ကမ္ဘာ့ဖလားမှာတော့ မြောက်ကိုရီးယား ခြိမ်းခြောက်နိုင်မည်မဟုတ်

“ချိုလီမတ်စ်” ဒဏ္ဍာရီထဲမှ နတ်မြင်းပျံဟု ၎င်းတို့ ကိုယ်တိုင် အမည် ပေးထားသည့် မြောက်ကိုရီးယား ဘောလုံးအသင်း ယနေ့ညဆိုလျှင် ဘောလုံးဘုရင် ဘရာဇီးအသင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ကမ္ဘာ့ဖလားကို ဒုတိယအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ရည်မှန်းချက်ကိုလည်း ပထမအကြိမ် ကစားခဲ့သည့် ၁၉၆၆ အင်္ဂလန် ကမ္ဘာ့ဖလားထက် ပိုမို မျော်မှန်းထား သည်ဟု သိရသည်။

၁၉၆၆ ခုနှစ် အင်္ဂလန် ကမ္ဘာ့ဖလားတွင် ဂီယာနီ ရီဗာရာ၊ ဆန်ဒရိုစ် မာဇိုလာတို့ကဲ့သို့ နာမည်ကြီး ဘောလုံးသမားများ ပါဝင် သည့် ဘောလုံးအင်အားကြီး အီတလီအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့ သည်ကိုလည်း မြောက်ကိုရီးယားတို့ အနေဖြင့် မမေ့သေးပေ။

လက်ရှိ အချိန်ကာလသည် တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန် စသည့် နိုင်ငံများနှင့် နိုင်ငံရေး စစ်ရေး တင်းမာနေချိန် လည်းဖြစ်သည်။

မြောက်ကိုရီးယား အနေဖြင့် ၎င်းတို့ ရည်မှန်းထားသည့် ကမ္ဘာ့ဖလား အိပ်မက် အမှန်တကယ်ဖြစ်ခဲ့ပါက ၎င်းတို့၏ နိုင်ငံရေး စစ်ရေးအရ မုန်းတီးနေသည့် အမေရိကန်၊ တောင်ကိုရီးယား တို့နှင့် ဘောလုံးအားကစားတွင်လည်း ယှဉ်ပြိုင်ရမည်ဟု မျှော်လင့်ထားသည်။

သို့သော် လက်ရှိ အခြေအနေတွင်မူ “မရဏအုပ်စု” ဟုခေါ်နေသော ကမ္ဘာ့ဖလား ၅ ကြိမ် ဗိုလ်စွဲထားသည့် ဘောလုံး ဘုရင် ဘရာဇီး၊ ခရစ္စတီယာနို ရော်နယ်ဒို ပါဝင်သည့် ပေါ်တူဂီ တို့နှင့်  မြောက်ကိုရီးယား ဘောလုံးအသင်း တအုပ်စုတည်း ကျရောက်နေကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ထုတ်  France 24 ပြင်သစ် သတင်းစာတွင် ဖော်ပြထားသည်။

ပြိုင်ပွဲဝင်မည့် အသင်းပေါင်း ၃၂ သင်း၌ စွမ်းရည် အနိမ့်ဆုံးဟု ယေဘုယျ သတ်မှတ်နိုင်သော်လည်း ပြီးခဲ့သည့် အာရှ အုပ်စု ခြေစစ်ပွဲတွင် ပြိုင်ဘက် တောင်ကိုရီးယားကို အနိုင်ယူကာ မြောက်ကိုရီးယား အသင်းက ၎င်းတို့၏ မာကျောသည့် စိတ် ဓာတ် ကို ပြသခဲ့သည်။

အဆိုပါ ခြေစစ်ပွဲကို မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း တောင်ကိုရီးယား အသင်း၏ နိုင်ငံတော် အလံနှင့် အမျိုးသားသီချင်းကို မြောက်ကိုရီးယားတို့ လက်မခံနိုင်သည့်အတွက် ကြားမြေဖြစ်သည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ရသည်။

သူ့မြေ ကိုယ့်မြေ အပြန်အလှန်ကန်ရသည့် ဒုတိယ အကျော့ပွဲစဉ်ကို  တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ယှဉ်ပြိုင်ရာ   ကစားသမားများ အဆိပ်ခပ်ခံရခဲ့သည်ဟု မြောက်ကိုရီးယား နည်းပြက စွပ်စွဲ ပြောဆိုခဲ့သည်။

တောင်အာဖရိကမြေသို့ ရောက်ရှိခဲ့သည့် မြောက်ကိုရီးယား အသင်းသည် လေ့ကျင့်ခန်းဆင်းရာတွင် တံခါးပိတ် လေ့ကျင့် ခဲ့ပြီး မီဒီယာများဖြင့် တွေ့ဆုံခြင်းကို ရှောင်ရှားခဲ့သည်။

အင်္ဂလန် တိုက်စစ်မှူး ၀ိန်းရွန်နီ၏ ကစားပုံနှင့် ဆင်သောကြောင့် မြောက်ကိုရီးယားပြည်သူများက “လူထုရဲ့ ရွန်နီ” ဟု ခေါ်ဆိုသည့် တိုက်စစ်မှူး ဂျောင်တေးဆီ ကမူ ၎င်းတို့ အသင်းအနေဖြင့် အုပ်စုကျပ်တွင် ကျရောက်နေသော်လည်း ကမ္ဘာ့ ဖလား ပွဲစဉ်တိုင်းတွင် ဂိုးသွင်းမည်ဟု သံန္နိဌာန် ချထားခဲ့ကြောင်း ဆိုသည်။

သူသည် ဂျပန်ပြည်ဖွား ဖြစ်၍ ဂျပန်နိုင်ငံ ကာဝါဆာကီ ဘောလုံးကလပ်အသင်းတွင် ကစားနေပြီး ၂၀၀၉ – ၂၀၁၀ ဘော လုံး ရာသီတွင် ၃၉ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့သည်။

တိုက်စစ်မှူး ဂျောင်တေးဆီနှင့် တွဲဖက်ကစားရန် တိုက်စစ်မှူး ကင်မ်မြောင်ဝန်း ကို နည်းပြအဖွဲ့က ရွေးချယ်ခဲ့သော်လည်း  ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) သို့ ပါဝင်မည့် လူစာရင်းတင်စဉ်က ကင်မ်မြောင်ဝန်းကို ဂိုးသမားအနေနှင့် စာရင်းတင်ခဲ့ သည့်အတွက် ဂိုးသမား အဖြစ်သာ ပါဝင်ကစားရမည်ဖြစ်သည်။

“ကင်မ်” သည် ဘောလုံးနှင့် ပတ်သက်သည့် လောင်းကစားမှုတွင် ပါဝင်သည်ဟု ဖီဖာက သံသယဖြစ်သဖြင့် ပါဝင်ခွင့် ရလိမ့်မည် မဟုတ်ဟုလည်း ပြောဆိုနေကြသည်။

ဂျောင် နှင့် သူ၏ ကစားဖော်များ ရှုံးနိမ့်ခြင်း မရှုံးနိမ့်ခြင်းကိုမူ ၎င်းတို့ မြောက်ကိုရီးယား ပြန်ရောက်ချိန်ကို စောင့်ကြည့် ရလိမ့်မည်။

မကြာမီက ဖြစ်ပွားခဲ့သည့် တောင်နှင့် မြောက် ကိုရီးယားနိုင်ငံအကြား တင်းမာမှုများကြောင့် မြောက်ကိုရီးယားနိုင်ငံအတွက်  ကမ္ဘာ့ဖလားပွဲစဉ်များကို အခမဲ့ ထုတ်လွှင့်ပြသသည့် အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံက၂၀၀၆ ခုနှစ် ကမ္ဘာဖလား ကဲ့သို့ ပြသခွင့် ပိတ်ပင်ခဲ့သည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲတွင် ဆော်ဒီအာရေဗျ အသင်းနှင့် မြောက်ကိုရီးယား အသင်းတို့ ဂိုးမရှိ သရေကျ ခဲ့ပြီး ခြေစစ်ပွဲ အောင်သွားသည်ကို မြောက်ကိုရီးယားရုပ်မြင်သံကြားတွင် နာရီပေါင်းများစွာ ထပ်ခါတလဲလဲ ပြသခဲ့သည်။

လက်ရှိ အခြေအနေတွင် မြောက်ကိုရီးယား ပရိသတ်သည် မည်သည့် နည်းနှင့်မျှ တောင်အာဖရိကသို့ လိုက်ပါ အားပေး နိုင်မည်မဟုတ်ချေ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်