နေ့စဉ်ထုတ်ဘောလုံး ဂျာနယ်များ ရောင်းအားမြင့်တက်

Monday, 21 June 2010 15:42 ကမ္ဘာ့ဖလား ၂၀၁၀
Print
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ အကြောင်း နေ့စဉ်ရေးသား ထုတ်ဝေလျှက် ရှိသည့် Myanmar Times၊ 7 Day Sports နှင့် အင်အား ဂျာနယ်တို့ အထူး ရောင်းအား မြင့်တက်လျက် ရှိနေကြောင်း သိရသည်။

မြန်မာတိုင်းမ် ဂျာနယ်တွင် စာမျက်နှာ ၂၄ မျက်နှာ ပါရှိပြီး ၄ မျက်နှာကို အင်္ဂလိပ် ဘာသာဖြင့် ရိုက်နှိပ် ထုတ်ဝေ ထားသည်။ 7 Day Sports ဂျာနယ်နှင့် အင်အား အားကစား ဂျာနယ်တို့မှာမူ စာမျက်နှာ ရှစ်မျက်နှာ ပါဝင်သည်။

“ဘောလုံး စာစောင် တွေက ရောင်းအား တော်တော် ကောင်းလာတယ်။ သတင်းဂျာနယ် တွေထက် ဒီရက်ပိုင်း ရောင်းအား တက်နေတယ်” ဟု ရွှေဂုံတိုင် မီးပွိုင့်တွင် ဂျာနယ် လက်ပွေ့ ရောင်းချသူ တဦးက ဆိုသည်။

ကမ္ဘာ့ဖလား ပွဲစဉ်များကို မိုးဆမ်းပန်း မီဒီယာက မြန်မာ့ ရုပ်မြင် သံကြားနှင့် မြ၀တီ ရုပ်မြင်သံကြား တို့တွင် ထုတ်လွှင့် လျက်ရှိ သော်လည်း ယခုရက်ပိုင်းတွင် ဘောလုံးပွဲစဉ် အားလုံး ပြသခြင်း မပြုတော့သည့် အတွက် နေ့စဉ်ထုတ် ဂျာနယ်များကို အားထား ဖတ်ရှုနေကြခြင်း ဖြစ်ကြောင်း အားကစား ဂျာနယ် တစောင်မှ အယ်ဒီတာ တဦးက ဆိုသည်။

“ပွဲတွေကို ဒီရက် အကုန်လုံးမပြဘူးလေ။ ပွဲအခြေအနေလေးသိချင်တာနဲ့ဝယ်ကြတာ။ ကျနော်တောင် အားကစားဂျာနယ် ချည်းပဲ ၄၀ ကျော် ၅၀ လောက်ကုန်တယ်” ဟု ဂျာနယ်လက်ပွေ့သမား တဦးက ပြောသည်။

Myanmar Times အားကစားဂျာနယ်မှာ နေ့စဉ် စောင်ရေ ၅၀၀၀ အထက်တွင် ရိုက်နှိပ် ထုတ်ဝေ ရောင်းချနေရပြီး 7 Day Sports နှင့် အင်အားဂျာနယ်တို့မှာလည်း အထူး ရောင်းအားတက်နေကြောင်း သိရသည်။

နေ့စဉ်ထုတ် အားကစား စာစောင် ၃ စောင်တွင် ပွဲစဉ် သုံးသပ်ချက်၊ ပွဲကြို ခန့်မှန်းချက်၊ ပွဲပြီး ခန့်မှန်းချက်များနှင့် နောက်ဆုံးရ သတင်းများကို ဖော်ပြကြထားသည်။

“ဒီရက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ၀န်ဆောင်မှုတွေ အပြိုင်အဆိုင်ပေးလာတယ်။ ဘီယာဆိုင်မှာ Tiger ဘီယာ သောက်တာနဲ့ မြန်မာတိုင်းမ် ဂျာနယ်တစောင်ပေးတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ တဦးကဆိုသည်။

အားကစား စာစောင်များနှင့်အပြိုင် ဈေးကွက်ရှိနေသည်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဂုဏ်ပြုသီဆိုထားသည့် သီချင်းခွေများ ဖြစ်သည်။

အစိုးရက ခိုးကူးခွေများကို လိုက်လံဖမ်းဆီး နေသော်လည်း ကမ္ဘာ့ဖလား ဘောလုံးဖွင့်ပွဲအခွေများ၊ ကမ္ဘာ့ဖလား ဂုဏ်ပြု သီချင်းများ ထွက်ရှိလာရာ ခိုးကူးခွေရောင်းချသည့် ပျံကျဈေးသည်များ တွက်ခြေကိုက်လျက် ရှိနေကြောင်း ယုဇနပလာဇာရှိ ခိုးကူးခွေ ဈေးကွက်မှ သိရသည်။

ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်မှ တရားဝင်အသိအမှတ်ပြုထားသည့် ကိုလံဘီယာအဆိုတော် Shakira သီဆိုထားသည့် Waka Waka သီချင်းအပါအ၀င် တခြားအဆိုတော်များ သီဆိုထားသည့် ကမ္ဘာ့ဖလား သီချင်းများ ပါဝင်သော DVD သီချင်းခွေ တချပ်လျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချနေသည်။

“စူပါမားကတ်တွေမှာဆို တချပ် ၁၈၀၀ နဲ့ရောင်းတာ။ သူတို့ကတော့ မူရင်းအခွေပေါ့။ ခိုးကူးတွေကတော့ နေရာတိုင်း လိုလို ၀ယ်လို့ရတယ်။ ဖွင့်ပွဲ အခွေလည်း အခု ထွက်လာတယ်” ဟု ရန်ကုန်ဒေသခံတဦးက ဆိုသည်။

ယင်းခိုးကူးခွေ ဈေးကွက်တွင် မြန်မာတေးသီးချင်းများ ရောင်းချခွင့် ပိတ်ပင်ထားသော်လည်း ခိုးကူးရောင်းချရ သူများအတွက် ကမ္ဘာ့ဖလား တေးသီချင်းခွေက တွက်ခြေကိုက်စေကြောင်း အနော်ရထာ လမ်းပေါ်ရှိ ခိုးကူးရောင်းချသူ တဦးက ဆိုသည်။