ထိုင်း မှောင်ခိုပစ္စည်း ပိတ်ပင်မှု ပြန်လည်ရုပ်သိမ်း

Friday, 08 April 2011 18:44
Print
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ထိုင်းကုန်ပစ္စည်းများ တရားမ၀င် တင်သွင်းနေခြင်းအား မြန်မာအာဏာပိုင်များက တလခန့် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး တချို့ပြန်လည်ကောင်းမွန်လာသည်ဟု ကုန်သည်များက ပြောသည်။

myawaddy-mae-sot-border-tradeနေပြည်တော် အမိန့်ဖြင့် မတ်လ ၉ ရက်နေ့က ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်သို့ မှောင်ခိုတင်ပို့မှုများကို ပိတ်ပင်ထား ရာမှ မတ်လကုန်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်မှပြန်လည်ခွင့်ပြုပေးမှုကြောင့် ထိုင်းနိုင်ငံထုတ်လူသုံးကုန်၊ စားသုံးကုန်များကို နှစ်နိုင်ငံကုန်သည်များက နေ့ည မပြတ် တင်သွင်းလျှက်ရှိသည့်အတွက် သင်္ကြန်ကာလမတိုင်မီ ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံအတွင်း ထိုင်း စားသောက် ကုန်ပစ္စည်းဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း မြန်မာကုန်သည်များက ပြောဆိုကြသည်။

ရန်ကုန်မှ စားသောက်ကုန် တင်သွင်းသည့် မြန်မာကုန်သည်တဦးက“ထိုင်းစားသောက်ကုန်တွေက ဈေးကွက်ပြတ်ပြီး အဆ မတန် ဈေးတက်နေရာကနေ မြ၀တီလမ်းကနေ ပစ္စည်းတွေ ပြန်ဝင်တော့ ဈေးကအများကြီးကိုပြန်ကျသွားတယ်၊ ဒီ သင်္ကြန်မှာ ဈေးတက်မယ်လို့ထင်ထားတဲ့ ထိုင်းကုန်တွေထဲက သံဘူးဘီယာဆိုရင် တဖာကို ကျပ်လေးရာ နီးနီးဈေးကျ
သွားတယ်၊ အခြားစားသောက်ကုန်တွေလည်း ဒီအတိုင်းပဲ မြ၀တီလမ်းကိုသာ တရားဝင်ပြန်ဖွင့်ခဲ့ရင် ဒီထက်မက ဈေးနှုန်း တွေ ထပ်ကျဖို့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သင်္ကြန်ကာလအမီ ကုန်သည်များ အဓိကတင်သွင်းနေသည့် ထိုင်းစားသောက်ကုန်များထဲတွင် အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံ၊ ဘီယာမျိုးစုံ၊ အချိုမှုန့်နှင့် စားအုန်းဆီများကို တင်သွင်းလျှက်ရှိကြောင်း သိရသည်။

မြန်မာ အာဏာပိုင်များက မြ၀တီနယ်စပ်ကုန်သွယ်ရေးကိုပိတ်ကာ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ နေရာတွင် တရုတ်နိုင်ငံ ထုတ်ကုန်များနှင့် အစားထိုးတင်သွင်းခွင့်ပြုထားသော်လည်း အရေအသွေးညံ့သည့်အတွက် ထိုင်းကုန်များမြန်မာ နိုင်ငံတွင် ဈေးကွက်ရရှိနေခြင်း ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ထိုင်းစားသောက်ကုန်များအပြင် ဆောက်လုပ်ရေးသုံးပစ္စည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ၊ အ၀တ် အထည်များ အပါအ၀င် လယ်ယာသုံးပစ္စည်းများကိုလည်း မြန်မာကုန်သည်များက တင်သွင်းလျှက်ရှိသည်ဟုလည်း သိရ သည်။

မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ခဲ့သည်မှာ ယနေ့ အထိဖြစ်သည်။

ယင်းသို့ မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို ပိတ်လိုက်သဖြင့် တရားမ၀င်နည်းဖြင့် ကုန်သွယ်မှုပြုရာ တလလျှင် ဘတ်သန်း ၈၀၀ ဖိုးခန့်သာရှိတော့သည်ဟု ထိုင်းကုန်သည်ကြီးများအသင်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြော တရားဝင်ဖွင့်လှစ်ထားစဉ်က မြန်မာဘက်သို့တင်ပို့သည့် ထိုင်းကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ထိုင်းဘတ် သန်း ၃၀၀၀ ကျော် ရှိကြောင်း ထိုင်း ကုန်သည်ကြီးများ အသင်း၏ မှတ် တမ်းများအရ သိရသည်။

လက်ရှိ မဲဆောက်-မြ၀တီ ကုန်သွယ်ရေးတွင် မြန်မာဘက်က ထိုင်းဘက်သို့ ပရိဘောဂ အပါအ၀င် သစ်တောထွက်
ပစ္စည်း များ၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းမျိုးစုံနှင့် ချည်ထည်များ တင်ပို့လျှက်ရှိသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ထားသောကြောင့် မဲဆောက်ရှိ ထိုင်းကုန်သည်ကြီးများမှာ တာချီလိတ်နှင့် ရနောင်း နယ်စပ်များမှတဆင့် မြန်မာနိုင်ငံဘက် ကုန်ပစ္စည်းတင်ပို့နေရသောကြောင့် ခရီးဝေးပြီး ကုန်ကျစရိတ်ပိုများသည်ဟု ထိုင်းကုန်သည်ကြီးများက ပြောသည်။

မြ၀တီမှ ရန်ကုန်သို့ အကွာအဝေးမှာ၂၆၅ မိုင်သာရှိသောကြောင့် မြ၀တီနယ်စပ်မှတဆင့် ကားဖြင့် ကုန်စည်စီးဆင်းပါက ၁၄ နာရီခန့်သာကြာသည့်အတွက် ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အကောင်းဆုံးလမ်းကြောဖြစ်သည်ဟု လည်း သိရသည်။