ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် လွတ်ပြီ

Tuesday, 21 October 2008 07:00
Print
စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသော ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို မနေ့ညက ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ၎င်းဂျာနယ် အဖွဲ့သားများက အတည်ပြု ပြောကြားလိုက်သည်။

“ခုတော့ သူ့အိမ်မှာ အနားယူနေပါတယ်။ နောက်တပတ်လောက် အလုပ်ပြန်ဆင်းမှာပါ” ဟု ဖလားဝါးနယူးစ် ဂျာနယ်၏ ဒု အယ်ဒီတာချုပ် ကိုစောလင်းအောင်က ပြောသည်။

ကိုစောမြင့်သန်းသည် ၂ လနီးပါးခန့် အချုပ်ထဲတွင် နေခဲ့ရပြီး ၎င်းအနေနှင့် အမှားအယွင်းမရှိသည်ကို တရားလိုဘက်က နားလည်သဘောပေါက် လက်ခံသောကြောင့် အမှုကို ရုတ်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုစောမြင့်သန်းသည် ဖလားဝါးနယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုသတင်း ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခေါ်ယူကြိမ်း မောင်းခံရသည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းက ရေးသားခဲ့ရာ ပြည်ပမီဒီယာအား ဆက်သွယ် သတင်းပေးသည် ဟူသော ပြစ်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို တရားစွဲဆိုရာတွင် တရားမဝင်အသင်းအဖွဲ့နှင့် ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေနှင့် အစိုးရ အကြည်ညိုပျက် စေအောင် ပြောဆိုမှုတို့ဖြင့် ပုဒ်မတပ် ခဲ့ခြင်းဖြစ်သည်။

ကိုစောမြင့်သန်းသည် ဧရာဝတီ မဂ္ဂဇင်းနှင့် လုံးဝဆက်သွယ်ခဲ့ခြင်းမရှိဘဲ ၎င်းအား ခေါ်ယူကြိမ်းမောင်းခံရသည့် သတင်းကို ဧရာဝတီကရေးသားရာတွင်လည်း သူ့ကို လုံးဝဆက်သွယ်မေးမြန်းခဲ့ခြင်း မရှိကြောင်း ဧရာဝတီ မဂ္ဂဇင်းမှ တာဝန်ရှိသူများက ပြောသည်။

၎င်း အချုပ်ကျနေစဉ်အတွင်း ကျန်ရှိနေသော မိသားစုကိစ္စရပ်များ၊ လိုအပ်သည့် ငွေကြေး ကိစ္စရပ်များကို ဖလားဝါးနယူးစ် ဂျာနယ်တိုက်က တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်ဟု ဖလားဝါးနယူးစ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

“လွတ်သွားပြီဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူ့မှာ အပြစ်မရှိဘဲနဲ့ အချုပ်ထဲမှာ ၂ လနီးပါး နေလိုက်ရတာ တော်တော် ဆိုးတယ်။ အပြစ်တကယ်ရှိလို့ ခံရတယ်ဆိုတော်သေးတယ်” ဟု ရန်ကုန်အခြေစိုက် အလွတ် သတင်းထောက် တဦးက ပြောသည်။