အင်္ဂလန် မျှော်လင့်ချက် မဲ့တော့မလား

အယ်လ်ဂျီးရီးယားနှင့် ပွဲတွင် အင်္ဂလန်အသင်း ကစားပုံ ဆိုးရွားခဲ့သည့် အတွက် အင်္ဂလန် အသင်း ပရိသတ်များက ဒေါသတကြီး ဝေဖန် ပြောဆိုခဲ့ ကြသည်။

ပွဲရလဒ်ကို မကျေနပ်သည့် ဒေါသ ထွက်နေသော အင်္ဂလန် ပရိသတ်တဦးက အသင်း၏ အ၀တ်လဲခန်းအတွင်းသို့ ၀င်ရောက်ခဲ့ပြီး နည်းပြနှင့် ကစားသမားများကို ဆဲဆိုခဲ့သည့်အတွက် မင်းသား ၀ီလျံ၊ မင်းသား ဟယ်ရီ နှင့်နည်းပြ အဖွဲ့ဝင်တဦးဖြစ်သည့် ဒေးဗစ် ဘက်ခမ်း တို့က ဖျောင်းဖြပြောဆိုခဲ့ရသည်ဟု အင်္ဂလန်နိုင်ငံထုတ် Gardian  သတင်းစာတွင် ရေးသားထားသည်။

တောင်အာဖရိက နိုင်ငံသို့ လိုက်ပါ အားပေးခဲ့သူ ဒန်ကန် ဂျန်ကင်က “အလွန်ဆိုးတဲ့ ကစားကွက်ကြောင့် တာဝန်ရှိတဲ့ နည်းပြ ကာပယ်လို အလုပ် အသစ် ရှာထားဖို့ ကောင်းပြီ၊ ရွန်နီလည်း ဘိလပ်မြေနဲ့ သရိုးကိုင် ထားသလို နေရာက မရွေ့ဘူး”ဟု ပြောသည်။

ကစားသမား များကို ကြည့်ရ သည်မှာ ခွန်အား မရှိသကဲ့သို့ ဖြစ်နေကြောင်း၊ အယ်လ်ဂျီးရီးယား ကဲ့သို့ အသင်းကို သရေကျခဲ့သည့် အင်္ဂလန် အသင်း ခြေစွမ်းသည် ဆိုးရွားကြောင်း၊ ရှေ့အလား အလာ အတွက် မျှော်လင့်ချက်များ ထား၍ မဖြစ်နိုင်ကြောင်း ပြစ်တင် ဝေဖန် ခဲ့သည်။

လက်ရှိ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်ခြေရှိသည်ဟု အင်္ဂလန် ပြည်သူများက မျှော်လင့်ထားခဲ့ကြသည်။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့သည့် နောက် တကြိမ်တခါမျှ ထပ်မံ ဗိုလ်မစွဲခဲ့သေးချေ ။

အယ်လ်ဂျီးရီးယားနှင့်ပွဲတွင် အင်္ဂလန်အသင်း ကစားပုံမှာ ဆိုးရွားသည့်အတွက် ဖိအားများ ဖြစ်လာစေကြောင်း၊ ဘောလုံး ဆုံးရှုံးမှု များပြီး အပေးအယူ မှန်ကန်မှုမရှိကြောင်း နည်းပြ ကာပယ်လိုက ၀န်ခံပြောဆိုခဲ့သည်။

“ဒီအသင်းဟာ ကျနော်လေ့ကျင့်ပေးပြီး ခြေစစ်ပွဲ အောင်ခဲ့တဲ့ အင်္ဂလန်အသင်းဆိုတာ မမှတ်မိလောက်အောင်ပဲ ကစားပုံဆိုးခဲ့ တယ်”ဟု ၎င်းက ဆိုသည်။

လာမည့် ဗုဒ္ဓဟူးနေ့ ဆလိုဗေးနီးယားနှင့် ကစားရမည့် ပွဲသည် အင်္ဂလန်အသင်းအတွက် နောက်ဆုံးအခွင့်အရေးတခုဖြစ်ကြောင်း လည်း ကာပယ်လိုကပြောသည်။ အင်္ဂလန်အသင်း၏ နောက်ဆုံးပွဲစဉ်လည်း ဖြစ်သည်။

တိုက်စစ်မှူး ၀ိန်းရွန်နီက အင်္ဂလန် ပရိသတ်၏ နည်းပြနှင့် ကစားသမားများအပေါ် အော်ဟစ်လှောင်ပြောင်မှုကို ရုပ်မြင်သံကြား ကင်မရာရှေ့သို့ သွားရောက်ပြီး ဒေါသတကြီး အော်ဟစ် တုံ့ပြန်ခဲ့သည်။

လက်ရှိ အခြေအနေတွင် အင်္ဂလန်အသင်းသည် နှစ်ပွဲ ကစားရာ နှစ်ပွဲသရေဖြင့် နှစ်မှတ်ရရှိကာ အမေရိကန်အသင်းနှင့် အမှတ်တူ သော်လည်း ဂိုးအရေအတွက် ကွာခြားမှုကြောင့် တတိယနေရာ သို့ရောက်ရှိနေသည်။

ဝါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက“ဒီပွဲမှာ အင်္ဂလန်ကစားသမားတွေက စိတ်ဓာတ်လည်း မတက်ကြွသလို ကစားကွက်လည်း အယ်လ်ဂျီးရီးယားကို မမီဘူး၊ ဒီခြေနဲ့ နောက်ပွဲ ဆလိုဗေးနီးယားကို မနိုင်နိုင်ဘူး အလွန်ဆုံးသရေပဲ”ဟု ဆိုသည်။


အင်္ဂလန်အသင်းအနေဖြင့် အုပ်စုမှ တက်ရန် ဗုဒ္ဓဟူးနေ့တွင် ကစားရမည့် ဆလိုဗေးနီးယား အသင်းကို အနိုင်ကစားရမည်ဖြစ်ပြီး သရေ ကစား၍ မဖြစ်ပေ။ နိုင်မှသာ အုပ်စုမှတက်မည်ဖြစ်သည်။

ထို့အတူ ဆလိုဗေးနီးယားအသင်း အနေနှင့်မူ အင်္ဂလန်အသင်းကို သရေကစား ရုံနှင့်ပင် အုပ်စုတက်မည် ဖြစ်ကြောင်း ဦးခင်မောင်ထွေးက သုံးသပ်သည်။

တအုပ်စုတည်း ကျရောက်နေသည့် ဆလိုဗေးနီးယား အသင်းနှင့် အမေရိကန် အသင်းတို့ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ အီလစ် ပတ်ခ် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရာ တဘက်နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

ယင်းပွဲစဉ်တွင် နှစ်သင်းစလုံး တဘက်နှင့် တဘက် အပြန်အလှန် အကြိတ်အနယ် ကစားခဲ့ကြသည့် အတွက် ကြည့်ကောင်းခဲ့ သည်။

ပွဲစလျှင်စချင်း ဆလိုဗေးနီးယား အသင်းက တိုက်စစ်ဆင်ကစားရာ အမေရိကန်အသင်း မထိန်းချုပ်နိုင်တော့ဘဲ ၁၃ မိနစ်တွင် ဆလိုဗေးနီးယား တိုက်စစ်မှူး ဘီယာဆာ က ရှေ့သို့ရောက်နေသည့် အမေရိကန်ဂိုးသမားကို ကျော်၍ သွင်းယူခဲ့သည်။ ထို့နောက် ၄၂ မိနစ်တွင် ဒုတိယ ဂိုး ထပ်မံသွင်းယူ၍ ၂ ဂိုးအသာဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် အမေရိကန် အသင်း နည်းဗျူဟာပြောင်းကာ ပြန်လည်တိုက်စစ်ဆင်လာပြီး ဒိုနိုဗန်နှင့် ဘရက်ဒလေက တဂိုးစီ သွင်းယူပြီး ပြန်လည်ချေပကာ သရေကျ ခဲ့သည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်အသင်း အယ်လ်ဂျီရီးယား အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အမေရိကန် အသင်းအနေ ဖြင့် အုပ်စုမှ တက်လိုလျှင် အနိုင်ကစားရမည်ဖြစ်သည်။

အဆိုပါ အုပ်စုတွင် ဆလိုဗေးနီးယား အသင်းသည် ၁ ပွဲနိုင် ၁ပွဲ သရေဖြင့် ၄မှတ် ရရှိကာ ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒုတိယ နေရာတွင် အမေရိကန်အသင်းက ၂ မှတ်၊ အင်္ဂလန်အသင်းက ၂ မှတ်၊ အယ်လ်ဂျီးရီးယား အသင်းက ၁မှတ် ရရှိထားသည်။

ယခုနှစ် ကမ္ဘာ့ဖလားတွင် ဥရောပ နာမည်ကြီး အသင်းများ ပရိသတ်မျှော်လင့်ထားသကဲ့သို့ ခြေစွမ်းမပြနိုင်ဘဲ ရှိနေရာ အုပ်စု (ဃ)မှ နာမည်ကြီး ဂျာမနီအသင်းသည်လည်း ဆားဘီးယားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် သွားပြန်သည်။

ပထမပွဲစဉ်များတွင် တာထွက်ကောင်းခဲသည့် ဂျာမနီအသင်းနှင့် ဆားဘီးယားအသင်းတို့ အပြန်အလှန် တိုက်စစ်ဆင် ကစားနေကြ သော်လည်း ၃၇ မိနစ်တွင် ဂျာမနီ အသင်းတိုက်စစ်မှူး ကလိုဆေး ဘောလုံးဖျက်ထုတ်မှု ကြမ်းတမ်းသည့် အတွက် အ၀ါကတ်ပြခံ ရပြီး နှစ်ဝါ တနီဖြင့် အထုတ်ခံခဲ့ရသည်။

ထို့နောက် ဆားဘီးယားအသင်းက တယောက်လျော့ ဂျာမနီကို ချက်ချင်းပင် တိုက်စစ်ဆင်ကစားရာ ၃၈ မိနစ်တွင် ဆားဘီးယား တိုက်စစ်မှူး ဂျိုဗန်နိုဗစ်က ဗွေဆော်ဦး ဂိုးသွင်းပြီး အနိုင်ယူခဲ့သည်။

ဂျာမနီအသင်းသည် ဗိုလ်စွဲမည်ဟု တစ်ပေးခြင်းမခံရသော်လည်း ပထမပွဲတွင် သြစတြေးလျ အသင်းကို ၄ ဂိုးပြတ်နှင့် အနိုင်ရရှိခဲ့ သည့်အတွက် မထင်မှတ်ဘဲ ဗိုလ်စွဲမည့်အသင်းဟု အများက ထင်ထားခဲ့သည်။ ဆားဘီးယားအသင်းနှင့် ပွဲတွင်မူ ခြေမမှန်ခြင်းကို ပြသခဲ့ကြောင်း ဦးခင်မောင်ထွေးက ဆိုသည်။

ကလိုဆေးကဲ့သို့ ၀ါရင့်တိုက်စစ်မှူးက ခံစစ်နေရာကို သွားပြီး တဘက် တိုက်စစ်မှူးကို သွားရောက်ဖျက်သည့်အတွက် နှစ်ဝါတနီနှင့် ထွက်ရကြောင်း၊ တိုက်စစ်မှူး ပိုဒေါ့စကီးသည်လည်း ရရှိသည့် အခွင့်အရေးကို အသုံးမချနိုင်သည့်အတွက် ဂျာမနီအသင်း ရှုံးနိမ့်ရ ကြောင်း ဦးခင်မောင်ထွေးက သုံးသပ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်