ကချင်ပါတီ ဧပြီလတွင် မှတ်ပုံတင်မည်

E-mail Print
ကချင်ပြည် တိုးတက်ရေး ပါတီ (KSPP) သည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် ဧပြီလဆန်း၌ မှတ်ပုံတင်မည် ဖြစ်ကြောင်း ပါတီဥက္ကဌ ဒေါက်တာ မနန်တူးဂျာက ပြောဆို လိုက်သည်။

ယင်း ပါတီမှတ်ပုံတင်ရေး လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ KSPP ပါတီ ခေါင်းဆောင်များသည် တနင်္လာနေ့ က ဆွေးနွေးကြ ကြောင်း သိရသည်။

“ကျနော်တို့ ပါတီကို အမြန်ဆုံး မှတ်ပုံတင်နိုင်အောင် ကြိုးစားနေတယ်၊ သင်္ကြန် (ဧပြီလ ၁၃ ရက်) မတိုင်ခင် မှတ်ပုံတင်နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်”ဟု ဒေါက်တာ တူးဂျာက ဧရာဝတီသို့ ပြောပြသည်။

စစ်အစိုးရနှင့် အပစ်အခပ်ရပ်စဲထားသော အဖွဲ့တဖွဲ့ဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဒုဥက္ကဌ ဟောင်းဖြစ်သူ ဒေါက်တာ တူးဂျာသည် ၂၀၀၉ ခုနှစ် မတ်လတွင် KSPP ကို ထူထောင်ခဲ့ပြီး ပါတီ၏ လုပ်ငန်းဆောင်တာများ စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လတွင် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းအနေနှင့် ပါတီဥက္ကဌအဖြစ် ပြီးခဲ့သည့် စနေ နေ့၌ တရားဝင် ရွေးကောက်တင်မြှောက်ခြင်းခံရကြောင်း ဒေါက်တာတူးဂျာက ဆိုသည်။

စစ်အစိုးရ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နိုင်ငံရေးပါတီများ၏ ပါဝင်ဆောင်ရွက်မှုဖြင့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်”တည်ဆောက်ရေးကို ထောက်ခံအားပေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ အခုအချိန်ထိ ဆန့်ကျင်တဲ့ သဘောထား မရှိသေးပါဘူး၊ ရွေးကောက်ပွဲ အကြောင်းသိ နိုင်ဖို့ ရွေးကောက်ပွဲဝင်ဖို့ ကျနော်တို့ အရင် ကြိုးစားရမှာပေါ့” ဟု ဒေါက်တာ တူးဂျာ က ဆိုသည်။

KSPP သည် ကချင်ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်းနှင့် ပါတီအနေနှင့် ကချင်ပြည်နယ် ၏ စီးပွားရေးနှင့် လူမှုရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် အဓိကအာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ရှင်းပြသည်။

“ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာပြီဆိုတာနဲ့ ပြည်ထောင်စုကိုလည်း အထောက်အကူပြုသွားဖို့ ရှိတယ်” ဟု ဒေါက်တာ တူးဂျာ က ဆိုသည်။

KSPP သည် နောက်ခံသမိုင်းကြောင်း၊ ဘာသာရေးနှင့် လူမျိုးရေးတို့ပေါ်တွင်မူတည်၍ ခွဲခြား ဆက်ဆံသွားမည် မဟုတ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။

KSPP စတင်ထူထောင်ချိန်မှ စ၍ “ကချင်ပြည်နယ်ထဲက နေရာ အနှံ့အပြားကို သွားပြီး ကျနော်တို့ပါတီရဲ့ တာဝန်နဲ့ လုပ်ငန်းစဉ်တွေ ကို ရှင်းပြခဲ့တယ်။ လူတော်တော်များများက ကျနော်တို့ရဲ့ အတွေးအခေါ်ကို လက်ခံပြီး ကျနော်တို့ လှုပ်ရှားမှုကို ထောက်ခံအားပေး ကြတယ်” ဟု ဒေါက်တာတူးဂျာက ပြောပြသည်။

၎င်း၏ အဆိုအရ KSPP သည် ပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ ပါတီဌာနချုပ် ဖွင့်လှစ်မည် ဖြစ်ပြီး ပါတီ၏ အလံတွင် အစိမ်းနှင့် အနီ ရောင်များ အသုံးမည် ဖြစ်ကြောင်း၊ အလံ၌ အပေါ်နှင့် အောက် တွင် အစိမ်းရောင်လိုင်း နှင့် အလယ်တွင် အနီရောင်လိုင်း တို့ကို ထည့်သွင်းထားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများက ချမှတ်ထားသည့် ငွေကြေး သုံးစွဲမှုဆိုင်ရာများနှင့် ပတ်သက်၍လည်း ဒေါက်တာ တူးဂျာက “နိုင်ငံရေးပါတီ တကယ်ဖွဲ့ချင်တဲ့သူကတော့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ကိုယ့်ပါတီအတွက် ရန်ပုံငွေရှာရမှာပဲ”ဟု ပြောသည်။

အကယ်၍ ပါတီမှတ်ပုံတင်ကြေးသည် လွန်စွာ နည်းနေပါက နိုင်ငံရေးပါတီ အများအပြား ပေါ်ပေါက်လာကြလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

ဝေဖန်သုံးသပ်သူများကမူ နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးသည် ငွေကြေးသုံးစွဲနိုင်သူများအတွက် ပို၍ အခွင့်အလမ်းသာစေသည်ဟု ပြောဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများအရ နိုင်ငံရေးပါတီများအနေနှင့် မတ် လ ၈ ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ပါတီတခုအတွက် မှတ်ပုံတင်ကြေး ကျပ် ၃၀၀၀၀၀ နှင့် ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း တဦးအတွက် မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀၀၀ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရ သည်။

နိုင်ငံရေးပါတီများအနေနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးအတွက် အများဆုံး ကျပ်ငွေ သိန်း ၁၀၀ အသုံးပြု နိုင်ကြောင်း ယင်း ကုန်ကျငွေအား ပါတီရန်ပုံငွေမှ ဖြစ်စေ သို့မဟုတ် ကိုယ်စားလှယ်လောင်း၏ ကိုယ်ပိုင်ငွေမှဖြစ်စေ အသုံးပြုနိုင် ဟု ဆိုသည်။

ယခုနှစ် ရွေးကောက်ပွဲ၌ ၀င်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်း တဦးစီအတွက် အသုံးပြုနိုင်သည့် ငွေပမာဏသည် ၁၉၉၀ ရွေးကောက်ပွဲ ကာလထက် သိသိသာသာ တိုးမြှင့်ထားသည်။ ၁၉၉၀ ပြည့်နှစ်၌ ကိုယ်စားလှယ်လောင်း တဦးစီ၏ ကုန်ကျငွေ အား ကျပ် ၇၀၀၀၀ အဖြစ် သတ်မှတ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်