နေပြည်တော်တွင် စကားပြောစက် ပိတ်ပင်

Wednesday, 08 June 2011 15:04
Print
နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများတွင် စကားပြောစက် အသုံးပြုနေခြင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင် ပိတ်ပင်လိုက်ကြောင်း သိရသည်။

walkie_talkie

အရပ်သားများ အသုံးပြုလျှင် ထိရောက်စွာ အရေးယူမည်ဟု စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့က ပေးပို့သည့် စာတွင် ဖော်ပြထားကြောင်း နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

"စပြီးတော့ ကန့်သတ်ဖို့ ကြိုးစားတာ ၂၀၀၉ မှာပဲလေ။ ဒါပေမဲ့ စက်ကိုင်တဲ့သူတွေက တကယ့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေ ပါနေတော့ အရေးယူရတာ မလွယ်ဘူး ဖြစ်နေခဲ့တာ" ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လုံခြုံရေး တပ်ဖွဲ့များကိုသာ စကားပြောစက် သုံးခွင့်ပြုထားသည်။ ခွင့်ပြုချက်မရှိဘဲ အသုံးပြုလျှင် အီလက်ထရွန်နစ် ဥပဒေနှင့် ငြိစွန်းသည်ဟု သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်း အများအပြား ရှိနေဆဲ ဖြစ်သော နေပြည်တော်တွင် ယခင်က လက်ကိုင်ဖုန်းများ ပိတ်ပင်ထားသောကြောင့် စကားပြောစက်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စကားပြောစက်ကို သုံးပြီး လုံခြုံရေး၊ စစ်ရေး ဆိုင်ရာ ဆက်သွယ်မှုများ  ကြားဖြတ် နားထောင်မည်ကို စိုးရိမ်သောကြောင့် ဤသို့ တားမြစ်ခြင်း ဖြစ်မည်ဟု ဆောက်လုပ်ရေး ၀န်ထမ်းများက ယူဆကြသည်။

၂၀၀၉  နှစ်ဆန်းပိုင်းက ကရင်ပြည်နယ်အတွင်း ဗိုလ်မှူးချုပ် အဆင့် စစ်အရာရှိတဦး လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ဒေသခံသူပုန်တို့က သူသွားမည့် ခရီးစဉ်ကို စကားပြောစက်အသုံးပြုပြီး စုံစမ်းသိရှိခဲ့သည်ဟု ယူဆနိုင်ကြောင်း၊ ထိုစဉ်က စတင်ပြီး နေပြည်တော်ဒေသတွင် စကားပြောစက် သုံးစွဲခြင်းကို ကန့်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

စကားပြောစက်သည် ကုန်ကျစရိတ် နည်းပါးသည့် ဆက်သွယ်ရေးပစ္စည်း ဖြစ်သည်။