ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ၂ ဦး ဦးရုက္ခစိုးနှင့်ချိန်းထားသည့် ပင်းမြစ်နဘေးမှ ဗျူးပွိုင့် စားသောက် ဆိုင်သို့အလာ လမ်းတွင် ကံဆိုးစွာဖြင့် သူတို့ဆိုင်ကယ်ကို ရဲ အဖမ်းခံလိုက်ရသည်။
ဘတ်ငွေ ၄ ရာခန့် ထွက်သွား သဖြင့် ဖိုးရှုပ်ကျွဲမြီးတိုသွား၏။
ဖိုးရှုပ်။ ။ ချင်းမိုင်ရောက်တာ ကြာပါပြီကွာ တခါမှ မဖြစ်ဖူးပါဘူး။ အခု ဦးရုက္ခစိုး ချိန်းတဲ့နေရာ သွားတော့မှပဲ ဖြစ်ရတယ်လို့..။
ကြွက်စုတ်။ ။ မင်းကလည်းကွာ။ ဒီလောက်ပဲ ပေးလိုက်ရတာတော်သေးတာပေါ့။ ငါ့အသိ အန်ကယ်ကြီး တယောက်ဆို ရဲစခန်းထိ ပါသွားပြီး ဘတ် ၂၀၀၀ ထွက်သွားတာကွ။ သူလည်း ချင်းမိုင်ရောက်တာ ၄ နှစ်ရှိပြီ ဒါမျိုး တခါမှ မဖြစ်ဖူးဘူးတဲ့။
ဖိုးရှုပ်။ ။ ဘာပဲဖြစ်ဖြစ်ပေါ့ကွာ။ ဦးရုက္ခစိုး ဆတ်ဆတ်ဆော့ဆော့ ချိန်းလို့ ဖြစ်ရတာ။ သူ့မှာ အများကြီး တာဝန်ရှိတယ်။
ကြွက်စုတ်။ ။ မင်းဟာက ဘာမှလည်း မဆိုင်ပါဘူးကွာ။
ထုံးစံအတိုင်း တခုခုဖြစ်လျင် တခြားသူကို အပြစ်ပုံချနေကြမို့သာ ဖိုးရှုပ် ရမ်းပြောပြောလိုက်ခြင်း ဖြစ်သည်။ တကယ်က ဘာမှမဆိုင်ဘူးဆိုတာ မသိ၍မဟုတ်။ ပြောပြောဆိုဆိုနှင့် ဗျူးပွိုင့်စားသောက်ဆိုင်သို့ ရောက်လာသောအခါ ဦးရုက္ခစိုးမှာ မြစ်နှင့် အနီးဆုံး စားပွဲတလုံးတွင် ကြိုတင်ရောက်နှင့်ကာ ငေးမော၍ ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။ တွေ့ပြန်တော့ လည်း ဖိုးရှုပ်က ဘာမှမဟုတ်သလို အရင်စ၍ နှုတ်ဆက်လိုက်ပြန်သည်။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး။ အစောကြီးရောက်နေပါလားဗျ။ မျက်နှာကလည်း ခုထိမကောင်းနိုင်သေးပါလား။
ကြွက်စုတ်။ ။ အေးလေဗျာ..။ မြန်မာပြည်က ခင်ဗျား ဘော်ဒါ နတ်တွေအတွက် ဒီလောက်တောင် စိတ်ပူ စရာလား။ ပျော်ပျော်ပါးပါး ပေါ့ဗျာ။ နတ်ဆိုတာ လူတွေလောက် ပူစရာသိပ်မရှိပါဘူး။ လူတွေလို ပေါ်သမျှ ဖက်ရှင် ခါးပေါ်တင်စရာ လည်းမလိုဘူး။ ပြီးတော့ နတ်က ချက်နေပြုတ်နေစရာလည်းမလိုဘူး။ ဝေ့လာတဲ့ အငွေ့လေးရှူလိုက် ဝတာပဲမဟုတ်လား။
ရုက္ခစိုး။ ။ စကားမပြောနဲ့ ပြောလိုက်တာနဲ့ စလွဲပြီ။ ငါက သူတို့အတွက် ပူလို့ စိတ်ညစ်နေတာ မဟုတ်ဘူးကွ။ ငါ့ဘာသာငါ.. ဒီမြစ်ကမ်းဘေးလေးမှာ ဘာကိုလွမ်းမှန်းမသိ လွမ်းပြီး ငိုင်နေတာ..။
ကြွက်စုတ်။ ။ ပညာရှိများ ပြေးကြည့်ရင်လည်းမှား၊ တွေးကြည့်လည်း တက်တက်စင်လွဲ ဆိုတာ ဒါမျိုးဖြစ်မယ်။ အဟီး။ ဒါနဲ့ မြန်မာပြည်ကိစ္စဘာထူးလဲဗျ။
ရုက္ခစိုး။ ။ ထူးတာပေါ့ ကိုယ့်လူတို့ရယ်။ မင်းတို့လူတွေအတွက် ထူးမထူး မသေချာပေမယ့် ငါတို့ ရုက္ခစိုးတွေ အတွက် ကတော့ ထူးမှထူးပဲ။ ငါတို့ရုက္ခစိုးတွေကို နိုင်ငံတော်က ပြန်လည် နေရာချထားရေး သီးသန့်လုပ်ပေးတာကွ။ တော်တော် များများ နေပြည်တော်ပြောင်းရမယ်။
ဖိုးရှုပ်။ ။ ဘယ်လို ဦးရုက္ခစိုး..။ ဟုတ်လို့လားဗျာ…။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးတော့ ရှဲဒိုးစာရေးဆရာတွေရေးတဲ့ အချစ်ဝတ္ထုတွေ အဖတ်များပြီး စိတ်ကူးတွေ ယဉ်တတ် နေပြီထင်တယ်။
ရုက္ခစိုး။ ။ ကြံကြံဖန်ဖန် ငါက ရှဲဒိုးဖတ်မလားကွ။ တကယ်ပြောတာပါ ကွာ။ ငါစိတ်ကူးယဉ်တာ မဟုတ်ပါဘူး။ မယုံရင် သတင်းစာထဲမှာကြည့်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ဦးစီးတဲ့ နိုင်ငံတော် အကြီးအကဲတွေအားလုံး ညောင်ပင်တွေ စိုက်နေကြတာ။ နေပြည်တော်မှာ ကိုယ့်လူ။ အဲဒါ ငါတို့ ရုက္ခစိုးတွေကို ပြန်လည်နေရာချထားပေးဖို့ မဟုတ်ရင်ဘာလဲ။ မင်းတို့ သေချာကြည့် သတင်းစာ မျက်နှာဖုံးမှာ စစ်ဝတ်စုံတွေ မည်းမည်း..မည်းမည်း နဲ့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကြီးအကဲ လူကုန်ပါတယ်။
ကြွက်စုတ်။ ။ ဟားဟား..။ ဦးရုက္ခစိုးတို့ကတော့ လုပ်ပြီ။ သူ့ကိုယ်သူ ရုက္ခစိုး ဆိုပြီး လူထက်နေရာတကာ ပိုသိတယ် လုပ်ချင်သေးတယ်။ နတ်လည်လှ လူအိပ်နေသလောက်ပဲ ရှိပါတယ်ဗျ..။
ရုက္ခစိုး။ ။ ဟေ့ကောင်..။ ကြွက်စုတ် မင်းဟာက နည်းနည်း လွန်လာပြီနော်။ ရှင်းစရာရှိ မြန်မြန်ရှင်း သိပ် အသားယူမနေနဲ့။
ဖိုးရှုပ်။ ။ သြော် ဦးရုက္ခစိုးရယ်။ ဒေါသ သိပ်မကြီးပါနဲ့။ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အကြီးအကဲတွေကို သိပ်လျှော့မတွက် နဲ့လို့ ပြောတာပါ..။ ဟုတ်တယ်မဟုတ်လား ကြွက်စုတ်။
ကြွက်စုတ်။ ။ သေချာတာပေါ့ကွာ..။ ဦးရုက္ခစိုးကိုမေးမယ်..။ သူတို့ စိုက်တဲ့ ညောင်ပင်က ဘယ်နှပင်လဲ။
ရုက္ခစိုး။ ။ ၂၈ ပင် က တသုတ်၊ ၁၀၈ ပင်က တသုတ်။ အဲဒါဘာဖြစ်လဲ။
ကြွက်စုတ်။ ။ ဘာဖြစ်ရမှာလဲဗျ။ အဲဒါ တချက်ခုတ် ၂ ချက်ပြတ် လုပ်တာ။ ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်းဆိုတာ သူတို့မှ သူတို့အစစ်ဗျား။
ဖိုးရှုပ်။ ။ ဟေ့ကောင်။ မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လားကွာ။ မင်းကိုယ်မင်း ဖဲလေး တခါ၂ ခါ နိုင်ဖူးတာနဲ့ပဲ… တကယ့် အတွက်အချက် ဆရာကြီးလိုလို ဘာလိုလိုနဲ့….။
ကြွက်စုတ်၏စကားများကို ဖိုးရှုပ်ပါ လိုက်မမီတော့သဖြင့် ဦးအောင် အပေါ်စည်းမှ တွယ်လိုက်ခြင်း ဖြစ်သည်။
ကြွက်စုတ်။ ။ ဟေ့ကောင်ဖိုးရှုပ် မင်းလည်း မသိတော့ဘူးမဟုတ်လား။ အေး မသိရင် ဆရာပြောပြမယ်။ တချက်ခုတ် ဆိုတာကိုအရင် ရှင်းမယ် ဟုတ်လား။ နေပြည်တော်မှာ ညောင်ပင် စိုက်တယ်၊ စိုက်တဲ့ ညောင်ပင်အရေအတွက်.. ဒီ ၂ ချက်ကိုကြည့်လိုက်ရင် ဒါ ယတြာချေတာပဲ။ ၂၈ ပင်နော် ဦးရုက္ခစိုး။ ၂ နဲ့ ၈ ကိုပေါင်း ရင် ၁၀။ ၁၀၈ ပင် ကျတော့ ပေါင်းရင် ၉။ ၉ နဲ့ ၁၀ က သူတို့ အမြဲချေလေ့ရှိတဲ့ ယတြာပဲ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ယတြာချေတာ။
ရုက္ခစိုး။ ။ အင်း လေသံကတော့ ကျူရှင်ဆရာနဲ့ စုံထောက်နဲ့ ပေါင်းထားတဲ့လေပဲ။ ကဲ ဆက်ပါဦးကွာ။
ဖိုးရှုပ်။ ။ ဖြစ်နိုင်တယ် ဦးရုက္ခစိုးရဲ့ ကလေးရယ်၊ အရူးရယ် သဘင်သည်ရယ် ပြောတဲ့စကားက မှန်တတ်တယ်တဲ့။ သူက ကလေးလည်းမဟုတ် သဘင်သည်လည်းမဟုတ်ဘူး ဆိုတော့…..။
ကြွက်စုတ်က သူ့ကို ဝိုင်းနှက်သော ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ကို ငယ်ပါသေးတယ်ဟူသော အကြည့်ဖြင့်ကြည့်၍ ဆက်ပြောသည်။
ကြွက်စုတ်။ ။ အဲ လိပ်ဥတူးတဲ့ ၂ ချက်ခုတ် ကိစ္စပြောမယ်။ ဒါက အရေးကြီးလာပြီ..။ ခုတလောမှာ ဟိုလူပြုတ်တယ် ပြောလိုက်၊ ဒီလူ့ကို ဖမ်းထားလိုက်ပြီပြောလိုက်၊ ဟိုတဖွဲ့လုံး လူဝတ်လဲပြီပြောလိုက်နဲ့ ကောလာဟလတွေ ထွက်တယ် မဟုတ်လား။
ဖိုးရှုပ်။ ။ အင်း အဲဒါတော့ ဟုတ်တယ်။ ပြည်ပ မီဒီယာတချို့ဆို ကိုမောင်အေးတယောက် မမြင်တာကြာပြီ ဆိုပြီး ရေးထားသေးတယ်လေ။
ရုက္ခစိုး။ ။ အကြီးအကဲတွေ လူဝတ်လဲကုန်ပြီလို့လည်း ပြောနေကြတယ်လေ။
ကြွက်စုတ်။ ။ ဟုတ်ပြီနော်။ ကဲ အခု ရှိရှိသမျှ အကြီးအကဲတွေ အားလုံး စစ်ဝတ်စုံတွေနဲ့ သစ်ပင်ထွက်စိုက် ပြလိုက်တော့ ယတြာလည်း ချေရင်း ပြည်ပအားကိုပုဆိန်ရိုးတွေ ပြောနေတာ မဟုတ်ပါဘူး ဆိုပြီး သက်သေလည်း ပြရင်း။ တချက်ခုတ် ၂ ချက်ပြတ်။ ဘုရားလည်း ဖူး လိပ်ဥလည်း တူး မဟုတ်ဘူးလား။
ရုက္ခစိုး။ ။ အင်း ဒီလိုတော့လည်း ဟုတ်သားပဲ..။ မင်းတော်တယ် ကြွက်စုတ်။ အဲဒါကြောင့် ဖိုးရှုပ်ကို ငါ ခဏ၊ ခဏ သတိပေးတာပေါ့ကွ။ သတင်းသဲ့သဲ့ ထွက်တာနဲ့ လျှောက်လျှောက် မပြောနဲ့.. ဒဗယ်လ် ချက်ခ် အရင်လုပ်ပါ ဆိုတာ။
ဦးရုက္ခစိုးက ကြွက်စုတ်ကိုဖားရင်း ဖိုးရှုပ်ကို နှက်လိုက်ရာ ကြွက်စုတ်၏ ဆရာလုပ်ခြင်းနှင့် ရုက္ခစိုး၏ အပြစ်တင်ခြင်းကို ခံလိုက်ရသော ဖိုးရှုပ် ဒုတိယအကြိမ်မြောက် ကျွဲမြီးတို၍ ဘတ် ၄၀၀ ထွက်သည့်ကိစ္စကိုပါ အစပြန်ဖော်တော့သည်။
ဖိုးရှုပ်။ ။ ဟင်း ခုမှ လာပြီး အသားက ယူပြန်ပြီ။ ပေါက်ကရ ရှစ်ဆယ် ထင်ကြေးပေးတဲ့ထဲမှာ ခင်ဗျားက ရှေ့ဆုံးက ဖြစ်နေပြီးတော့များ..။ ခင်ဗျားလုပ်လို့ ၄၀၀ လည်းထွက်ရ။ တွေ့တော့လည်း မဟုတ်က ဟုတ်ကတွေပဲ လျှောက်ပြော။ ခင်ဗျားပေါက်ကရ အပြောကောင်းလို့ ဒီကောင် ကြွက်စုတ် ဆရာလုပ်တာလဲ ခံရ။ ဘာမှမကောင်းဘူး..။ တော်ပြီ။ ပြန်တာပဲကောင်းတယ်။ ဟေ့ကောင် ကြွက်စုတ် လိုက်မှာလား။
ဖိုးရှုပ် ပြန်ရန်ပြင်နေသောကြောင့် ဆိုင်ကယ်မရှိသော ကြွက်စုတ်ပါ ယောင်နနနှင့် နေရာမှထရတော့သည်။
ရုက္ခစိုး။ ။ ဟာ မင်းတို့က ပြန်ကြတော့မလို့လား..။ ဒီမှာ.. မင်းတို့ကို ခေါ်ထားရတဲ့ အကြောင်းရင်းတောင် မပြောရသေးဘူး။ နေပါဦး။
ဖိုးရှုပ်။ ။ မြန်မြန်ပြောဗျာ..။ ပေါက်ကရတွေတော့ လာမပြောနဲ့။
ရုက္ခစိုး။ ။ ပေါက်ကရမဟုတ်ပါဘူးကွ။ အလှူနည်းနည်း ခံမလို့ပါ။ ဦးရှင်ကြီးရဲ့စောင်း နာဂစ်နဲ့ပါသွားတာ ခုထိပြန်မရ သေးလို့ ငိုနေတယ်တဲ့ကွာ။ အဲဒါကြောင့် အလှူလေးဘာလေးခံပြီး ပြန်ဝယ်ပေးမလားလို့ပါ။
ကြွက်စုတ်။ ။ ဟာ.. ခင်ဗျားက ကောလာဟာလလုပ်ပြန်ပြီ။ အဲဒါ သတင်းအစစ်မဟုတ်ဘူးဗျ။ နာဂစ် ရန်ပုံငွေ ကာတွန်း ပြပွဲမှာ ကာတွန်းကိုရွှေထူးဆွဲထားတဲ့ ပုံကိုကြည့်ပြီး လျှောက်ပြောကြတာ။ နောက်ဆို နတ်သတင်းပဲဖြစ်ဖြစ်၊ လူသတင်းပဲ ဖြစ်ဖြစ် ဒဗယ်လ်ချက်ခ် သေသေချာချာလုပ် ပြီးမှပြော ဟုတ်လား။… သွားပြီဗျို့။
ပြောပြောဆိုဆိုနှင့် ထွက်သွားသော ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ထံမှ စောင်းအတွက် အလှူငွေ မရလိုက်သည့်အပြင် သူတို့ စားသောက်ထားသမျှကိုပါ ဦးရုက္ခစိုးက ရှင်းလိုက်ရလေတော့သည်။< Prev | Next > |
---|