မြန်မာကို အာဆီယံ ဥက္ကဋ္ဌရာထူးအတွက် လက်မခံလိုဟု အမေရိကန် ပြော

E-mail Print
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့တွင် နာမည်ဆိုးရှိသည့် မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဆိုပါက အတူတကွ အလုပ်မလုပ်လိုကြောင်း အမေရိကန်အစိုးရက ပြောဆိုလိုက်သည်။

mm-asean-11-smမြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ရရန် အထူးကြိုးပမ်းနေစဉ်တွင်ပင် အမေရိကန်အစိုးရသည် တခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ မြန်မာအစိုးရသစ်နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောဆိုထားပြီးဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မာ့ခ် တိုနာ က အရပ်သားအစိုးရအနေဖြင့် ထွက်ပေါ်လာသည့် မြန်မာ့အစိုးရသစ်က အာဆီယံ ဥက္ကဋ္ဌနိုင်ငံအဖြစ် ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဟု အာဆီယံ အတွင်းရေးမှူးထံသို့ အကြောင်းကြားပြီးနောက် အမေရိကန်နိုင်ငံက တုံ့ပြန်ခြင်းဖြစ်သည်ဟု ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မစ္စတာ မာ့ခ် တိုနာက “မြန်မာနိုင်ငံမှာ ဘယ်လိုအစိုးရပဲ တက်လာ တက်လာ ကျနော်တို့အနေနဲ့ စိုးရိမ်နေဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုးရွားလှတဲ့ မြန်မာပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ပါပဲ။ အဲဒီနောက်ကွယ်က အကြောင်းတွေကိုတော့ ဘာမှ မှတ်ချက် မပေးလိုပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ မတိုးတက်သေးသရွေ့၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို မဖော်ဆောင်နိုင်သေးသရွေ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံက ဦးဆောင်မည့် အာဆီယံအဖွဲ့နှင့် ဆက်ဆံရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ ရာထူးနှင့်ပတ်သက်၍ လာမည့် မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ဆုံးဖြတ်မည်ဖြစ်ရာ အာဆီယံခေါင်းဆောင်များအနေဖြင့် စဉ်းစားရန် လုံလောက်သည့် အချိန်ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိများက ပြောသည်။

တချိန်တည်းတွင်ပင် အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမား အဆိုပြုထားသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒအပေါ် သက်ရောက်နိုင်မည့် ကြိုးပမ်းမှုတခုခု စတင်လုပ်ဆောင်ရန် အမေရိကန် အစိုးရအဖွဲ့က မျှော်လင့်နေကြောင်းလည်း သိရသည်။

မစ္စတာ အိုဘားမားသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေးဌာနမှ မစ္စတာ ဒဲရက် မစ်ချယ်ကို အဆိုပြုထားသည်။

မစ္စတာ မာ့ခ် တိုနာက “မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ မူဝါဒအပေါ် အကျိုးသက်ရောက်နိုင်မယ့် ကိစ္စတွေကို အထူးကိုယ်စားလှယ်က ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ့ အုပ်ချုပ်ရေးစနစ်အပေါ် ကျနော်တို့ရဲ့ လေးနက်တဲ့ စိုးရိမ်မှုကိုလည်း သူကပဲ မီးမောင်း ထိုးပြပါလိမ့်မယ်” ဟု ပြောသည်။

အာဆီယံ အထွေထွေအတွင်းရေးမှူး မစ္စတာ ဆူရင် ပစ်ဆူဝမ် ကမူ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌနိုင်ငံအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်မှုတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ အဖွဲ့ဝင် နိုင်ငံများ၏ သဘောထားအမြင်ကိုလည်း လေးစားပါကြောင်း ဧပြီလ ၁၈ ရက်နေ့က အဆာဟိရှင်ဘွန်း သတင်းဌာနသို့ ပြောဆိုခဲ့သည်။

အရှေ့အာရှ ထပ်သီးဆွေးနွေးပွဲ အဖွဲ့ဝင် နိုင်ငံများတွင် အာဆီယံနိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အိန္ဒိယ နိုင်ငံတို့ပါဝင်ပြီး ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ကလည်း ပူပေါင်းမည် ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုများကြောင့် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး မယူဘဲ အလှည့်ကျော်ပေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်