မြန်မာ့အရေး နှုတ်ဆိတ်မနေရန် အိန္ဒိယကို အမေရိကန်ပြော

E-mail Print

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ပပျောက်ရေးတို့အတွက် ထုတ်ဖော်ပြောဆိုရန် အိမ်နီးချင်း အိန္ဒိယအစိုးရအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တိုက်တွန်းပြောဆိုလိုက်သည်။

Cliton-AP400“အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေသလိုမျိုး အခုတက်လာတဲ့ မြန်မာအစိုးရသစ်ကို မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စတွေအတွက်ကိုလည်း တိုက်တွန်းပြောဆိုဖို့ တာဝန်ရှိတယ်” ဟု သူ၏ ၃ ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း ယမန်နေ့က ချင်နိုင်းမြို့သို့ ရောက်ရှိစဉ် ပြောဆိုသည်။

စီးပွားရေးအရ မြန်မာအစိုးရနှင့် ပူးပေါင်းနေသည်ကို သိရှိနားလည်ပါကြောင်း၊ အာရှ ပစိဖိတ်ဒေသတွင်း ဦးဆောင်မှု ရှေ့တန်းရောက်နေသော အင်အားကြီး နိုင်ငံတခုဖြစ်သည့်အလျောက် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးအတွက် အိန္ဒိယအနေဖြင့် မြန်မာအစိုးရက တိုင်းသူပြည်သားများအပေါ် ဆိုးဝါးစွာ ကျူးလွန်နေဆဲဖြစ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်တားဆီးရန် ပြောဆိုစည်းရုံးနိုင်မည်ဟု မျှော်လင့်ကြောင်း ဟီလာရီ ကလင်တန်က ဆိုသည်။

မကြာသေးမီက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်တွင် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်မှ အစပြု၍ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ဆက်လက် တိုက်တွန်းပြောဆိုသွားရန် လိုအပ်သည်ဟုလည်း ဟီလာရီ ကလင်တန်က ဆိုသည်။

ဟီလာရီ ကလင်တန်သည် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဒေသတွင်းလုံခြုံရေး ကိစ္စရပ်များ ဆွေးနွေးရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခဲ့သည်။ သူသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ARF) သို့လည်း ဆက်လက် တက်ရောက်မည်ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းနေမှုနှင့် အာရှ ပစိဖတ်ဒေသတွင်း အင်အားကြီးနိုင်ငံတခု ဖြစ်လာနေသော အိန္ဒိယအနေဖြင့် ဒေသတွင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုများအတွက် ပြောဆိုလုပ်ဆောင်ရန် လိုအပ်နေရာ မြန်မာ့အရေးတွင်လည်း ယခင်လို ရေငုံနှုတ်ပိတ်မနေဘဲ တစုံတရာ ဖွင့်ဟလာလိမ့်မည်ဟု အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက မျှော်လင့်နေကြသည်။

နယူးဒေလီမြို့ရှိ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ၀န်ကြီး ဒေါက်တာ တင့်ဆွေက “အိန္ဒိယရဲ့ ထုံးစံအရကတော့ နှေးတယ်၊ အချိန်ယူတယ်ဆိုတဲ့ သဘာဝတော့ရှိတယ်။ ကျနော်ကတော့ ဖြည်းဖြည်းလေးနဲ့ ဦးတည်ချက်ကို လျှောက်နေတယ်လို့ အကောင်းဘက်ကနေ မြင်ပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတခု၊ ဒါမှမဟုတ် ဒေသတွင်း ထိပ်တန်းနိုင်ငံတခု ဖြစ်လာတော့မယ့် နိုင်ငံတခုအနေနဲ့ ဘယ်လိုတွေ ချဉ်းကပ်ပြောဆိုလာမယ် ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဒီမိုကရေစီ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သော အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့မှ မြန်မာ့အရေး ပြောဆိုမှုများသည် မြန်မာ့ဒီမိုကရေစီအတွက် အရေးပါသော တွန်းအားများဖြစ်ကြောင်း မြန်မာ့အရေးလှုပ်ရှားသူများက ပြောသည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ လူထုအံကြွမှုကာလများက မြန်မာ့ဒီမိုကရေစီရေးတွင် ထောက်ခံပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ စစ်အစိုးရနှင့် စီးပွားရေး၊ စစ်ရေးပူးပေါင်းမှုများ တိုးမြှင့်လုပ်ဆောင်လာပြီး မြန်မာ့အရေးတွင် နှုတ်ဆိတ်နေခဲ့သည်။

ထိုသို့ စစ်အစိုးရနှင့် ပူးပေါင်းနေခြင်းမှာ စွမ်းအင်လောင်စာ လိုအပ်မှုကြောင့် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ရလိုမှု၊ မြန်မာ့မြေတွင် ခြေကုပ်ယူနေသည့် အိန္ဒိယခွဲထွက်ရေး သူပုန်များကို တိုက်ထုတ်လိုမှု၊ တရုတ်နိုင်ငံ၏ မြန်မာအပေါ် လွှမ်းမိုးလာနေမှုများကို တန်ပြန်လိုမှုများကြောင့်သာဖြစ်ကြောင်း ဝေဖန်မှုများရှိသည်။

အမေရိကန် သမ္မတ အိုဘားမားကလည်း ၂၀၁၀ နိုဝင်ဘာလအတွင်း အိန္ဒိယသို့ လာရောက်စဉ်က အိန္ဒိယအစိုးရသည် မြန်မာ့အရေးနှင့် ပတ်သက်လာလျှင် နှုတ်ဆိတ်နေလေ့ရှိသည်ဟု ထောက်ပြဝေဖန်ခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်