ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၁၈)

ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့မှာ မနက်စောစော ချိန်းထားကြခြင်း ဖြစ်သည်။ သူတို့ ချိန်းဆိုထားကြသည့် မြန်မာထမင်း ဆိုင်သစ်သို့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ရောက်သွားတော့

ဦးရုက္ခစိုးကြီးကို အပေါ်ပိုင်းဗလာနှင့် တွေ့လိုက်ရသဖြင့် အံ့သြသွား ကြသည်။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးကြီး..။ ဘာဖက်ရှင်ထွင်ပြန်ပြီလဲဗျ။ မနက်စောစောစီးစီး ကိုယ်တုံးလုံး ကျွတ်ကြီးနဲ့ လေဖြတ်ဦးတော့ မှာပဲ။

ကြွက်စုတ်။    ။ သြော်မင်းကလည်း။ စုတေတဲ့နတ်ပဲရှိတာ။ ခု ဦးရုက္ခစိုးထွင်လိုက်မှ လေဖြတ်တဲ့နတ်ဆိုပြီး နာမည်ကြီးတော့ မှာပေါ့။ ဂင်းနစ်ဘုတ်အုပ်တွေ ဘာတွေထဲတောင် ပါချင်ပါသွားဦးမှာ။ ဟုတ်တယ်နော် ဦးရုက္ခစိုး။

ရုက္ခစိုး။     ။ ပြောစမ်းဟဲ့ ပေါက်ကရ။ မင်းတို့ကောင်တွေ မတွေ့လိုက်နဲ့ တွေ့တာနဲ့ ထင်ရာစွတ်ပြောဖို့ပဲ။ မြန်မာပြည်သွားဖို့ ကြိုးစားနေတာကွ။ မြန်မာပြည် သွားချင်တဲ့သူတွေ အနေနဲ့ ခုလို အင်္ကျီ ချွတ်တတ်ဖို့လည်း အရေးကြီးတယ်။ အဲဒါကြောင့် ငါကျင့်နေတာ။

ဖိုးရှုပ်။     ။ တခါမှ မကြားဖူးပါဘူးဗျာ။ မြန်မာပြည်သွားဖို့ အင်္ကျီချွတ် ကျင့်တယ်ဆိုတာ။

ကြွက်စုတ်။    ။ ဟာ.. ဟုတ်လား။ ဒါဆို မဆိုးဘူးပဲ။ အိန်ဂျလီနာဂျိုလီတို့ ပဲရစ်စ်ဟဲလ်တန်တို့ မြန်မာပြည်သွားမယ် သတင်း ကြားရင် ကျနော့်ကိုလက်တို့စမ်းပါ။ အဟိ။

ရုက္ခစိုး။    ။ ဟာ ဒီကြွက်စုတ်ကတော့ ပေါက်ကရပြောပြန်ပြီ။ ခုအချိန်က ဘာလဲ။ မင်းတို့ သတိမရကြဘူး မဟုတ်လား။ မြန်မာပြည်ရဲ့ အကြီးမားဆုံး လူထုအုံကြွမှုကြီးဖြစ်ခဲ့တဲ့ ၈ လေးလုံးနှစ် ၂၀ နှစ်ပတ်လည်လေ။ မှတ်မိကြသေးရဲ့လား။

ဦးရုက္ခစိုးကြီးက အသာစီးရပြီဆိုသောလေသံဖြင့် ဖိဟောက်လိုက်ရာ ဖိုးရှုပ် မခံချင်ဖြစ်သွားသည်။

ဖိုးရှုပ်။     ။ ဘာလို့မမှတ်မိရမှာလဲ ဦးရုက္ခစိုးရယ်။ ခုတောင် နေရာတကာ ၈ လေးလုံးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ တတ်နိုင် သလောက်လုပ်နေကြတဲ့ဟာ။ ဒါလောက်တော့ မနှိမ်ပါနဲ့ဗျာ။

ကြွက်စုတ်။     ။ ၈ လေးလုံး နှစ်ပတ်လည်နဲ့ အင်္ကျီချွတ်တာနဲ့ ဘာဆိုလို့လဲဗျ။

ရုက္ခစိုး။      ။ ဆိုင်ပါသော်ကောကွာ။ အခု နအဖက အင်္ကျီတွေ၊ ဦးထုပ်တွေကို သေသေ ချာချာ လိုက်စစ်နေတယ်လေကွာ။ တက္ကသိုလ်မှာ ဟိုအရောင်မဝတ်ရဘူး၊ ဒီအရောင် မဝတ်ရဘူးနဲ့ အမိန့်ထုတ်ထားတာ မသိဘူးလား။

ဖိုးရှုပ်။     ။ သြော် ဒါလား။ ဟုတ်တယ်လေ။ ၈ လေးလုံး နှစ်ပတ်လည်မှာ အရောင် လှုပ်ရှားမှုတွေ လုပ်မှာစိုးလို့ပါ။

ကြွက်စုတ်။     ။ သိပြီ၊ သိပြီ။ အဝတ်အထည် ရောင်းတဲ့ ဆိုင်တွေကိုလည်း ပြောထားတယ်တဲ့။ အနီရောင်တို့၊ အနက်ရောင် တို့ ဒီရက်ပိုင်း မရောင်းရဘူး ဆိုပဲ။ အဲဒါ ဆိုင်တွေအကုန်လုံး ပိတ်ပဲ ထားရမလို ဖြစ်နေတယ်တဲ့ဗျ။ ဦးထုပ်တွေ၊ တီရှပ်တွေ ကိုလည်း သေချာ စစ်တယ်တဲ့။

ရုက္ခစိုး။    ။ တက္ကသိုလ်က ဆရာ၊ ဆရာမတွေလည်း သနားပါတယ်။ သူတို့ခမျာ စာကောင်းကောင်းမသင်ရဘဲ ကျောင်းသား၊ ကျောင်းသူတွေ ဘာဝတ်လာလဲပဲ လိုက်ကြည့်နေရတော့တာတဲ့ကွ။

ဖိုးရှုပ်။    ။ လုံခြုံရေးတွေလည်း တင်းကျပ်ထားလိုက်တာ ခြေချစရာတောင် နေရာမရှိဘူးလို့ ကြားတယ်။ ရန်ကုန်မြို့ထဲမှာ တပ်စိတ်လိုက် ချီတက် ကင်းစောင့်နေတာ တိုက်ပွဲဖြစ်တော့မယ့် အတိုင်းပဲတဲ့။

ကြွက်စုတ်။    ။ သြော် ဒါကတော့ နအဖလည်း ၈ လေးလုံးကို သတိရပါတယ်လို့ ပြောချင်တာဖြစ်မှာပေါ့။ သူတို့က အထိမ်း အမှတ်အနေနဲ့ လုံခြုံရေးတွေချ၊ ဆိုင်တွေ စောစောသိမ်းခိုင်း၊ အင်္ကျီအရောင်တွေ လိုက်စစ်ပြနေတော့ မေ့နေတဲ့ သူတွေကို သတိပေးသလိုတောင် ဖြစ်ဦးမယ်။ ကျေးဇူးတင်သင့်တယ်ကွ။

ရုက္ခစိုး။     ။ အေး မင်းပြောတော့လည်း ဟုတ်နေသားပဲ။

ဖိုးရှုပ်။     ။ ဒါပေမယ့် ဦးရုက္ခစိုးရယ်။ အင်္ကျီကြီး ချွတ်ထားတာတော့ မသင့်ပါဘူး။ တော်ကြာ နအဖက ခင်ဗျားရဲ့ နံရိုးတွေကို ပတ္တလားမှတ်ပြီး တီးကြည့်နေဦးမယ်။ ခင်ဗျားက နတ်ပဲဟာ အဝါရောင်ဝတ်ပေါ့။ ဘာဖြစ်လဲ။

ရုက္ခစိုး။    ။ မဖြစ်ဘူးကွ။ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း အဝါလည်း မလွတ်ဘူးတဲ့။

ကြွက်စုတ်။     ။ ဒါလေးများ ဦးရုက္ခစိုးရယ်။ အမျိုးသမီးရေးရာကို ထောက်ခံတဲ့ အနေနဲ့ ဝတ်တာလို့ ပြောပေါ့ဗျာ။ သူတို့အမျိုးသမီးရေးရာလည်း နနွင်းရောင်ပဲဟာ။

ရုက္ခစိုး။    ။ ကြွက်စုတ်ရာ မင်းဟာက ငါ့ကို ဖုန်းကညာတပါး လုံးရာက ပြားအောင် အချွန်နဲ့ မ နေပြန်ပြီ။ တော်ပါတော့ နတ်သိက္ခာတော့ အကျမခံနိုင်ဘူး ငါ့ဟာငါ လေသင်ဓုန်းပဲဖြတ်ဖြတ်၊ လေဘရိတ်ဒါးပဲ ဖြတ်ဖြတ် အင်္ကျီကျွတ်နဲ့ ဗမာပြည် ဝင်တာ အန္တရာယ်ကင်းပါတယ်။

ထိုနေ့နံနက်က သူတို့သုံးဦး၏ စကားဝိုင်းမှာ အချင်း သိပ်မများလိုက်ရပဲ အဆုံးသတ်နိုင်လိုက်သဖြင့် ပဲပြုတ် ထမင်းဆီဆမ်း နှင့် လက်ဖက်ရည်ကို လွေးကြပြီးနောက် အေးအေးဆေးဆေး လမ်းခွဲလိုက်ကြတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်