ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသော အမျိုးသမီးသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်နေသော မဒေးကျွန်းပေါ်ရှိ ရွာမ ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မနုခင်သန်း ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် လုပ်ငန်းခွင်အနီးရှိ နေအိမ်တအိမ်၌ ရှိနေစဉ် လုပ်ငန်းခွင် မိုင်းခွဲရာမှ လွင့်စဉ်လာသော ကျောက်တုံးထိမှန်ရာမှ ခါးရိုးကျိုးပြီး အောက်ပိုင်းတပိုင်းလုံး လှုပ်ရှားမှု မပြုနိုင် တော့ကြောင်း ၎င်းနှင့်ဆွေမျိုးတော်စပ်သူ တဦးက ဧရာဝတီကို ပြောသည်။
“ခါးရိုးကနေ အောက်ပိုင်းတပိုင်းလုံး ကျိုးသွားတာပါ။ ကျောက်ဖြူဆေးရုံက လက်မခံလို့ ရန်ကုန်မှာကုရမှာပါ။ သိန်းရာနဲ့ချီ ကုန်ကျမယ်လို့ သိရပါတယ်။ ကုမ္ပဏီက တာဝန်ရှိတဲ့သူတွေနဲ့ အာဏာပိုင်တွေက ဒီကိစ္စကို အပြင်မပေါက်ကြားဖို့၊ သတင်း ဌာနတွေ ကိုမပြောဖို့ မှာထားပါတယ်” ဟု ၎င်းက ဆိုသည်။
ဇူလိုင်ပထမပတ်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ကျောက်ဖြူဆေးရုံ၌ ရက်အနည်းငယ် သတိမေ့နေခဲ့ကြောင်း၊ ဆေးရုံ တင်စဉ်က CNPC သည် လျော်ကြေးငွေဟုဆိုကာ ကျပ် ၅ သိန်းပေးခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်၍ ကျောက်ဖြူ ဆေးရုံမှ လက်မခံတော့သည့်အတွက် ဇူလိုင် ၁၈ ရက်နေ့က လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်လိုက်ကြောင်း သူက ရှင်းပြသည်။
CNPC ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခုဖြစ်ပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်ငန်းခွင်များ၌ အဓိက ဦးဆောင်နေသော ကုမ္ပဏီကြီး တခုဖြစ်သည်။
“အောက်ပိုင်းသေသလို ဖြစ်သွားတော့ ရေရှည်ကုသရမယ်လို့ ဆရာဝန်က ပြောပါတယ်။ ပုံမှန်ပြန်ဖြစ်၊ မဖြစ်တော့ မသိသေးပါဘူး” ဟုလည်း ဆွေမျိုးနီးစပ် တော်စပ်သူက ဆိုသည်။
အထွေထွေစရိတ်များကြီးမြင့်နေ၍ CNPC က ပေးသော လျော်ကြေးငွေသည် ဆေးဝါးကုသမှုအတွက် လုံလောက်မှု မရှိဟု ၎င်းက ဆက်ပြောသည်။
မနုခင်သန်းသည် ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းခွင်မှ တရုတ်နိုင်ငံသား တဦးနှင့်လက်ထပ် ထားသူဟု ဒေသခံ တချို့က ပြောဆိုသော်လည်း အတည်မပြုနိုင်သေးပေ။
ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် CNPC ကုမ္ပဏီ၌ တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံသား တာဝန်ရှိသူများအား
ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
၂၀၁၁ ခုနှစ် မေလ အတွင်းကလည်း ရေနက်ဆိပ်ကမ်းစီမံကိန်းမှ CNPC ပိုင် မော်တော်ကား တစီးသည် မဒေးကျွန်းပေါ်ရှိ လုပ်ငန်းခွင်တွင် အသက် ၅၂ နှစ်အရွယ် အမျိုးသမီး တဦးအား တိုက်မိခဲ့ရာ ခြေထောက်တဘက် ကျိုးသွားသော်လည်း တာဝန်ယူမှု တစုံတရာမရှိခဲ့ကြောင်း၊ ထိုအမျိုးသမီးသည် ယခုချိန်အထိ ခြေကျိုးနေဆဲ ဖြစ်ကြောင်း မဒေးကျွန်းပေါ်မှ ကျောက်တန်း ရွာသားတဦးက ပြောသည်။
လုပ်ငန်းခွင်များ၌ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသော်လည်း CNPC ကုမ္ပဏီအပါအ၀င် မည်သည့် ကုမ္ပဏီကမှ တာဝန်ယူ
ဆေးကုပေးခြင်း မရှိဟု သိရသည်။
ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းအပြင် ရေနံသိုလှောင်ကန် တည်ဆောက်ရေး စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်မည့်နေရာ၊ ဓာတ်ငွေ့သန့်စင် စက်ရုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမည့် စီမံကိန်း လုပ်ငန်းခွင် စသည့် စီမံကိန်းလုပ်ငန်း အများအပြား လုပ်ဆောင်နေကြသည်။
CNPC ကုမ္ပဏီအပြင် တရုတ်ကုမ္ပဏီများ၊ ကိုးရီးယားပိုင် ဒေ၀ူးကုမ္ပဏီ၊ ဟွန်ဒိုင်းနှင့် မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ မြန်မာ့ရွှေသဖူ (MGC)၊ သန္တာနဂါး၊ 7-Star။ PSC၊ Myint and Association စသည့် ကုမ္ပဏီတွေများလည်း စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။
< Prev | Next > |
---|