ကြံ့ဖွံ့အသင်း ဖျက်သိမ်းမည်

Friday, 16 July 2010 19:16
Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ကို တဆင့်ချင်း ဖျက်သိမ်း တော့မည်ဟု သိရသည်။

လူမှုရေး အသင်း အမည်ခံ ထားသည့် USDA အသင်းကို ဖျက်သိမ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အဖြစ် ဆက်လက် ရပ်တည်တော့မည်ဖြစ်ကြောင်း၊ အသင်းကို ဇူလိုင်လ ၆ ရက်နေ့မှ စ၍ ဖျက်သိမ်းပြီး အသင်းပိုင်ပစ္စည်းများကို ပါတီသို့ အပြီးအပိုင်လွှဲပြောင်း ပေးသွားဖြစ်ကြောင်း USDA အသင်းမှ ရုံးအဖွဲ့မှူး သူရ ဦးမြင့်ဦးကို ကိုးကား၍ ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက “ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရရှိတဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံပိုင် ပစ္စည်းတွေ ဖြစ်ခဲ့မယ်ဆိုရင်၊ ပါတီက ဆက်အသုံး ပြုမယ်ဆိုရင် ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ မကိုက်ညီဘူး”ဟု ပြောကြားသည်။

ရှေ့နေကြီး တဦးကမူ USDP ပါတီအဖြစ် ရပ်တည်သွားမည်ဟု ဆိုသော်လည်း USDA အသင်းသည် လုံးဝ ပျောက် ကွယ် သွားနိုင်မည် မထင်ကြောင်း၊ နအဖ စစ်အစိုးရ၏ လှည့်ကွက်တခုလည်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

“ကြံ့ဖွံ့ခေါင်းဆောင်ဆိုတာတွေက ကိုယ်ထုတ်တဲ့ ဥပဒေကို ကိုယ် ချိုးဖောက်နေကြတဲ့အတွက် ဥပဒေနဲ့အညီ တရားစွဲ လို့ရတယ်”ဟု ၎င်းက ဆိုသည်။

USDA ၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ခွဲခြားမှု ရှင်းရှင်းလင်းလင်း ရှိစေရန် မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ဇူလိုင်လ အစောပိုင်းတွင် စာရင်းပြုစု ပေးနေကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် စည်ပင်ပိုင်ငွေများကို USDP အမည်ခံ၍ ရန်ကုန်ရှိ မြို့နယ်များတွင် လမ်းခင်းခြင်း၊ ရေတွင်းများတူးပေးခြင်း၊ ရပ်ကွက်အချို့တွင် အိမ်ဆောက်ပေးခြင်းပြုလုပ်ပြီး ထိုသို့ လုပ်ဆောင်ပေး သည့်အတွက် ရွေးကောက်ပွဲတွင် USDP အား မဲပေးကြရန် မကြာခဏ ပြောကြားလေ့ရှိကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် တချို့တွင် ကြံ့ဖွံ့အသင်းဝင်များက ငွေကြေးချို့တဲ့ သူများနှင့် လယ်သမားများကို ငွေထုတ်ချေး၍ စည်းရုံး နေကြောင်းလည်း သိရသည်။

ရန်ကုန်မြို့ ရန်ကင်းနှင့် ရန်ကုန် တောင်ပိုင်းခရိုင်ရှိ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့တွင် ငွေကြေးချို့တဲ့သူများနှင့် လယ်သမားများကို USDP ကိုယ်စားလှယ် ဖြစ်လာဖွယ်ရှိသည့် ကြံ့ဖွံ့ အသင်းဝင်များနှင့် ရပ်ကွက် လူကြီးများက ထိုသို့ ငွေထုတ်ချေး စည်းရုံးနေခြင်း ဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံများ လေးစားသော လူပုဂ္ဂိုလ်များကို ပါတီလူကြီး များအဖြစ် ရွေးချယ်တင်မြှောက်၍ ထိုလူကြီးများမှတဆင့် ပါတီဝင် စုဆောင်းရေး လုပ်ဆောင်မှုများလည်း ရှိကြောင်း သိရ သည်။

စစ်တွေမြို့ဒေသခံတဦးက“ကျနော်တို့ ရခိုင်ပြည်နယ်ထဲကမြို့တွေ ရွာတွေမှာ ကြံ့ခိုင်ရေးပါတီက လမ်းတွေခင်းပေး တယ်။ရေတွင်းတွေ တူးပေးတယ်။ တခါတလေမှာ ငွေနဲ့ အ၀တ်အထည်တွေကိုပါ ပေးတယ်။ သူတို့ပါတီကို မဲပေးဖို့ အတွက်လည်း အမျိုးမျိုး မက်လုံးတွေပေးပြီး စည်းရုံးနေတာ တလနီးပါးရှိပြီ”ဟု ပြောသည်။

ယင်းသို့ ဒေသခံများ၏ ယုံကြည်လေးစားရသူများ ပါဝင်သည့်အတွက် USDP ပါတီဝင်ရန်နှင့် မဲပေးရန် အခြေအနေ ရှိနေ သည်ဟုလည်း ရခိုင်ဒေသခံများက ပြောသည်။

USDA အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ် သက်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

ယခု အခါ တနိုင်ငံလုံးရှိ USDA အသင်းဝင်ဦးရေမှာ ၂၃ သန်းကျော်ရှိကြောင်း စစ်အစိုးရသတင်းများတွင် ဖော်ပြသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီးများ၊ အရာရှိ ကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ USDPပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့အချိန်အထိ ပါတီဝင်အင်အား တင်ပြသည်ကို မတွေ့ရှိရသေးပေ။