စက်မှု (၂) ထုတ် ကားဝယ်လျှင် ထောက်ခံစာ လိုမည်

Thursday, 24 March 2011 17:01
Print
တရုတ်နိုင်ငံနှင့် ပူးပေါင်း စမ်းသပ်ထုတ်လုပ် လျက်ရှိသော အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ Myanmar Mini(Cherry Wagon) ကား များကို အစိုးရအရာရှိများအား ရောင်းချပေးမည်ဖြစ်သော်လည်း အပြင်လူများအနေဖြင့် အစိုးရ၀န်ထမ်းအကြီးအကဲ၏ ထောက်ခံစာ လိုအပ်ကြောင်း တာဝန်ရှိသူ တဦးက ဆိုသည်။

mm-cherry-wagonပြည်တွင်း စက်မှုဇုန်ထုတ် ကားများကို ကျပ် သိန်း၃၀၀ ဖြင့် ရောင်းချနေသည့်အတွက် အဆိုပါ Cherry Wagon ကားများကို ကျပ်  ၅၅ သိန်းဖြင့်ရောင်းချပေးမည့် သတင်းကြောင့် ဝယ်ယူလိုသူများ စိတ်ဝင်စားလျက်ရှိနေကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ ကား ၀ယ်ရောင်း အကျိုးဆောင် တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန် ၁၈ ခု၌ ပြည်တွင်း ကားထုတ်လုပ်မှု လုပ်ငန်းပေါင်း ၃၀၀ ခန့်ရှိပြီး အမှတ်(၂)စက်မှုဝန်ကြီး ဌာနနှင့် ပုဂ္ဂလိ က ကုမ္ပဏီများမှ တနှစ်လျှင် ကားအစီးရေ တသောင်း ကျော် ထုတ်လုပ်ပေးလျက် ရှိသည်ဟု သိရသည်။

အဆိုပါ Cherry Wagon ကားများကို တရုတ်နိုင်ငံမှတင်သွင်း၍ အမှတ်(၂)စက်မှုဝန်ကြီးဌာန(စက်မှု ၂)ရှိ မော်တော်ယာဉ် တပ်ဆင် ရေးစက်ရုံတွင် တပ်ဆင်ပြီး ရောင်းချပေးမည်ဖြစ်ကာ ၀ယ်ယူလိုသူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း စက်မှု(၂)မှ တာဝန်ရှိသူ တဦးက ပြောသည်။

“Cherry Wagon ကားတွေကို ၅၅ သိန်းနဲ့ ရောင်းပေးတယ် ဆိုပေမယ့် အိမ်တော်(နေပြည်တော်)ကို ရောင်းပေးတဲ့ဈေးပါ။ အပြင် လူ လျှောက်ထားမယ်ဆိုရင် အစိုးရဝန်ထမ်းထဲက လူကြီးတဦးရဲ့ထောက်ခံစာ လိုအပ်မယ်”ဟု စက်မှု(၂) ကား အရောင်း စင်တာမှ ဝန်ထမ်း တဦးကလည်း ပြောဆိုသည်။

လက်ရှိတွင် Cherry Wagon မော်တော်ယာဉ် အစီး ၃၀ ထုတ်လုပ်ပြီးဖြစ်၍ အစိုးရအကြီးအကဲများကို ရောင်းချပေးလျက်ရှိပြီးအရပ် သားများ လျှောက်ထားမည်ဆိုပါက အချိန်ကာလကြာမြင့်မည် ဖြစ်ကြောင်း၊ Cherry Wagon ကားများဝယ်ရန် ကမ္ဘာအေး ဘုရား လမ်း စက်မှု(၂)ရုံးရှိ အရောင်းစင်တာတွင် လျှောက်လွှာများလက်ခံလျက်ရှိပြီး လျှောက်ထားသူဦးရေ ၇၀၀ ကျော်ရှိကြောင်း သိရှိရ သည်။

မကြာသေးခင်က နေပြည်တော်၌ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ် ဉာဏစိုးက ပြည်တွင်း စက်မှုဇုန်များက ကား ထုတ်လုပ်နေသော်လည်း အဆင့်မီကားတစီးလျှင် ကျပ် သိန်း ၃၀၀ ၀န်းကျင် ဖြစ် နေ ၍ လူလတ်တန်းစားများ လက်လှမ်းမီရန် ခက်ခဲနေသည့် အနေအထား ဖြစ်နေကြောင်း ပြောဆိုမေးမြန်းခဲ့သည်။

ယင်း မေးမြန်းချက်နှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်းက ယာဉ်နှင့် စက် ပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းတွင်အသုံးပြုသည့် ယန္တရားများ၊ ကုန်တင်ယာဉ်ကြီးများ၊ ဘတ်စ်ကားကြီးများကို ဦးစားပေးအဆင့်နှင့် ရက်သတ္တပတ်တပတ်လျှင် အစီး ၁၀၀ ကျော်နှင့်တလလျှင် အစီး ၅၀၀ ခန့် တင်သွင်းခွင့်ပေးလျက် ရှိကြောင်း အိမ်သုံး လူစီးကားများတင်သွင်းခွင့်ကို ကန့်သတ်ထားပြီး ပြည်တွင်းထုတ်လုပ်မှုကို အားပေးမြှင့်တင်လျက်ရှိကြောင်း ပြန် လည်ဖြေဆိုထားသည်။

စက်မှု(၂)၀န်ကြီးဌာနမှ ကားများကို လွန်ခဲ့သော နှစ်များစွာကတည်းက ထုတ်လုပ်ရောင်းချလျက်ရှိပြီး စက်မှုဇုန်များမှ ကားများကို ၁၉၉၇ ခုနှစ် ၀န်းကျင်က စတင် ထုတ်လုပ်ရောင်းချကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ ကားတင်သွင်းခြင်းကို ၁၉၉၇ အထိသာခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ပြည်တွင်းစက်မှုဇုန်များတွင် ပြည်ပမှ ကား အပိုပစ္စည်းများ တင်သွင်း၍ တပ်ဆင်ရောင်းချလျက် ရှိသည်။

အမှတ်(၂)စက်မှု ၀န်ကြီးဌာန မှ ၀ယ်ယူ သုံးစွဲလျက်ရှိသည့် Myanmar Double Cab နှင့် SUV ကားများသည် လက်ရှိ အချိန်တွင် ရောင်းအားကျဆင်းလျက်ရှိပြီး ကားများကို အခမဲ့ စစ်ဆေးပေးခြင်းနှင့် ဆီစစ်လဲလှယ်ခြင်းများကို ပြုလုပ်ပေး၍ ရောင်းအားမြင့် တက် လာစေရန် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

အမှတ်(၂) စက်မှုဝန်ကြီးဌာနသည် ကား ဖက်စပ် ထုတ်လုပ်မှုကို မြန်မာနိုင်ငံတွင် ၁၉၇၀ ၀န်းကျင်ကာလက ဂျပန်နိုင်ငံ မာဇဒါ  ကုမ္ပဏီနှင့် လည်းကောင်း၊ ၁၉၉၀ ၀န်းကျင်ခန့် က တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီနှင့် လည်းကောင်း၊ ၂၀၀၃ ခုနှစ် ၀န်းကျင် ခန့်က ဂျပန်နိုင်ငံ ဆူဇူကီး ကုမ္ပဏီနှင့်လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် တရုတ်ကုမ္ပဏီ တခုဖြင့်လည်းကောင်း ဖက်စပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။