ဆင်ဖြူတော် နေပြည်တော်ကို သယ်ပြီ

Monday, 02 August 2010 15:47
Print
ရခိုင်ပြည်နယ် မောင်းတော မြို့နယ်အတွင်း လွန်ခဲ့သည့် ဇွန်လက ဖမ်းဆီး ရမိခဲ့သော ဆင်ဖြူ တကောင်ကို ယမန်နေ့က နေပြည်တော်သို့ သယ်ဆောင် သွားပြီ ဖြစ်သည်။

“ဇူလိုင် ၃၁ ရက်နေ့က စစ်တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး ကိုယ်တိုင်လာပြီး ဒီက မြို့နယ် သံဃ မဟာနယက ဆရာတော်တွေကို ဆင်ဖြူ ပင့်မယ့်အကြောင်း လျှောက်ထားတယ် ၊ မနေ့မနက် ၉ နာရီမှာတော့ စစ်ရေယာဉ်နဲ့ တောင်ကုတ်ကို သယ်သွားပြီ၊ တောင် ကုတ်ကနေ နေပြည်တော်ကို ကားနဲ့သယ်မယ်လို့ သိထားရတယ်"ဟု မောင်းတော မြို့နယ် သံဃ မဟာ နယက ဆရာတော် တပါး က ဧရာဝတီသို့ မိန့်ကြားသည်။

ထိုဆင်ဖြူကို ရခိုင်ပြည်နယ် မောင်းတော မြို့နယ် ဖားဝပ်ချောင်း ကျေးရွာအနီးမှ သစ်တာရေးရာ ၀န်ကြီးဌာနက ဇွန်လ ၂၆ ရက်နေ့ က ဖမ်းဆီး ရမိခဲ့ပြီးနောက် ဘူးသီးတောင် မြို့နယ်ရှိ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) တပ်ဝင်း အတွင်း ထားရှိကာ ယဉ်ပါးရန် လေ့ကျင့် ပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင် မြို့ခံတဦးက "အဲဒီ ဆင်ဖြူမမှာ သားလေး တကောင် ပါတယ်လေ။ ဘူးသီး တောင်ကို ရောက်ပြီး သူ့သားလေးနဲ့ ခွဲထားတော့ သူက သုံးလေး ငါးရက်လောက် အစာ မစားဘူး။ အခုတော့ သစ်တော ဌာနက လူတွေ ကျင့်ပေးတာနဲ့ တော်တော် ယဉ်နေပါပြီ"ဟု ပြောသည်။

မြန်မာဘုရင် အဆက်ဆက် ဆင်ဖြူကို အလွန်တန်ဖိုးထားလေ့ရှိကာ ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ ခံယူခြင်း ၊ မင်းကောင်း မင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်လည်း ထိုသို့သော ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း မောင်းတော မြို့နယ် သံဃမဟာနယက ဆရာတော်က မိန့်သည်။

“နေပြည်တော်ကို ပြောင်းပြီးမှ ဆင်ဖြူတကောင်မှ မရသေးဘဲ ၊ ရွေးကောက်ပွဲကျင်းပမယ့် ဒီနှစ်မှ ဆင်ဖြူရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး က အရမ်းဝမ်းသာနေတယ်လို့ တိုင်းမှူးက ပြောသွားတယ်"ဟု ၎င်းက မိန့်ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဆင်ဖြူတော် ရှာဖွေရေးကို စီမံကိန်းဖြင့် ၁ နှစ်ကြာရှာဖွေခဲ့ပြီးနောက် အရပ် ၇ပေ ၄ လက်မ ၊ လုံးပတ် ၁၀ ပေ ၁၁ လက်မ ၊ အသက် ၃၈ နှစ် ခန့်ရှိ အဆိုပါ ဆင်ဖြူမကို မောင်းတောမြို့နယ်အတွင်းမှ ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းမှ ယခု ဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင် ဖမ်းဆီးမိပြီးဖြစ်သည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင် ဖမ်းဆီးရမိ ခဲ့ပြီး ရန်ကုန်မြို့မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များတည်ဆောက်ကာ ထားပေးခဲ့သော်လည်း ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ထိန်းသိမ်းလိုက်သည့် ၂၀၀၄ ခုနှစ်မှစ၍ ယင်းဆင်ဖြူများသည်လည်း လျစ်လျူရှုခံထားရကြောင်း သိရသည်။

“အရင်သုံးကောင်ကတော့ ရန်ကုန်မှာပဲ ၊ အခုဆင်ဖြူမ ကတော့ နေပြည်တော်မှာ သူကောင်းပြုခံရမှာပဲ ၊ နေပြည်တော် ရောက်မှ နေ့ကောင်း ရက်မြတ်ရွေးပြီး  ဆင်ဖြူ ဘိသေက မင်္ဂလာတွေ ဘာတွေ လုပ်ဦးမယ်တဲ့"ဟု မောင်းတောမြို့နယ် သံဃာ့ မဟာ နာယ က ဆရာတော်က မိန့်ဆိုသည်။