လွတ်လပ်ရေးနေ့ အကြို NLD ဈေးရောင်းပွဲ ကျင်းပမည်

Thursday, 30 December 2010 16:02
Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွှေဂုံတိုင် ရုံးချုပ်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ထောက်ပံ့နိုင်ရေး အတွက် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

female-supporter-nld“ဇန်န၀ါရီ ၂ ရက်ကနေ ၄ ရက်နေ့ မနက်ပိုင်းအထိ ဈေးရောင်းပွဲ လုပ်သွားမယ်။ ၄ ရက်နေ့ နေ့ခင်းပိုင်းကစပြီး လွတ်လပ်ရေး နေ့အခမ်းအနားနဲ့ ဟောပြောပွဲတွေ ဆက်လုပ်သွားမယ်”ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

အဆိုပါ ဈေးရောင်းပွဲတွင် မည်သူမဆို လာရောက်၍ ဈေးရောင်းချနိုင်ကြောင်း၊ ရောင်းချရမည့် ကုန်ပစ္စည်းအပေါ်တွင်လည်း ကန့်သတ်ချက်မရှိကြောင်း သိရသည်။

NLD ရန်ကုန်တိုင်း အမျိုးသမီး အဖွဲ့ဝင် ဒေါ်ဝေေ၀သိန်း က“တရားဝင်ပစ္စည်းမှန်သမျှ ရောင်းချလို့ရတယ်။ အဲဒီက ရတဲ့ အမြတ်ကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့ HIV/AIDS ဝေဒနာရှင်တွေကို ပြန်လှူဖို့ပါ။ ဒီလို ဈေးရောင်းပွဲကျင်းပရတာကလည်း သူတို့အတွက် ရန်ပုံငွေ  ရှာတဲ့ သဘောပါ”ဟု ပြောသည်။

ထိုဈေးရောင်းပွဲတွင် လာရောက်ရောင်းချမည့်သူများသည် ၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့နှင့် ၃၁ ရက်နောက်ဆုံးထား၍ ရွှေဂုံတိုင်  ရုံးချုပ် ဗဟို အမျိုးသမီးအဖွဲ့ဝင် မအေးအေးမာ ထံသို့ လာရောက်စာရင်းပေးနိုင်ကြောင်း သိရှိရသည်။

“ပါတီရုံးချုပ်အတွင်းနဲ့ ရှေ့မျက်နှာစာမှာ ဆိုင်ခန်းတွေ ဖွင့်ပြီး ရောင်းချသွားမယ်။ တိုင်းနဲ့ပြည်နယ်က အဖွဲ့ဝင်တွေလည်း လာရောင်းကြမယ်။ အစားအသောက် ၊ အ၀တ်အထည် ၊ အမှတ်တရပစ္စည်း အစုံပါမယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် ၁၉၉၄ ခုနှစ်မှစတင်ကာ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့မှု ပေးခဲ့ပြီး ယခုအခါ ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ထောက်ပံ့ငွေ ပိုမိုပေးအပ်နိုင်ရေးအတွက် ယခုကဲ့သို့ ဈေးရောင်းပွဲတော်ကျင်းပ၍ ရန်ပုံငွေ ရှာရခြင်းဖြစ်ကြောင်း သိရသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များကလည်း ၂၀၀၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို စစ်အစိုးရက အာဏာလွဲအပ်ခြင်းမရှိဘဲ၂၀၁၀ ရွေးကောက်ပွဲ ထပ်မံကျင်းပ ခဲ့ရာ NLD ပါတီက ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLDနှင့်အခြား ၁၀ ပါတီကို စက်တင်ဘာ ၁၄ ရက်တွင် တရားမ၀င်တော့ကြောင်း ကြေညာခဲ့ရာ NLD ပါတီက ၄င်း၏ တရားဝင်မှုအတွက် နအဖ စစ်အစိုးရကို တရားရင်ဆိုင်လျက် ရှိသည်။