စစ်တကောင်း အဓိကရုဏ်း မြန်မာနိုင်ငံသား ၁၅ ဦးသေဆုံး

Wednesday, 20 April 2011 18:51
Print
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ၌ နေထိုင်သော ဒေသခံဗုဒ္ဓဘာသာဝင်များနှင့် မြေပြန့်ဒေသမှ ရောက်လာ သောဘင်္ဂလီ အစ္စလမ်ဘာသာဝင်တို့အကြား နှစ်ဆန်းတရက်(ဧပြီ ၁၇)ရက်နေ့၌ ဘာသာရေးအဓိကရုဏ်းဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးတပါးနှင့်လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“၁၅ ဦးက စာရင်းအတိအကျရထားတာပါ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ရွာ ၇ ရွာ မီးရှို့ခံရပါတယ်၊ လူ ၃၀၀ ကျော်က ပျောက် နေပါတယ်”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူ့အခွင့်အရေးနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးစိုးလင်းထွန်းက ဧရာဝတီကို ပြောသည်။

သေဆုံးသူဦးရေသည် ၃၀ ၀န်းကျင်ရှိကြောင်း၊ သေဆုံးသူများ၏ အမည်စာရင်းကို ပြုစုနေဆဲဖြစ်ကြောင်း၊ သေဆုံးသူများမှာ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့်အမျိုးသမီး များဖြစ်၍ ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း၊ ဘင်္ဂလီလူမျိုး ၃ ဦးလည်းသေဆုံးခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

အဓိကရုဏ်းဖြစ်ပွားရခြင်းအကြောင်းသည် ဗုဒ္ဓဘာသာဝင်များနေထိုင်ရာ စစ်တကောင်းဒေသရှိ လယ်မြေများကို မြေပြန့်မှ ရောက်လာသော အစ္စလမ်ဘာသာဝင်များက အဓမ္မ၀င်ရောက် လုပ်ကိုင်လာခြင်း၊ အခြေချနေထိုင်ရန် နေအိမ်များ အဓမ္မ ဆောက်လုပ်ရာကို ဒေသခံများက မကျေနပ်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်တော့ ဘင်္ဂလီ ၂ ယောက်သေသွားတယ်၊ ဒီတော့ ဘင်္ဂလီတွေ အစုလိုက် အပြုံလိုက် ဓားတွေ၊ တုတ်တွေကိုင်ပြီး ထွက်လာပြီးတော့ မြင်တဲ့သူတိုင်းကို လိုက်သတ်ပါတယ်၊ သက်အမျိုးသမီး ၂ ယောက် အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေသွားပါတယ်”ဟု ဦးစိုးလင်းထွန်းက ရှင်းပြသည်။

ထိုအရေးအခင်းဖြစ်ပွားမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထိရောက်စွာဆောင်ရွက်မပေးသည့်အပြင် အဖွဲ့အစည်းများ၊ မီဒီယာများဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ထားကြောင်း ၎င်းကဆက်ပြောသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ရခိုင်အခေါ် ဗိုလ်မင်းထောင် (Bandraban)၊ သက်ထောင် (Ranganmati)၊ ဖလံထောင် (Khakrasari) စသည်ဖြင့် ခရိုင်သုံးခုရှိပြီး ရွာပေါင်း ၄၀၀၀ ၀န်းကျင်နှင့် ရခိုင်၊ မရမာ၊ သက် စသည့် ဗုဒ္ဓဘာသာဝင် လူဦးရေ ၄ သိန်းနီးပါး ရှိကာ ၎င်းတို့သည် နှစ်ပေါင်းများစွာကပင် ထိုဒေသ၌ အခြေချနေထိုင်လာသူများ ဖြစ်ကြောင်း ဒေသခံများ၏ အဆို အရ သိရသည်။

“ညမထွက်ရ အမိန့်ထုတ်ထားဆဲပါ၊ စစ်တပ်က၀ိုင်းထားလို့ ရွာသားတွေ ရွာမှာမနေကြရဲတော့ဘူး၊ မီးရှို့ခံရတာက ညဘက် ဆို တော့ ညဘက်အိမ်တွေမှာ မအိပ်ရဲလို့တောထဲတွေမှာ ပုန်းနေကြရတယ်”ဟု ဖလံတောင်ဒေသခံတဦးက ဆိုသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလမ်ဘာသာဝင်များအကြား အရေးအခင်းငယ်များမကြာခဏဖြစ် ပွားလေ့ရှိသော်လည်း ယခုအကြိမ်သည် ကြီးမားသော အဓိကရုဏ်းတခုဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်ကလည်း ရွာလုံးကျွတ်မီးရှို့ခံခဲ့ရကာ အမျိုးသမီးများကို မုဒိမ်းကျင့်သော ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း ဖလံတောင်ဒေသခံက ရှင်းပြသည်။

၎င်း၏အဆိုအရ ယခုဖြစ်ပွားသောအရေးအခင်းအား ဘင်္ဂလားဒေ့ရှ် စစ်တပ်မှနောက်ကွယ်က စီမံပြုလုပ်ဆောင်ခိုင်းပြီး မီးရှို့ရန် အမိန့်ပေးသူမှာ Zone Cammando Kamarul Hosin ဆိုသူဖြစ်သည်ဟု  ဒေသခံများက ယုံကြည်နေကြောင်း သိရသည်။

အရေးအခင်းကြောင့်လူသေဆုံးမှု၊ ဘာသာရေးအဆောက်အအုံများဖျက်ဆီးခံရမှု၊ ဖလံတောင်ဒေသရှိ ရခိုင်မင်းများနေခဲ့သော နန်းတော်အားဖျက်ဆီးကာ ရှေးဟောင်းအမွေအနှစ်များဖျက်ဆီးခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား ဥပဒေအရ ဖြေရှင်း ပေးရန်ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုသွားရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ပြောခွင့်ရသူ ဒေါ်စောမြရာဇာလင်းက ဧရာဝတီကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစ္စလမ် ဘာသာကိုးကွယ်သောနိုင်ငံဖြစ်သော်လည်း ဘာသာရေးလွတ်လပ်ခွင့်ရှိသည့်နိုင်ငံတနိုင်ငံ ဟုယူဆကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရသည်လည်း လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားလိုက်နာသည့်အစိုးရဟု ယုံကြည် ထား၍ ယခုကိစ္စကို ဖြေရှင်းပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီဒေသတခုလုံးမှာ နေထိုင်တဲ့ လူမျိုးပေါင်းစုံရဲ့ ပြဿနာတွေကို ဥပဒေကြောင်းအရ ထိရောက်စွာဖြေရှင်းပေးဖို့၊ ရှေးဟောင်း အမွေဖြစ်တဲ့ ဖလံတောင်မင်း နန်းတော်ထဲကိုဝင်ရောက်တိုက်ခိုက် ဖျက်ဆီးတာကို ထိရောက်စွာ အရေးယူပေးဖို့အစိုးရကို ပို့ဖို့ စာရေးထားတယ်”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။