မှော်ဆရာလား၊ အရူးလား

အာဂျင်တီးနား အသင်းကို ကိုင်တွယ်နေတဲ့ ဘောလုံးသမား ဟောင်းကြီး မာရာဒိုနာရဲ့နည်းဗျူဟာနဲ့ အယူအဆတွေ အိုမင်း ဟောင်းနွမ်း နေပြီဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ နိုင်ဂျီးရီးယားပွဲမှာ သက်သေထူခဲ့ပါပြီ။

ဒီပွဲစဉ်မှာ အာဂျင်တီးနား အသင်းက နိုင်ဂျီးရီးယား အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင် ရခဲ့ပေမယ့် အာဂျင်တီးနား အသင်းဟာ စုစည်းမှု ပျောက်ပြီး အသင်းလိုက် ကစားကွက် လျော့လျဲ နေပါတယ်။ တိုက်စစ်မှူး မက်ဆီရဲ့ ဂိုးပေါက် လွဲချော်မှု ကလည်း အားပေးသူ ပရိသတ်များ အတွက် စိတ်ပျက်စရာပါ။

နည်းပြ မာရာဒိုနာက လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး ဘုရင် တိုက်စစ်မှူး မက်ဆီကို နေရာ သတ်မှတ်ခြင်း မရှိစေဘဲ လွတ်လပ်စွာ ကစားစေ မည်ဟု ဆိုခဲ့ သော်လည်း တခါတရံ ကစားကွက် ပျောက်နေသည့် အတွက် နည်းပြရဲ့ ဗျူဟာများဟာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

နောက်တန်းမှာ နီကိုလပ်စ် အိုတာမန်ဒီ၊ မာတင် ဒီမစ်ချယ်လီ၊ ဝေါလ်တာ ဆမ်မြူရယ်နှင့် ဂါဘရီရယ် တို့ကိုထားပြီး ကွင်းလယ် ကစားသမား ဂျာဗီယာ မာရှေးယာနိုနဲ့ ဗာရွန်၊ တောင်ပံ တဖက်တချက်မှာ ဂူတီရာရေးဇ် နဲ့ အိန်ဂျယ် ဒီ မာရီယာ တို့ကို ရှေ့တန်းမှ ဟီဂူအင်၊ မက်ဆီ တို့နဲ့ ပေါင်းစပ်ပြီး အသင်းလိုက် စုစုစည်းစည်း အချိတ်ဆက်မိမိ ကစားမယ့်နည်းကို သုံးမယ်လို့ ပွဲမစခင် က  ပြောခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လို ဗျူဟာတွေပဲ သုံးမယ်ပြောပြော နောက်ဆုံးမှာတော့ “ခရစ်တော် ယေရှုအလား ဘောလုံးကစားနေသူ”လို့ သူကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ မက်ဆီကသာ နိုင်ဂျီးရီးယားနဲ့ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ တကိုယ်တော် တိုက်စစ်မှူး ဖြစ်နေခဲ့ရပါတယ်။

နည်းပြတဦးနဲ့ သူ့ရဲ့တိုက်စစ်မှူး ဘယ်လောက် အတွေ့အထိနည်းသလဲ ဆိုတာကို ကမ္ဘာ့ဖလား မတိုင်ခင်ကာလမှာ မက်ဆီနဲ့ တွေ့ဆုံဖို့ရန် အလွန်ခက်ခဲပြီး စကားစမြည် ပြောဆိုဖို့ရန် အခွင့်အလမ်းမရှိဘူးလို့ နည်းပြ မာရာဒိုနာ ကိုယ်တိုင် ညည်းတွား ပြောဆိုမှုက သက်သေပြနေပါတယ်။

“မာရှေယာနိုနဲ့ လည်း အသင်းအတွက် စကားတွေ အများကြီးပြောဖြစ်တယ်၊ ဒီလိုပဲ ဟိန်ဇ်၊ ရိုဒီရဂွတ်ဇ် တို့နဲ့လည်း ဒီလိုပဲ၊ ဒါပေ   မယ့် မက်ဆီနဲ့ စကားပြောဖို့ခက်တယ်၊ သူနဲ့စကားပြောရတာထက် အိုဘားမားနဲ့ ပြောရတာမှ လွယ်ဦးမယ်”လို့ မာရာဒိုနာ က ဆိုပါတယ်။

မာရာဒိုနာက အာဂျင်တီးနားလို အသင်းမှာ နည်းပြအဖြစ် တာဝန်ယူရတာဟာ အခက်အခဲရှိမယ်ဆိုတာသိတယ်၊ ဒါပေမယ့် အရင် နည်းပြ အယ်လ်ဖီရို ဘာစီလီးနဲ့ မတူတဲ့ မိမိကိုယ်ပိုင်ဟန်နဲ့ အသင်းကို တည်ဆောက်ပြီး ကမ္ဘာ့ဖလားကို ၀င်ရောက် ယှဉ်ပြိုင်စေ မည်လို့ နည်းပြရာထူးယူစဉ်က ကြွေးကြော်ခဲ့ပါတယ်။

“မာရာဒိုနာ ဆိုတာ ကောင်းတော့ ကောင်းတယ် ဒါပေမယ့် အမှိုက်လိုပဲ သုံးမရဘူး၊ ဂုဏ်သိက္ခာလည်း မဲ့တယ်”လို့ နည်းပြကြီး ဘာစီးလီး ၏ လက်ထောက်နည်းပြ ဂျော့ရှ် ရိုဘိုဇီ က မာရာဒိုနာရဲ့ပြောဆိုချက် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ထို့အတူပဲ ဥရောပ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားတဲ့ အင်တာမီလန်အသင်းရဲ့ အသင်ခေါင်းဆောင် ဇနက်တီ၊ ကွင်းလယ် အဖျက် ကစားတဲ့ ကမ်ဘီယာဆို တို့ကို မရွေးချယ်ခဲ့မှု အတွက် မီဒီယာများနဲ့ ဘောလုံးသုံးသပ်သူများက ဝေဖန်မှုများကို ခြေစွမ်းမပြ နိုင်တော့တဲ့ သူ့စိတ်ကြိုက် ဗာရွန်ကို ရွေးချယ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

အာဂျင်တီးနား အသင်းကို မာရာဒိုနာ ဘယ်ပုံဖော်မလဲဆိုတာ ဘယ်သူမှရှင်းရှင်းလင်းလင်း မသိသလို၊ မာရာဒိုနာ ကိုယ်တိုင်လည်း မဝေခွဲတတ်ဘူး ဖြစ်နေပုံရတယ်လို့ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနား အသင်းသား တဦးဖြစ်သည့် ဂျော့ရှ်အိုလ်ဂင် က လည်း ဝေဖန်သုံးသပ်ပါတယ်။

နည်းပြတယောက် အနေနဲ့ အသင်းအတွက် ပြင်ဆင်လုပ်ဆောင်ထားမှုများမှ ပေါ်ထွက်လာမယ့် ရလဒ် အကောင်း အဆိုးကို လက်ခံရမှာဖြစ်သလို မာရာဒိုနာရဲ့ ဘောလုံးနည်းပြ စွမ်းရည်ကိုလည်း သမိုင်းမော်ကွန်း ထိုးရမှာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ နိုင်ဂျီးရီယား ပွဲစဉ်အတွင်း ကွင်းဘေး က မာရာဒိုနာရဲ့ လှုပ်ရှားပုံ၊ တိုတိုတုတ်တုတ် အရပ်အမောင်းရှိတဲ့ ခန္ဓာကိုယ် အပေါ်မှာ ကုတ်အင်္ကျီကို စမတ်ကျကျ ၀တ်ဆင်ထားပုံ၊ စိတ်လှုပ်ရှားပြီး အော်ဟစ်ကာ ကွင်းနံဘေးသို့ ကပ်သွားတဲ့ အတွက် ဖီဖာမှ တာဝန်ရှိသူက လာရောက် တားမြစ်ခံရတဲ့ သူ့ရဲ့ ပုံရိပ်များက  မြင်ရသူအဖို့ စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။

တခါတရံမှာ သူအတုယူ လေးစားအားကျတဲ့ ဖီဒရယ် ကပ်စ်ထရိုရဲ့ ဟန်ပန်အတိုင်း ဆေးပြင်းလိပ်ခဲပြီး ခပ်တည်တည် နေတတ်ပေ မယ့် ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားသာ ဗိုလ်စွဲခဲ့ရင် ဗျုနိုအေးရိစ်မြို့လယ်ခေါင်မှာ ၀တ်လစ်စားလစ်နဲ့ ပြေးရင်း အောင်ပွဲခံမယ်လို့ လည်း ရေဒီယို အစီအစဉ် တခုကို ပြောကြားခဲ့ပါတယ်။

၁၉၈၆ ခုနှစ် မက္ကဆီကို ကမ္ဘာ့ဖလားမှာ သူရဲ့တဖက်ကမ်းခတ်အောင် ကျွမ်းကျင်တဲ့ ဘောလုံးပညာကို သုံးပြီး အင်္ဂလန် နောက်ခံ လူတွေနဲ့ ဂိုးသမားကို လိမ်ခေါက်ကာ တကိုယ်တော် အစွမ်းပြ ဂိုးသွင်းခဲ့သလို ဒုတိယ ဂိုးကိုလည်း လက်နဲ့ ပုတ်သွင်းပြီး မျက်နှာ ပြောင်ပြောင်နဲ့ “ဘုရားပေးသောလက်”လို့ ဆိုပြီး ဒိုင်လူကြီးကို လှည့်စားနိုင်ခဲ့သူဖြစ်ပါတယ်။

ကစားသမားဘ၀ ဂိုးသွင်းပြီးရင် ကစားဖော် ကာနစ်ဂီယာနဲ့ ကွင်းအတွင်းမှာ ယောက်ျားအချင်းချင်း နှုတ်ခမ်းခြင်း နမ်းပြီး တော့လည်း အောင်ပွဲခံတတ်သူတဦးပါ။

ထို့အတူ ကမ္ဘာကျော် အီတလီ စီးရီးအေ ပြိုင်ပွဲက နာပိုလီအသင်းမှာ ကစားနေစဉ်က အီတလီအမျိုးသမီး တဦးနှင့် ပွေရှုပ်ရင်း ရခဲ့ တဲ့ တရားမ၀င် သားတယောက်ကို ထားခဲ့သူဖြစ်သလို၊ အီတလီမှာ ဘောလုံးကစားစဉ် ပေးဆောင်ရမယ့် ၀င်ငွေခွန်တိမ်း ရှောင် မှုကြောင့် မီလန်လေဆိပ်မှာ ၀တ်ဆင်ထားတဲ့ စိန်နားကပ် တဘက်ကို အီတလီ အခွန်ရဲတွေရဲ့ ဖြုတ်ယူ သိမ်းဆည်းခြင်း ခံရသူ လည်း ဖြစ်ပါတယ်။

၂၀ရာစု အကျော်ကြားဆုံး ဘောလုံးသမား ရွေးချယ်ရာမှာလည်း ဘရာဇီး ဘောလုံးဘုရင် ပီလီကို ကျော်ဖြတ်ကာ ပရိသတ်ရဲ့ တခဲနက် မဲပေးခံခဲ့ ရသူဖြစ်လို့ ဖီဖာ ကိုယ်တိုင်တောင် နာမည်ပျက်နဲ့လူကို အသိအမှတ်ပြုရမလို ဖြစ်ခဲ့ပါတယ်။

မူးယစ်ဆေး သုံးစွဲမှုကြောင့် ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲက ထုတ်ပယ်ခြင်းခံရပြီး ကိုကင်း ဆက်လက်သုံးစွဲကာ သတင်း ထောက် တဦးကို လေသနတ်နဲ့ ပစ်ခတ်မှုကြောင့် နာမည်ဆိုးရှိခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ထို့အတူ ကမ္ဘာကျော် ကွန်မြူနစ်ခေါင်းဆောင်ကြီး ကျူးဘားသမ္မတ ဖီဒယ် ကပ်စ်ထရိုရဲ့ဂုဏ်ထူးဆောင် ဧည့်သည် တဦးလည်း ဖြစ်ခဲ့ပါတယ်။

မာရာဒိုနာဟာ အတိတ်က ဖြစ်ရပ်ဆိုးတွေကို ကျော်လွန်ပြီး အာဂျင်တီးနားအသင်း နည်းပြ ဖြစ်လာပေမယ့်၊  အခုထက် တည်တည်  ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထားပြီး သတိကြီးစွာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ အာဂျင်တီးနား စစ်တပ်မှ ကစားသမား တဦး ဖြစ်သူ ရူဘင် ကပ်ပရီရို ကတော့ ရှုမြင် သုံးသပ်ပါတယ်။

အာဂျင်တီးနားလူမျိုး သန်း ၄၀ ကတော့ မာရာဒိုနာ ပုံဖော်ကျင့်သုံးမယ့် နည်းဗျူဟာကို သံသယရှိနေကြပေမယ့် အချက်ကျကျ တော့ အပြစ်မရှာနိုင်ဘူးလို့ ဆိုရပါလိမ့်မယ်။

ဘောလုံးမှော်ဆရာတဦးလား ရူးသွပ်နေသူတဦးလား ဆိုတာကို မကွဲပြားနိုင်သေးတဲ့ အသက် ၄၉ နှစ်အရွယ် မာရာဒိုနာဟာ
နှစ်ပေါင်း ၂၀ ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား အောင်ပွဲကို ငတ်မွတ်နေတဲ့ အာဂျင်တီးနားပြည်သူတွေရဲ့ လိုအင်ဆန္ဒကို   ၀တ်လစ်စားလစ်နဲ့ ပြေးလွှားရင်း ပုံဖော်နိုင်လေမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဧရာဝတီ သတင်းထောက် ရန်ပိုင်နှင့် ကျော်ညွန့်ချိန် ပူးပေါင်းရေးသားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်