ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း လေပြင်းတိုက်၊ အိမ်ခြေ ၄၀ ကျော် ပျက်စီး

Tuesday, 30 March 2010 15:15
Print
ထိုင်း-မြန်မာ နယ်စပ် စံခလဘူရီ ခရိုင်ရှိ ဘန့်ဒုန်ယန်း ဒုက္ခသည် စခန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က လေပြင်း မုန်တိုင်း တိုက်ခတ် မှုကြောင့် အိမ်ခြေ ၄၀ ကျော် ပျက်စီး သွားကြောင်း ဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောသည်။

“မုန်တိုင်း ၀င်တဲ့ ပုံစံမျိုး၊ မိုးအရင် လာတယ်၊ ပြီးတော့ လေမုန်တိုင်းက နောက်ကနေ လိုက်လာတယ်၊ အချိန်ကတော့ နေ့လယ် ၂ နာရီ လောက်ရှိပြီ၊ စဖြစ်တဲ့ အချိန် အဲဒီမှာ မုန်တိုင်း လိုက်လာတော့ တချို့ သစ်ပင်တွေ လဲကျတယ်”ဟု ယင်း ဒုက္ခသည် စခန်းတွင် နေထိုင်သူ ဘထူးလေးက ဧရာဝတီသို့ ပြောသည်။

လေပြင်းကြောင့် ဒုက္ခသည် စခန်းတွင် အိမ်ခြေ ပျက်စီးမှုများ ရှိသော်လည်း အသေ အပျောက် မရှိကြောင်း၊ သို့သော် ထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးခန့် ရှိကြောင်း ၎င်းက ဆိုသည်။ 

ယင်းလေပြင်း ဒဏ်ကြောင့် ကွန်ပျူတာ သင်တန်းဆောင်၊ စာသင်ကျောင်းနှင့် ဆေးရုံများလည်း ပျက်စီးသွားသည်ဟု ဒုက္ခသည် စခန်းတွင် နေထိုင်သူများက ပြောသည်။ 

လေပြင်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ခြေများကို ထိုင်း အာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူများက ယနေ့ နံနက် က လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေအိမ် မရှိသည့် ဒုက္ခသည်များမှာ နီးစပ်ရာ အသိမိတ်ဆွေများထံတွင် စုပေါင်း နေထိုင်ကြသည်ဟု ဘထူးလေးက ပြောသည်။

ယင်း ဒုက္ခသည် စခန်းအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်ဦးရေ ၄၀၀၀ ကျော် ခိုလှုံနေသည်ဟုလည်း ဆိုသည်။ 

ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက်သောင်းခန့် ရှိကြောင်း သိရသည်။