ဂျာနယ် ၂ စောင် တပတ် အပိတ်ခံရ

Wednesday, 07 July 2010 14:13
Print
ဝတ်စားဆင်ယင်မှု အမြင်မတော်သော ဓာတ်ပုံများ ပါရှိသောကြောင့်ဟု ဆိုကာ အပတ်စဉ်ထုတ် ပြည်တွင်း ဂျာနယ် ၂ စောင်ကို စာပေ စိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ပိတ်လိုက်ကြောင်း သတင်းရ ရှိသည်။

Asian Fame Media Group မှ ထုတ်ဝေသည့် ပေါ်ပြူလာဂျာနယ်နှင့် ရုပ်ရှင်နှင့် ဗီဒီယို ဒါရိုက်တာ စင်ရော်မောင်မောင် ထုတ်ဝေသည့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် တပတ်စီပိတ်ပင်ခြင်း ဖြစ်သည်ဟု မီဒီယာ သတင်းရပ်ကွက်မှ သိရသည်။

“နောက်ဆက်တွဲနဲ့ စာပေ စိစစ်ရေးကို တင်ပြီး ဂျာနယ်ထဲ ထည့်လိုက်တဲ့ ပုံတွေမှာ မော်ဒယ်၊ မင်းသမီး ပုံတွေက ဒူးပေါ် ပေါင်ပေါ် ဖြစ်နေတာနဲ့ အဲဒီ ဂျာနယ် ၂ စောင်ကို ၁ ပတ်စီ ထုတ်ဝေခွင့် ပိတ်လိုက်တာ။ စာပေ စိစစ်ရေးကို အသနားခံစာ တင်ရမယ်လို့ ပြောထားတယ်လို့ သိရတယ်” ဟု ရန်ကုန်မှ အယ်ဒီတာ တဦးက ပြောသည်။

Envoy ဂျာနယ်တွင် ဖော်ပြခဲ့သော သရုပ်ဆောင် သဉ္ဇာဝင့်ကျော်၏ ပေါင်ပေါ် နေသော ဓာတ်ပုံကြောင့် ၎င်းဂျာနယ်ကို ထုတ်ဝေခွင့် ယာယီ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ယခုလဆန်းမှ စ၍ သတင်းဂျာနယ်များကို သေချာစွာ ပိုမိုစိစစ် ဖြတ်တောက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောက်ဆက်တွဲ စာမူများ ပြန်မကျမီ ဖြန့်ချိရမည့်ရက်ထက် စော၍ ထုတ်ဝေသည့် ဂျာနယ်များကိုလည်း တင်းကျပ်စွာ အရေးယူမည်ဟူသော သတင်းများ ဂျာနယ်လောကတွင် ထွက်ပေါ်နေသည်။

“အရေးယူတာကတော့ မညီမျှပါဘူး။ 8 Days A Week ဂျာနယ်မှာလည်း ခရစ္စတီးနား ရဲ့ ပုံ တော်တော်ဆိုးရွားတာ ပါလာတယ်။ ဒါပေမယ့် အယ်ဒီတာကို ခေါ်ပြီး သတိပေးတာလောက်ပဲ လုပ်တယ်” ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာ တဦးက ပြောသည်။

ဇွန်လတွင် ၁၃ နှစ်ပြည့်မြောက်ခဲ့သော ပေါ်ပြူလာဂျာနယ်၏ အယ်ဒီတာချုပ်မှာ ကိုမျိုး (မြန်မာစာ) ဖြစ်သည်။ ယခင် အယ်ဒီတာချုပ် ဟိန်းလတ်က ပြီးခဲ့သည့် မေလမှ စ၍ Asian Fame Media Group ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သွားပြီး မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ကော်မတီတွင် ဗဟို အလုပ်မှုဆောင် တဦး ဖြစ်သည်။

စင်ရော်မောင်မောင်က Envoy ဂျာနယ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီး မကြာခင် ဝန်ထမ်းများ နှုတ်ထွက်မှုကြောင့် ရပ်ဆိုင်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆက်လက် ထုတ်ဝေနေသည့် ဂျာနယ်ဖြစ်သည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်တွင်လည်း The Voice ဂျာနယ်နှင့် The First Music News ဂျာနယ်တို့ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ပိတ်ခဲ့သည်။ ပိတ်ရခြင်း အကြောင်းရင်းကို စာပေစိစစ်ရေးက ထုတ်ပြန်ခြင်း မပြုသော်လည်း သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် စာနယ်ဇင်းသမားတဦးတို့ အချင်းများသည့် ကိစ္စနှင့် ပတ်သက်သည်ဟု မီဒီယာ အသိုင်းအဝန်းက ဆိုသည်။

ယခု ပေါ်ပြူလာဂျာနယ်နှင့် Envoy ဂျာနယ်တို့နှင့် ဆိုလျှင် အနုပညာကိစ္စနှင့် ပတ်သက်၍ ပိတ်ပင်ခံရသော ဂျာနယ် ၄ စောင်ရှိပြီဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန်ချိခွင့် ပြုထားသည်။