ဒရော့ဘာကို မမှုဟု စီရော်နယ်ဒို ပြော

Monday, 14 June 2010 19:08 ကမ္ဘာ့ဖလား ၂၀၁၀
Print
ရီးရဲလ် မက်ဒရစ်နှင့် ပေါ်တူဂီ စတား စီရော်နယ်ဒိုက အုပ်စု G မှ ချဲလ်ဆီးနှင့် အိုင်ဗရီကို့စ် စတား ဒရော့ဘာကို စိုးရိမ် ထိတ်လန့်မှု မရှိဟု ပြောဆိုလိုက်သည်။

မနက်ဖြန်တွင် အဆိုပါအုပ်စုမှ ဘရာဇီးနှင့် မြောက်ကိုရီးယား၊ ပေါ်တူဂီနှင့် အိုင်ဗရီကို့စ် အသင်းတို့ စတင် ယှဉ်ပြိုင် ကြတော့မည် ဖြစ်သည်။ ကမ္ဘာ့ဖလား၏ အအောင်မြင်ဆုံး ဘရာဇီး၊ စီရော်နယ်ဒို ပါဝင်သော ပေါ်တူဂီအသင်းနှင့် ဒရော့ဘာ ဦးဆောင်သော အိုင်ဗရီကို့စ် အသင်းတို့ ပါဝင်သည့် အုပ်စု G ကို မရဏအုပ်စု သို့မဟုတ် အကျပ်ဆုံး အုပ်စုဟု သတ်မှတ်ထားကြသည်။

စီရော်နယ်ဒိုက "ဒရော့ဘာဟာ တကယ် ကြီးကျယ်တဲ့ ကစားသမား ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သူ့ကြောင့် ကျနော်တို့ အသင်းမှာ အာရုံ နောက်စရာ မရှိပါဘူး။ ကျနော်တို့ အသင်း ကျနော်တို့ နည်းစနစ်နဲ့ ကျနော်တို့ ပန်းတိုင်ကိုပဲ အာရုံ စူးစိုက် ထားပါတယ်။ ဒါဟာ အနိုင်ရဖို့ အတွက် တခု တည်းသော နည်းလမ်းပါ" ဟု ပြောကြောင်း FIFA အဖွဲ့ ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

ဥရောပ အသင်းများသည် ကမ္ဘာ့ဖလား ၀င်ခွင့်ရရန်အတွက် အုပ်စုများခွဲကာ ခြေစစ်ပွဲဝင်ကြရသည်။ အုပ်စုတိုင်းမှ ဗိုလ်စွဲသော အသင်းကသာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သည်။ ခြေစစ်ပွဲတွင် ဒုတိယရသော အသင်းများက မဲနှိုက်ကာ ကမ္ဘာ့ဖလား ၀င်ခွင့်ရရေးအတွက် ပြန်ကစားရသည်။ ပေါ်တူဂီသည် အုပ်စုဗိုလ်မဖြစ်ခဲ့သောကြောင့် အခြားအုပ်စုတခုမှ ဒုတိယရခဲ့သော ဘော့စနီးယား ဟာဇီဂိုဗီးနား အသင်းနှင့် ပြန်လည်ကစားပြီးမှ အနိုင်ရကာ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပွဲသို့  ၀င်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီအသင်းသည် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့သော အသင်းဖြစ်သည်။

"အခု အရေးအကြီးဆုံး အချက်ကတော့ အုပ်စုက ကျွတ်ဖို့ ပါပဲ။ စပိန်အသင်းက အရမ်းကို ရေပန်းစားနေပါတယ်။ ဒါပေမယ့် ကျနော်တို့ စပိန်နဲ့ ကစားရမှာကိုလည်း မကြောက်ပါဘူး။ ဘယ်သူ့ကိုမှလည်း စိုးရိမ်မနေပါဘူး" ဟု စီရော်နယ်ဒိုက ပြောသည်။