သူက ရှင်းပြသည်။

ထိုဒုက္ခသည်စခန်းသည် ကယားပြည်နယ်အနီးတွင် တည်ရှိသည်။

စခန်းအတွင်း ကယားပြည်နယ်မှ ထွက်ပြေးလာသော ဒုက္ခသည်ဦးရေ တသောင်းလေးထောင်ကျော် ခိုလှုံနေကြသည်။ 

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်း ၉ ခုတွင်   ဒုက္ခသည် တသိန်း ခြောက်သောင်းခန့် ရှိသည်ဟု သိရသည်။