ဒီမိုကရေစီ ညီလာခံတွင် စစ်အစိုးရကို ကလင်တန် ဝေဖန်

E-mail Print
ကမ္ဘာတလွှားရှိ သဘောထားတင်းမာသော အစိုးရများသည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက ပါဝင်နေသော တက်ကြွလှုပ်ရှားသူများနှင့် ရပ်တည်အားပေးသူများကို “တဖြည်းဖြည်းချင်း ချေမွဖျက်ဆီးနေခြင်း” ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ဝေဖန်လိုက်သည်။

ဒီမိုကရေစီ ဖွံ့ဖြိုးရေးနှင့် အားပေးကူညီရေး အတွက် နည်းလမ်းရှာဖွေရန် နိုင်ငံတကာ သဘောတူညီမှုအဖြစ် ၁၆ နိုင်ငံမှ အဖွဲ့ဝင်များပါဝင်သော “ဒီမိုကရေစီ လူ့အဖွဲ့အစည်း” ၁၀ နှစ်မြောက် နှစ်ပတ်လည် ဖွင့်ပွဲတွင် ကလင်တန်က မိန့်ခွန်း ပြောကြားခြင်း ဖြစ်သည်။

h-clintonပိုလန်နိုင်ငံ၊ ကရာကောမြို့စလိုဝါစကီ ခန်းမ၌ ကျင်းပသည့် ဒီမိုကရေစီရေးရာ အဆင့်မြင့်ညီလာခံတွင် မိန်းခွန်းပြောရာ၌ ရန်လိုသော အစိုးရများအဖြစ် မြန်မာ၊ ဇင်ဘာဘွေ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အီသီယိုးပီးယား၊ ကျူးဘား၊ အီဂျစ်၊ အီရန်၊ ဗင်နီဇွဲလား၊ တရုတ်နှင့် ရုရှား တို့ကို ကလင်တန်က ထည့်သွင်းပြောဆိုသွားသည်။

အမေရိကန်အနေဖြင့် ဒီမိုကရေစီနှင့် လွတ်လပ်မှုရှိရေးအတွက် ထောက်ခံမှုများ ဆက်လက် လုပ်သွားရန် ကိုယ်စားလှယ်များလည်း စေလွှတ်မည်ဟု ကလင်တန်က အတည်ပြု ပြောဆိုခဲ့သေးသည်။

လွတ်လပ်သော နိုင်ငံတခုအတွက် အဓိက သုံးရပ်ရှိကြောင်း၊ ကိုယ်စားပြု အစိုးရ၊ အမှန်တကယ် လွတ်လပ်သော ဈေးကွက်နှင့် လူထု အခြေပြု လူမှုအစည်းများ ဖြစ်ကြောင်း ကလင်တန်က ဆိုသည်။ ကလင်တန်က “ဒါတွေဟာ ဒေါက်တိုင်ကြီး ၃ ခုပါပဲ။ တိုးတက်ပြီး ပြည့်စုံတဲ့ အဆင့်မြင့် နိုင်ငံတခု ဖြစ်လာအောင် ထောက်မပေး၊ ပံ့ပိုးပေးထားတဲ့ ဒေါက်တိုင်တွေ ဖြစ်ပါတယ်” ဟု ပြောသည်။

အိုဘားမား အစိုးရအဖွဲ့သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို ချိုးဖောက်နေသော ကြမ်းတမ်းသည့် အစိုးရများကို ကိုင်တွယ်ရာ၌ ပျော့ပြောင်းလွန်းသည်ဟု တချို့က ဝေဖန်ကြသည်။

“ဒီမိုကရေစီ ကင်းမဲ့သော အစိုးရများနှင့် တွေ့ဆုံ ညှိနှိုင်းရေး” ဟူသော အိုဘားမား၏ မူဝါဒကို အစောပိုင်းတွင် နိုင်ငံတကာ အသိုင်းအဝန်းက ကြိုဆိုခဲ့ကြသော်လည်း ယခုအထိ မဆိုစလောက် ရလဒ်သာ ရှိသေးသည်ဟု ဝေဖန်သူများက ထောက်ပြသည်။

“ဒီမိုကရေစီ အစိုးရတွေက ပြည်သူလူထုကို ကြောက်မနေရပါဘူး။ နိုင်ငံသားများ အတူတကွ လွတ်လပ်ဖို့၊ ထောက်ခံရပ်တည်ဖို့နဲ့ အားပေးအားမြှောက်ဖို့ အသိအမှတ်ပြုထားပါတယ်” ဟု ကလင်တန်က ဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ ၂၀၀၈ နာဂစ် ဆိုင်ကလုန်း တွင် အကူအညီပေးခဲ့ကြသော တက်ကြွလှုပ်ရှားသူများနှင့် လူထု အခြေပြု လူမှုအစည်းများ အကြောင်းလည်း ထုတ်ဖော်ပြောဆိုသွားသည်။

“သူတို့ တိုင်းပြည်တွေမှာ အုပ်ချုပ်နေသူတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတာမျိုး မဟုတ်ပါဘူး။ ပြည်သူတွေ လိုအပ်နေတာတွေကို ရိုးရိုးရှင်းရှင်း ကူညီနေကြတာပါပဲ။ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကာလမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုကူညီလို့ ထောင်သွင်း အကျဉ်းချခံရတဲ့ မြန်မာ တက်ကြွလှုပ်ရှားသူတွေ လိုမျိုးပေါ့။ တချို့ လှုပ်ရှားသူများကလည်း သူတို့ အစိုးရကိုယ်နှိုက်က အမြစ်ဖြုတ်ချင်ပါတယ်လို့ ကြွေးကြော်ထားတဲ့ လာဘ်ပေး လာဘ်ယူမှုတွေကို မြင်သာအောင် ထုတ်ဖော်ပေးကြတာပါပဲ။ သူတို့ ခုခံနေရတာက သူတို့အမှားအတွက် မဟုတ်ဘဲ အစိုးရတွေ ကိုယ်တိုင်က လုပ်ခဲ့တာတွေ အတွက်သာ ဖြစ်ပါတယ်။ သူတို့ လုပ်ခဲ့တဲ့ ကောင်းမွန်တဲ့ လုပ်ရပ်လို့ ခေါ်ရမယ့် ကိစ္စတွေကို လုပ်ခွင့် မရှိလို့သာ ဖြစ်ပါတယ်။ ဒါတွေကို အစိုးရက ဆောင်ရွက်ခွင့် မပေးတာ၊ ခွဲထုတ်ပစ်တာတွေဟာ အခြေခံ ဒီမိုကရေစီစံနှုန်းကို စော်ကားခြင်း တမျိုးပါပဲ” ဟု ကလင်တန်က ပြောသွားသည်။

မြန်မာနိုင်ငံမှ ဒေါက်တာ ခင်ဇော်ဝင်း တက်ရောက်ပြီး မြန်မာပြည်အတွက် အကူအညီများပေးရန် တောင်းဆို တိုက်တွန်းသည်။

“ဒီမိုကရေစီရေး လှုပ်ရှားသူများ” ဆွေးနွေးပွဲ စကားဝိုင်းတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲ၊ ရှည်ကြာနေသော ပြည်တွင်းစစ်နှင့် တိုင်းရင်းသား အုပ်စုများကို ထည့်သွင်း ပြောဆိုသွားသည်။  

ဒေါက်တာ ခင်ဇော်ဝင်းက “မြန်မာပြည်တွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်” ဟု ဆိုသည်။ မြန်မာပြည်တွင် အရပ်ဖက် အဖွဲ့အစည်းအတွက် နေရာရှိကြောင်းလည်း ပြောသည်။

စီးပွားရေး ပိတ်ဆို့မှုကို ဝေဖန်ပြီး လာမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောဆိုသည့်အတွက် မြန်မာ့အရေး လှုပ်ရှားသူများက ဤကဲ့သို့သော ညီလာခံမျိုးသို့ သူရောက်ရှိနေသည်ကိုပင် အံ့အားသင့်နေခဲ့ကြသည်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) မှ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ  ဇိုယာဖန်း ကလည်း တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ချွတ်ယွင်းချက်များ၊ မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့မှုများနှင့် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို မလွှတ်ပေးသည့် ကိစ္စများနှင့် ပတ်သက်ပြီး ဒေါက်တာ ခင်ဇော်ဝင်း ထည့်သွင်း ပြောဆိုခြင်း မရှိသဖြင့် စိတ်ပျက်မိသည်ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ဒေါက်တာ ခင်ဇော်ဝင်းသည် ညီလာခံသို့ တက်ရောက်သော်လည်း ပြည်တွင်း ဒီမိုကရေစီ လိုလားသူများ၏ သဘောထားကို ထင်ဟပ်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ကန့်ကွက်သည့် အနေဖြင့် ပြည်တွင်း ဒီမိုကရေစီ လှုပ်ရှားသူများက စုပေါင်း လက်မှတ် ရေထိုးထားသည့် ကန့်ကွက်စာတစောင် ဇွန်လ ၂ ရက်နေ့က ပေးပို့ထားသည်ဟု NLD ခေါင်းဆောင် ဦးတင်ဦးက အတည်ပြု ပြောကြားကြောင်း သိရသည်။

မစ္စ ကလင်တန်က တရုတ်နှင့် အခြားနိုင်ငံများကိုလည်း ဝေဖန်ခဲ့သည်။

“ဗင်နီဇွဲလား ခေါင်းဆောင်တွေဟာ တာဝန်ယူမှု ကင်းတာကို ဝေဖန်တဲ့ လွတ်လပ်တဲ့ အသံတွေကို နှုတ်ဆိတ်အောင် ကြိုးပမ်းနေတယ်” ဟု ကလင်တန်က ဆိုသည်။

ရုရှနှင့် ပတ်သက်၍လည်း “ရုရှမှာ ဥပဒေစိုးမိုးရေး၊ စာနယ်ဇင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပစ်မှတ်ထား လုပ်ကြံနေတာ တားဆီးရေး ကြေညာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီရာဇဝတ်မှုတွေကို ခုထိ တခုမှ မဖြေရှင်း နိုင်သေးပါဘူး” ဟု ကလင်တန်က ပြောသွားသည်။

ကလင်တန်က တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ထောက်ပြသွားသည်။ “လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် တောင်းဆိုတဲ့ စာတမ်းကို ပူးတွဲရေးသားလို့ ထောင် ၁၁ နှစ် အချခံရတာမျိုး ပေါ်ပေါက်နေတဲ့ တရုတ်မှာ လူထုအခြေ လူမှုအဖွဲ့အစည်းနဲ့ ပတ်သက်လို့ စေ့စပ် ညှိနှိုင်းဆဲပါ။ အစိုးရတွေဟာ လူထုအခြေပြု လှုပ်ရှားသူတွေကို လုပ်ဖော်လုပ်ဖက်အဖြစ် မမြင်ဘဲ ဆန့်ကျင်ရေးသမားတွေ အဖြစ် မြင်နေတယ်” ဟု ကလင်တန်က ဆိုသည်။

ပိုလန် နိုင်ငံခြားရေး ဝန်ကြီး ရာဒေါ့စလော် စီကော်စကီ က အဖွင့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထည့်သွင်းပြောသွားသည်။

ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး လော့ရင့် ကန်နွန်၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ နှင့် စပိန်၊ ဆွီဒင်၊ ချီလီနှင့် တောင်ကိုရီးယားမှာ ဝန်ကြီးများလည်း ညီလာခံသို့ တက်ရောက်ပြီး “ဒီမိုကရေစီ လမ်းစ ပျောက်နေသလော၊ ဘာဆက်လုပ်ကြမည်နည်း” ဆိုသည့် ဆွေးနွေးဝိုင်းကိုလည်း တက်ရောက်ကြသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက အစိုးရနှင့် အရပ်ဖက် အဖွဲ့အစည်းများသည် ဒီမိုကရေစီ တန်းဖိုးနှင့် အခင်းအကျင်းများ အားကောင်းစေရေးအတွက် လက်တွဲဖော်များသာ ဖြစ်သင့်သည်ဟု ပြောသည်။ မီဒီယာ၊ အရပ်ဖက် လူ့အဖွဲ့အစည်း၊ အစိုးရနှင့် လွှတ်တော်သည် ဒီမိုကရေစီ ပန်းတိုင်အတွက် တခရီးတည်းသွားသူများ ဖြစ်သင့်ကြောင်းလည်း ဆက်လက်ပြောသည်။

အရှေ့တောင်အာရှတွင် အာဏာရှင် အစိုးရများသည် အရပ်ဖက် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် လက်တွန့်ကြပြီး ပိတ်ပင်တားဆီးခြင်း၊ ခြေမှုန်းရန် အခွင့်မသာလျှင် စည်းမျဉ်းဥပဒေများဖြင့် ထိန်းချုပ်ခြင်းများကိုသာ ပြုလုပ်နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်