အင်တာနက် မြန်ဆန်နိုင်မည့်ရက် ထပ်မံရွှေ့ဆိုင်း

Thursday, 02 April 2009 19:37
Print
မြန်မာပြည်တွင်းရှိ အင်တာနက် အသုံးပြုနိုင်မှု အခြေအနေများ ဧပြီ ၃ ရက်နေ့တွင်မှ ကောင်းမွန်နိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေးက ထပ်မံကြေညာ လိုက်သည်။

ယခု ကြေညာချက်မှာ တတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမဆုံး ကြေညာချက်ကို မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ SEA - ME - WE - 3 အမည်ရှိ အင်တာနက် ပင်မရေအောက်ကျောရိုးလိုင်းကြီး ပြတ်တောက်သွားသဖြင့် ပြင်ဆင်နေရသဖြင့် မတ်လ ၂၅ ရက်နေ့မှ ပြန်လည် ကောင်းမွန်မည်ဟု ထို ပထမ စာတွင် ပါရှိသည်။

ထိုစာရောက်လာပြီးနောက်ပိုင်း နဂိုက မကောင်းလှသော မြန်မာပြည်တွင်းရှိ အင်တာနက် ကွန်နက်ရှင်များ လုံးဝအခြေအနေ ဆိုးရွားသွားတော့သည်ဟု သုဝဏ္ဏ မြို့နယ်အတွင်းရှိ အင်တာနက် ဆိုင်ပိုင်ရှင် ကိုသူရိန် (အမည်ရင်းမဟုတ်) ကပြောပြသည်။

ဒုတိယအကြိမ်ထုတ်ပြန်သည့် စာထဲတွင်မူ ၂၅ ရက်နေ့တွင် ပြန်လည် မကောင်းမွန်နိုင်တော့ဘဲ ဧပြီ ၁ ရက်နေ့မှ ကောင်းမွန်နိုင်တော့မည်ဟု ရေးသားထားကာ ယနေ့ထုတ်ပြန်သော စာတွင်မူ ပြန်ကောင်းနိုင်မည့် ရက်ကို ၃ ရက်နေ့ဟု ပြန်လည် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

“၃ ရက်နေ့မှာ ပြန်ကောင်းမယ် ဆိုပေမယ့် မထင်ပါဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးကပြောသည်။

ယခုကဲ့သို့ SEA – ME - WE – 3 လိုင်း ပြင်ဆင်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးက အင်တာနက် ယာယီ လိုင်းတခု ပေးထားပြီး အင်တာနက်ကဖေးများ၊ ရုံးများနှင့် ကိုယ်ပိုင်အင်တာနက် လိုင်းများကို အသုံးပြုစေသည် ဟု သိရသည်။

“ခုချိန်မှာ ဝက်ဘ်ဆိုက်တွေ ကြည့်ရင် သူတို့ဆာဗာကိုဖြတ်ပြီးမှ ကိုယ်သွားချင်ရာ သွားလို့ရတယ်။ သူတို့က ကိုယ် ဘယ်သွားတယ်ဆိုတာ စောင့်ကြည့်လို့ရတယ်။ ခုချိန်မှာ အီးမေးလ် သုံးရင် ပိုပြီးစိတ်မချရ လောက်ဘူး” ဟု အယ်ဒီတာက ဆက်ပြောသည်။

၂၁ ရက်မှ စတင်၍ ကိုသူရိန် အနေနှင့် သူ့ဆိုင်တွင် ဂျီတော့ ချက်တင်ဝင်ရန်ပင် ကျော်ခွပေး၊ ပတ်ဝင်ပေး နေခဲ့ရသည်။ ထိုရက်များတွင် ဂျီမေးလ်က လုံးဝဖွင့်မရတော့ဘဲ ယခင် ဈေးသက်သာစွာ ပြည်ပသို့ အင်တာနက်ဖြင့် ခေါ်ဆိုရသည့် ဖုန်းများလည်း ခေါ်ဆို၍ မရတော့ကြောင်း ပြောပြသည်။ ထိုဖုန်း မရတော့သောကြောင့် တနေ့ကို သူ့ဝင်ငွေ ကျပ် ၂ သောင်းခန့် နစ်နာရသည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် ယခင်နေ့များဆိုလျှင် မနက်ဆိုင်ဖွင့်စ ၇ နာရီလောက်မှာ ပြည်ပသို့ခေါ်ဆိုချင်သူများ တန်းစီနေပြီး ၇ နာရီမှ ၉ နာရီခန့်ထိ ဖုန်းခေါ်သည့် အလုပ်ရှုပ်သည်။

“အဲဒါနဲ့ဖုန်းခေါ်တာ တော်တော်လေး အဆင်ပြေကြတယ်။ ဈေးလည်း သက်သာတယ်။ မနက်စောစောဆိုရင် ရန်ကုန်မြို့တွင်း ပြောရတာထက်တောင် ကြည်သေးတယ်” ဟု ကိုသူရိန်က ပြောပြသည်။

ဈေးသက်သာသည့် ထိုဖုန်းဖြင့် မိမိ ခင်ပွန်း၊ သား၊ သမီးများကို ခေါ်ဆိုချင်ကြသူများ နေ့စဉ်လိုလိုရှိနေခဲ့ကာ အများသောအားဖြင့် စင်ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံတို့ကို ခေါ်ပေးရသည်ဟု သူက ဆက်ပြောသည်။

 “မီးစက်က မနက်စောစောတော့ အသေးလေးပဲ နှိုးတယ်။ မီးစက်ကို ၂ လုံးထားရတယ်။ စောစောပိုင်းက ကွန်ပျူတာ ၂ လုံးလောက်ပဲ ဖွင့်တာလေ။ နောက်ပိုင်း ကွန်ပျူတာအားလုံး ဖွင့်တော့မှ စက်ကြီးကို နှိုးရတယ်။ ဒီဇယ်က ၁၃ ရက်ကို တပီပါကုန်တယ်” ဟု သူက ဆိုသည်။

ကိုသူရိန်တို့လို ကွန်ပျူတာ ၂၅ လုံးခန့်ရှိသည့် အလယ်အလတ် အရွယ် အင်တာနက်ဆိုင် တဆိုင်ဖွင့်ရန် ကုန်ကျ စရိတ်က ဆိုင်ခန်းမပါ ကျပ်သိန်း ၂၅၀ မှ ၃၀၀ ကြားတွင်ရှိသည်ဟု ဆိုသည်။ ယခုအခါတွင် အပြိုင်အဆိုင်လည်း များလာသည်ဟု သူက ရှင်းပြသည်။

“ကျနော်တို့ ဘေးတင် ဆိုင်က ၃ ဆိုင်လောက်ရှိတယ်။ ဒီသုဝဏမြို့နယ်ထဲက လမ်းမတန်းကြီးမှာကို ဆိုင် ၂၀ လောက်ရှိတယ်။ လမ်း အတွင်းထဲတွေ မပါသေးဘူး” ဟု ၎င်းက ပြောသည်။

အင်တာနက် ဆိုင်ဖွင့်ခွင့် လိုင်စင်လျှောက်ရန် အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာနှင့် အတူ အသင်းဝင်ကြေး ကျပ် ၅ သိန်း ပေးသွင်းရသည်။ လစဉ်ကြေးအနေနှင့် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် တလ ကျပ် ၅ သောင်း၊ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ပြင်ပတွင် ကျပ် ၃ သောင်း ပေးဆောင်ရကြောင်း သိရသည်။ လိုင်စင်ကျသည်နှင့် တပြိုင်နက်တည်း မြန်မာ့ဆက်သွယ်ရေးမှ ညွှန်ကြားချက်များ စာရွက်အထပ်လိုက် ရောက်လာသည်ဟု ကိုသူရိန်က ဆိုသည်။

“သူတို့ညွှန်ကြားချက်တွေကိုသာ တကယ်လိုက်နာရင် ဆိုင်တောင်ဖွင့်လို့ရမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။

ညွှန်ကြားချက်များထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သော တားမြစ်ထားသည့် ဝက်ဘ်ဆိုက်များ ကြည့်ရှုခြင်း အပြင် လူမမြင်ရသည့် ဘက်သို့ ကွန်ပျူတာ ဖန်သားပြင် လှည့်မထားရ ဆိုသည့် အချက်မျိုးလည်း ပါဝင်သည်။

သို့သော် ရန်ကုန်မြို့လယ်ရှိ အင်တာနက် ဆိုင်ကြီးတဆိုင်မှ ဝန်ထမ်းတဦးကလည်း ၎င်းတို့ဆိုင်တွင် အင်တာနက် လာရောက် အသုံးပြုကာ နိုင်ငံရေး ဝက်ဘ်ဆိုက်များကို ကြည့်ရှုသူများ ရှိသော်လည်း မသိချင်ယောင် ဆောင်ပေး ကြောင်း ပြောပြသည်။

ရန်ကုန်မြို့တွင် ၂၀၀၆ ခုနှစ်ခန့်မှ စတင်၍ အင်တာနက် ဆိုင်များ ခေတ်စားလာပြီး ၂၀၀၇ စက်တင်ဘာ သံဃာတော်များ အရေးတော်ပုံနောက်ပိုင်းတွင် လူငယ်လူရွယ်အများစုမှာ အင်တာနက်ကို ပိုမို အသုံးပြု လာခဲ့သည်။

ယခု အခါ ရန်ကုန်မြို့တွင် အင်တာနက်ဆိုင် အရေအတွက်မှာ ၅၀၀ နီးပါးခန့်ရှိနေပြီး မြန်မာ တပြည်လုံးတွင် ၃၀၀၀ နီးပါးခန့်ရှိသည်။ အင်တာနက်ကို များသောအားဖြင့် လူငယ်လူရွယ်များနှင့် ဂိမ်းကစားသူများ အများ ဆုံး အသုံးပြုသည်ဟု ကျောက်တံတား မြို့နယ်အတွင်းရှိ အင်တာနက်ဆိုင် ပိုင်ရှင်တဦးက ဆိုသည်။

CIA ကမ္ဘာ့အချက်အလက်စုံ မှတ်တမ်ဒ(CIA World Fact Book) ၏ စာရင်းအရ မြန်မာပြည်တွင် ၂၀၀၇ ခုနှစ်အတွင်း အင်တာနက် အသုံးပြုသူပေါင်း ၇ သောင်းခန့်ရှိပြီး အင်တာနက်ဆိုင် ၁၀၈ ဆိုင်ခန့် ရှိသည် ဟုဆိုသည်။ ကိုသူရိန်၏ ဆိုင်ကို ၂၀၀၈ ခုနှစ် သြဂုတ်လတွင် စဖွင့်ခြင်းဖြစ်ပြီး ယခုထိ အရင်း မကျေသေးကြောင်း ပြောသည်။ သူ့ဆိုင်တွင် အင်တာနက် အသုံးပြုခကို မီးလာသည်ဖြစ်စေ၊ ပျက်သည်ဖြစ်စေ တနာရီ ကျပ် ၅၀၀ ယူပြီး တနေ့ ဝင်ငွေမှာ ၆ သောင်းခန့် ရှိသည်ဟု ဆိုသည်။ အင်တာနက်ဖြင့် နိုင်ငံခြားဖုန်းမခေါ်နိုင်သည့် ယခုအချိန်တွင် ၄ သောင်းခန့်သာ ရှိတော့သည်။

“ဒီကနေ့ ရောင်းရငွေသည် မနက်ဖြန်အတွက်အရင်းဖြစ်သည် ဆိုတဲ့ စကားကို ကျနော်တို့ အင်တာနက် ဆိုင်လောကက ဒီကနေ့ ရသည့်ငွေသည် မနက်ဖြန်အတွက် ဒီဇယ်ဖိုးဖြစ်သည် ဆိုပြီးဖျက်ထားတယ်” ဟု ကိုသူရိန်က ပြောပြသည်။