ဦးသိန်းစိန် မိန့်ခွန်းစကား ၀ါဒဖြန့်ခြင်းဖြစ်

E-mail Print
သမ္မသစ် ဦးသိန်းစိန်က ဗဟိုမှချုပ်ကိုင်မှု စနစ်အား ပယ်ဖျက်ကာ အောက်ခြေအထိ အဆင့်ဆင့်လုပ်ပိုင်ခွင့်ပြုသွားမည်ဟု ပြောဆိုလိုက်ခြင်းကို တိုင်းရင်းသား ခေါင်းဆောင်များက ၀ါဒဖြန့်ခြင်း သက်သက်သာ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုကြသည်။

Myanmar-President-Thein-Sein-center-flanked-byVice-Presidents-Thiha-Thura-Tin-Aung-Myint-Oo-and-Sai-Mauk-Khan-Maung-Ohn
“ဗဟိုက ချုပ်ကိုင်မထားဘူးလို့ အရင်ကတည်းက ပြောနေတာပါ၊ ဒါပေမယ့် လက်တွေ့မှာက အရာအားလုံးဟာ ဗဟိုက အမိန့်အတိုင်းလုပ်နေကြတာပါ၊ ဖွဲ့စည်းပုံမှာ ကိုယ်က အရေးကြီးတာမှန်သမျှကို ဗဟိုကချုပ်ကိုင်ထားတာဆိုတော့ ဘယ်လိုဟာမျိုးကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုတာတော့ သမ္မတက မပြောဆိုဘူး”ဟု ရွေးကောက်ပွဲဝင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက ပြောသည်။

ဧပြီလ ၆ ရက်နေ့တွင် သမ္မတ၏ ရုံးခန်း၌ ပြည်နယ်၊ တိုင်းဒေသကြီးများ၏ ၀န်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြောဆိုမှုများကို သတင်းစာများ၌ ဖော်ပြရေးသားထားခြင်းအပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ယင်းကဲ့သို့ ပြောဆိုကြခြင်းဖြစ်သည်။

ပြည်နယ်၊ တိုင်း အစိုးရများသည်၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသောအစိုးရသာဖြစ်၍ ဖွဲ့စည်းပုံအတိုင်းသာလုပ်ပိုင်ခွင့်ရကြ မည်ဖြစ်ကြောင်း၊ သမ္မတသစ်သည် တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ဆောင်စရာကိစ္စများကို ချပြပြောဆိုနေသော်လည်း ၎င်း ၌ အပြည့်အ၀ လုပ်ပိုင်ခွင့်မရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) ၏ အတွင်းရေးမှူးနှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)၏ ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

နိုင်ငံ၏ အရေးကြီးသည့် အရာအားလုံးကို ဖွဲ့စည်းပုံအရ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ခွင့်ပြုချက်ဖြင့်သာ သမ္မတက လုပ်ပိုင်ခွင့် ရှိကြောင်း၊ ထို့ကြောင့် သမ္မတ၏ ပြောဆိုမှုသည် အပြောသက်သက်သာ ဖြစ်မည်ဟု ၎င်းက ဆက်လက် ပြောသည်။

“ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေပြုရေး ကိစ္စတွေ အားလုံးကို ဖွဲ့စည်းပုံအရ ဗဟိုကချုပ်ကိုင်ထားတယ်၊ ဒီတော့ ပြည်နယ် အစိုးရအတွက် လုပ်ပိုင်ခွင့်က အရမ်းနည်းပါတယ်၊ လွတ်လပ်စွာ လုပ်ချင်ရင်တောင် ဖွဲ့စည်းပုံနဲ့ခြိမ်းခြောက်နိုင်လို့ ပြည်နယ်အစိုးရ အဖွဲ့ကလည်းပဲ လုပ်ရဲကြမှာ မဟုတ်ဘူး”ဟု ဦးအေးသာအောင် က ရှင်းပြသည်။

ဝန်ကြီးများ၊ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်များ၊ ၀န်ကြီးဌာနများ အားလုံး၏ လုပ်ပိုင်ခွင့်တာဝန်များကို ယုံယုံကြည်ကြည်ဖြင့် အပ် နှင်းပါကြောင်း၊ မိမိတို့၏ လုပ်ရမည့် ကိစ္စများကို ရဲရဲဝံ့ဝံ့ဖြင့်လုပ်ကြရန်နှင့်မည်သူ၏ တိုက်တွန်းချက်ကိုမျှ စောင့်မနေဘဲ မိမိ အသိဖြင့် တက်တက်ကြွကြွ လုပ်ရန်လိုကြောင်း ဦးသိန်းစိန် က ဆိုသည်။

သမ္မတသစ်က ထိုသို့ပြောသော်လည်း လက်တွေ့၌ ပြည်နယ် အစိုးရတို့သည် လုပ်ပိုင်ခွင့်အာဏာမရှိကြဟု သိရသည်။

“ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်က ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ချင်တယ်ဆိုပြီး ခေါ်တွေ့တယ်၊ တွေ့တော့ လို အပ်တာတွေ ပြောဆိုဆွေးနွေး တင်ပြကြတော့ သူ့မှာ လုပ်ပိုင်ခွင့်မရှိဘူး၊ အပေါ်ကို တင်ပြရဦးမယ်ဆိုပြီး ပြန်ပြောတော့ စီးပွားရေးလုပ်ငန်းရှင်တွေက မကျေမနပ် ဖြစ်နေကြတယ်”ဟု ရခိုင်ပြည်နယ်၏ ၀န်ကြီးချုပ်သစ် ဦးလှမောင်တင်နှင့်တွေ့ဆုံခဲ့သည့် စစ်တွေမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီ ကို ပြောသည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အပါအ၀င် တခြားသော ပြည်နယ်အစိုးရသစ်များသည် တာဝန်ယူပြီး တပတ်ကျော်သည့်တိုင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထိရောက်သော လုပ်ဆောင်မှုများမရကြသေးကြောင်း သိရသည်။

သမ္မတသစ် ဦးသိန်းစိန်သည် ၎င်းသမ္မတအဖြစ်တာဝန်ယူပြီးသည့်ရက်မှစ၍ အစိုးရသစ်၏ တာဝန်နှင့် လုပ်ဆောင်သွားမည်ဟု ဆိုသော အချက်များကို ဆက်တိုက်ပြောဆိုနေခြင်းအား အစိုးရထုတ် သတင်းစာများမှ နေ့စဉ် ရေးသားဖော်ပြနေသည်ကို တွေ့ ရသည်။ လုပ်ပိုင်ခွင့်များ အားလုံးသည် ဖွဲ့စည်းပုံတွင် ပါရှိပြီးဖြစ်၍ ဖွဲ့စည်းပုံ ဥပဒေအတိုင်း လုပ်ဆောင်သွားကြရမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

“သမ္မတသစ်ရဲ့ တပတ်ကျော်အတွင်း လုပ်နေတာတွေကို ကြည့်ရသလောက်တော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ညှိပြီး လုပ်နေရတဲ့ သဘောရှိတယ်၊ ဒီတော့ သူပြောသလို အဆင့်ဆင့်ကို လုပ်ပိုင်ခွင့်ပေးသွားမယ်ဆိုတဲ့ ကိစ္စက ဖြစ်နိုင်ခြေ အင်မတန် နည်းပါးပါတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောသည်။

နိုင်ငံတော်၏ အရေးကြီးသော မည်သည့်ကိစ္စကိုမဆို ဆုံးဖြတ်ချက်ပေးရန် လိုအပ်လာပါက သမ္မတသည် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်နှင့်အားပြိုင်ရမည် ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် မဲစနစ်ဖြင့်ပြိုင်ပါကလည်း  ဖွဲ့စည်းပုံ အရ ကာကွယ်ရေး စီးချုပ်ကသာ အသာစီးရနေမည်ဟု ဦးစိုင်းလိတ်က ဆိုသည်။

အစိုးရသစ်အား Good Governance (ကောင်းမွန်သောအုပ်ချုပ်မှုစနစ်)၊ Clean Government(သန့်ရှင်းသောအစိုးရ) တရပ်ဖြစ်ရန် လုပ်ဆောင်သွားမည်ဟုလည်း သမ္မတ ဦးသိန်းစိန်က နိုင်ငံကို ကြေညာခဲ့သည်။

“သန့်ရှင်းတဲ့အစိုးရ ဖြစ်ဖို့ဆိုတာက သမ္မတကနေ အောက်ခြေ၀န်ထမ်းအထိ လိုက်နာစောင့်ထိန်းမှ ဖြစ်မယ့်ကိစ္စပါ၊ အောက်ခြေ ၀န်ထမ်းတွေရဲ့စားဝတ်နေရေးကို ဖူလုံအောင် အရင်ဖန်တီးပေးမှ ရမှာပါ၊ စားဝတ်နေရေး မပြေလည်ရင် လာဘ်စားမှုဆိုတာ ပပျောက်သွားမှာ မဟုတ်ဘူး”ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP)၏ ဥက္ကဋ္ဌ ဟောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

အောက်ခြေအထိ အဆင့်ဆင့်လုပ်ပိုင်ခွင့်ပေးမည်ဆိုသည့် ကိစ္စသည် လက်ရှိအနေအထားအရ မဖြစ်နိုင်သေးကြောင်း၊ စနစ် တရပ် ပြောင်းလဲရန် အခြေအနေ အရပ်ရပ်ကို ပထမဦးဆုံး ပြောင်းရမည် ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ ၀န်ကြီးများကိုယ်တိုင်
လုပ်ပိုင်ခွင့်အဆင့်ဆင့်ကို အောက်ခြေထိ လွှဲပြောင်းလုပ်ပိုင်ခွင့် အပြည့်အ၀ ပေးမည်ဆိုပါက အချိန်ကာလတခုတွင် ပြောင်း လဲလာနိုင်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

သမ္မတသစ် ဦးသိန်းစိန် လုပ်ဆောင်မည့်အရာများအား ပြည်သူများကို ချပြနေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဘော တူညီမှု ရသောအရာများကိုသာ လုပ်ပိုင်ခွင့်ရှိမည်ဟုလည်း ၎င်းက ဆက်လက်ဆိုသည်။

နအဖ စစ်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်းနှင့်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်းစိန်သည် စနစ်သစ်၊ မူဝါဒသစ်သို့ ပြောင်း လဲနေပြီဟု နေ့စဉ်ပြောဆိုနေသော်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး စနစ်များသည် ပြောင်းလဲမှု တစုံတရာ မတွေ့ရသေး
ကြောင်း နိုင်ငံရေးခေါင်းဆောင်များက ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်