ချင်းပြည် ကပ်ဆိုက်ဆဲ

Wednesday, 14 January 2009 18:52
Print
စားနပ်ရိက္ခာ ပြတ်လပ်နေသော ချင်းပြည်နယ်သို့ အကူအညီ ပေးရေးအဖွဲ့များ သွားရောက် ကူညီနေကြပြီ ဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ရိက္ခာ ဖြန့်ဖြူးရေး နှောင့်နှေးနေသည်ဟု သိရသည်။

“အခုက လမ်းမပွင့်သေးဘူး။ တရွာနဲ့ တရွာနဲ့ ကားလမ်းတွေကို ရွာသားတွေ ဖောက်တယ်။ တံတားတွေ မဆောက်သေးတာကြောင့် ကားတွေက သွားလို့ မရဘူးလေ။ အဲဒီတော့ ဆန်သယ်ဖို့က ခက်ခဲနေတာ”ဟု အကူအညီပေးရေး အဖွဲ့တခုဖြစ်သော Country Agency For Rural Development (CAD) အဖွဲ့မှ ညွှန်ကြားရေးမှူး ကိုဝင်းလှိုင်ဦးက ဧရာဝတီသို့ ပြောပြသည်။

မြို့နှင့် အနီးဆုံးကျေးရွာမှာ  မိုင် ၃၀ ဝေးကွာကြောင်း၊ CAD အဖွဲ့သည် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ထန်တလန်၊ မတူပီ သုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၅၀ ကို သွားရောက် ကူညီရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ ယခုအချိန်အထိ ၎င်းတို့အဖွဲ့အနေဖြင့် ကျေးရွာ ၂၀ သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“မတ်လ ဆိုရင် ရွာ ၅ဝ လုံး လက်လှမ်းမီနိုင်မယ်၊  ရိက္ခာမရှိတဲ့ ရွာတွေက တခြားရှိတဲ့ရွာတွေကနေ ချေးငှားပြီးတော့ စားကြတယ်။ သီးနှံပေါ်မှ ပြန်ဆပ်မယ် ဆိုပြီးတော့။ တရွာနဲ့တရွာ ကူညီကြတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ဆန်ဝယ်ယူခွင့်၊ ဆန်သယ်ခွင့်များကို အာဏာပိုင်တို့က ခွင့်ပြုသည်ဟု CAD ညွှန်ကြားရေးမှူး ကိုဝင်းလှိုင်ဦးက ဖြည့်စွက်ပြောကြားသည်။

မီဇိုရမ် အခြေစိုက် ချင်းတိုင်းရင်းသားများ ကူညီကယ်ဆယ်ရေးအဖွဲ့ (Chin Famine Emergency Relief Committee) ကလည်း ချင်းပြည်နယ်ရှိ လူဦးရေ ငါးသိန်းရှိသည့် အနက် တသိန်းခန့်မှာ အစာရေစာရှားပါးသည့် ပြဿနာကို ရင်ဆိုင်ခဲ့ရပြီး အဆိုပါပြဿနာမှာ ၂၀၀၇ ခု ဒီဇင်ဘာလမှ စတင်ခဲ့ကြောင်းနှင့် ရိက္ခာပြတ်သည့် လူအများစုမှာ သစ်သီးသစ်ဥနှင့် ဟင်းသီး ဟင်းရွက်များကို စားသောက်၍ အသက်ဆက်နေရကြောင်း ပြောသည်။

ချင်းပြည်နယ်၌် လူအများစိုက်ပျိုးထားသော စိုက်ခင်းအတွင်းရှိ သီးနှံများကို ကြွက်များ ဝင်ရောက်စားသောက် ဖျက်ဆီးခဲ့ရာမှ အစာရေစာ ရှားပါးသည့် ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။

ဤကပ်ဘေးသည် ချင်းပြည်နယ်တွင် လွန်ခဲ့သော နှစ် ၅၀ ခန့်က တကြိမ် ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ ဝါးအပွင့်များကို စားသုံး၍ကြွက်များ ပိုမိုမျိုးပွားလာကာ ဆန်စပါးစိုက်ခင်းများနှင့် သီးနှံ စိုက်ခင်းများကိုဝင်ရောက် ဖျက်ဆီးမှုကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ကြွက်များ၏ဖျက်ဆီးမှုအပြင် ပြီးခဲ့သည့်နှစ်အတွင်း ချင်းပြည်နယ်တွင် မိုးခေါင်ရေရှားမှုကြောင့် သီးနှံအထွက်နှုန်း အလွန်အမင်း နည်းပါးခဲ့ရသည်။     ။