ရလျှင်ရ မရလျှင်ချ (အပိုင်း ၂)

ကျနော်ရောက်နေသော တပ်ရင်းကိုလည်း ပြန်တွက်လိုက်၏။ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှုး၊ ရုံးအုပ် တပ်ထောက်နှင့် အချက်ပြ ဆက်သွယ်ရေးမှုးတို့သည် အင်္ဂလိပ်များဖြစ်ကြ၏။ တပ်ခွဲမှုးတို့သည် ကပြားများ ဖြစ်ကြ၏။ တပ်စုမှုးများမှာ ယခင်က အင်္ဂလိပ်လက်အောက်ခံတပ် ကဗဒါ၊ ဂျာမဒါ၊ ဆူဗေဒါများမှ ပြန်တန်းဝင်များ ဖြစ်လာကြသောသူများ ဖြစ်ကြ၏။ သူတို့တတွေသည် ကန္နီစာချုပ်အရ အင်္ဂလိပ်များက အဆင့်တိုးပေးလိုက်ရသည်ဖြစ်၍ မြန်မာဘက်က မြင်ဟန်မရှိ။ သူတို့သခင် အင်္ဂလိပ်များကပေး၍ ရကြသည်ဟု မြင်နေကြသော သူများလည်း ဖြစ်နေကြ၏။ တပ်တတပ်လုံး ခြုံလိုက်က အင်္ဂလိပ်နှင့်ကပြားများ ကြီးစိုးထားသော တပ်ရင်းဖြစ်နေ၏။

U_Lun_Tin၎င်းတို့ကြားတွင် ကျနော်တယောက် ခွေးနေရာ မရသလို၊ ဟိုမရောက် ဒီမရောက် ဖြစ်နေ၏။ တပ်တွင်း၌ တိုင်ပင်စရာ ဆို၍လည်း စိတ်ချရမည့်သူ တယောက်မှ မတွေ့ရသေး၊ တပ်ရင်း (၄)မှ ဗိုလ်သက်ထွန်း(တပ်မတော် တောခို နစ်ဖြူ) တယောက်လည်း ကျနော်နှင့် အတူပင် တပ်ရင်း (၁) သို့ပြောင်းရွှေ့ရန် အမိန့်တနေ့တည်း ကျလာ ပါသော်လည်း သူသည် ကလောရှိ ခေါင်းဆောင်ငယ် သင်တန်း တက်နေသည့်အတွက် မပြောင်းရွှေ့လာသေး၊ ဗမာ့ ကာကွယ်ရေးတွင် ပါဝင်ခဲ့သော အင်္ဂလိပ်လက်အောက်ခံ စစ်သားဖြစ်သော ဗိုလ်စိန်တင် (တပ်မတော် တောခို နစ်ဖြူ) တယောက်လည်း အိန္ဒိယတွင် မော်တော်ယာဉ် သင်တန်း တက်နေ၍ ပြန်မရောက်လာသေး။ သူတို့နှစ်ယောက်စလုံး မရှိတောင် တယောက်ရှိနေလျှင် တိုင်ပင်ဖော် တိုင်ပင်ဘက် ရနိုင်သေးသည်။ နှစ်ယောက်စလုံး မရှိတော့ ကျနော် အခက်ကြုံနေရ၏။

တပ်တွင်းရှိ ကျန်တိုင်းရင်းသား အရာရှိနှင့် တိုင်ပင်ရအောင်လည်း သူတို့အကြောင်းကို ကျနော် ကောင်းစွာ မသိရသေး၊ သိရသမျှလည်း အားမရ၊ သူတို့တတွေကား သနားစရာကောင်းသော ရောဂါစွဲကပ်နေ၏။ ထိုရောဂါသည် လူမျိုးပျောက် ရောဂါပင်ဖြစ်၏။ အမေဗမာ၊ အဖေဗမာ ဖြစ်ကြသော်လည်း ဘယ့်နှယ် ရှားရှားပါးပါး အင်္ဂလိပ်သွေး ပါလိုမှန်းမသိပေ၊ သူတို့ အချင်းချင်း မျက်လုံးပြာလာပြီး၊ နှာခေါင်းနီလာပြီး ဟုအားပေးကြပြီး၊ မျက်လုံးတကယ် ပြာလာသည်ဟု ထင်မှတ်လာကြ၏။ နှစ်ခေါင်းနီလာပြီဟုလည်း တကယ်ယုံကြည်ကြ၏။ မည်မျှစိတ်ဝင်စား၍ မှန်ကြည့်ကြသနည်းဟု ဆိုသော် ထိုရောဂါသည် တယောက်သည် မှန်ကြည့်ရင်းနှင့် သူ့နားရွက်ပါ ထူလာသလိုလို ရှိလာသည်ဟု ထင်မှတ်ပြီး ကယောင်ကတမ်း စိုးရိမ်မှတ်သို့ပင် ရောက်သွား၏။

၎င်းတို့သည် ပိုက်ဆံကိုတော့ အရမ်းစုကြ၏။ ၄င်းတို့ကိုယ်ပိုင်နံပါတ်သည် နောက်ကျ ပြီးမှ ပြန်တန်းဝင်အရာရှိ ဖြစ်လာသည့်အညီ ကြီးသော်လည်း အင်္ဂလိပ်တို့ကောင်းမှုကြောင့် ကြိုတင် ပြန်တန်းဝင်ဖြစ်သော အရာရှိတို့ကို ကျော်လွှားပြီး တနှစ်ကျော်မျှ ရှေ့တိုးပြီး ပေးလိုက်ကြ၏။ တပ်မတော်မှ ခေါင်းဆောင်များနှင့် တနေ့တည်း ခန့်ထား လိုက်သည့်သဘောကို အင်္ဂလိပ်တို့က ပြုလုပ်လိုက်ကြ၏။ နေက်တိုး ခန့်ထားမှု (Back dated) ကြောင့် တယောက် တယောက်လျှင် ထောင်လိုက်ချီပြီး ဘဏ်တွင် ငွေ လုံးကနဲ ခဲကနဲ ရသွားကြရာ၊ ထိုငွေကို တိုးပွားလာအောင် လစာကို ခြိုးခြံပြီး၊ ငွေသွန်ပြီး စုဆောင်းနေကြတော့၏။ သူတို့တတွေသည် အင်္ဂလိပ်တို့ကိုလည်း အတော်ကျေးဇူးတင်နေကြ၏။

ကျနော်နှင့် အ၀တ်တဲတွင် တတဲထည်း နေထိုင်သူသည် (၁၈)နှစ်သား ကတည်းက ယခင်အခေါ် ဘီအမ်ပီ (စစ်ပုလိပ်) ထဲသို့စစ်သားအဖြစ်နှင့် ၀င်ခဲ့၏။ တဖြည်းဖြည်းနှင့် တိုးတက်ခဲ့ရာတွင် ဂျမဒါ ဘ၀မှ ပြန်တမ်းဝင် ဖြစ်လာသူ ဖြစ်၏။ သူသည် ပညာအခြေခံ မရှိခဲ့၊ တပ်တွင်း ပညာနှင့် တိုးတက်လာသူ ဖြစ်၏။ သူသည် အင်္ဂလိပ် ဘာလုပ်လုပ် အကောင်းချည်းဘဲဟု အောက်မေ့သူလည်း ဖြစ်သည်။ အင်္ဂလိပ်တို့က ရေချိုးရာတွင် အင်္ဂလိပ်သီချင်း တကြော်ကြော်နှင့် အော်ပြီး ရေချိုးကြသည်ကို သူကလည်း အတုခိုးပြီး၊ ရေချိုးရာတွင် “မွန်း အိုးဘား သမောင်းတိန်း” (Moon over the mountain) ဟုအော်ပြီး ဆို၏။ အ၀တ်တဲတွင် ရှိနေစဉ်ပင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ပြီး အင်္ဂလိပ် ဂေါ်ရာ စစ်သားတို့ အသုံးများသော ဘူလ်ရှစ် (Bull shit) တိုက်ရိုက်ပြန်သော် နွားချေး၊ အဓိပ္ပာယ်ကောက်သော် အလကား၊ ညာခြင်း၊ ဖြီးခြင်း ဟူ၍ ပြောတတ်သော စကားကို အတုခိုးပြီး လိုက်ရွတ်နေတော့၏။ တနေ့တွင် ကျနော်က မနေနိုင်၍ ခင်းဗျား ဘာလုပ်နေသလဲဟု မေးလိုက်ရာတွင် သူက အင်္ဂလိပ်ပြောပုံကို အတုခိုး သင်နေတာပါဟု ဖြေ၏။ အဓိပ္ပာယ်ကော သိလားဟု မေးလိုက်ရာ ဆဲတာလေဟု သူကပြန်ဖြေ၏။

ကျနော်တို့ နေရာနှင့် တလမ်းကျော် အိမ်ထောင်စုလိုင်းတွင်လည်း အ၀တ်တဲများ ထိုးကာ အိမ်ထောင်စု အချို့ နေကြ၏။ ကျနော်တို့ အ၀တ်တဲနှင့် မျက်နှာချင်းဆိုင်တွင်ပင် လင်မယားနှစ်ယောက် ရှိ၏။ ကလေးတော့ မရှိကြပါ။ နှစ်ယောက်လုံးက တောမှ ဖြစ်ကြ၏။ ယောက်ျားမှာ တပ်တွင်း ပညာရေးအခြေခံနှင့် တိုးတက်သူ ဖြစ်ပြီး၊ အင်္ဂလိပ်စကား အတုခိုး အလွန်ကောင်း၏။ အင်္ဂလိပ် စကားကို အင်္ဂလိပ်အသံနှင့် လုပ်ပြီးပြောနိုင်၏။ သူတို့နှစ်ယောက်စလုံး မှာလည်း မျိုးပျောက်ရောဂါ ဖြစ်နေ၏။ ကုသိုလ်ကံ မကောင်း၍ ဗမာ ဖြစ်ရသည်ဟု ယုံကြည်ကြပြီး၊ သူတို့မိဘတို့ကိုလည်း သူတို့မှ မွေးရသလောဟု အပြစ်တင်လိုသော လူတန်းစားပေ။

သူတို့နှစ်ယောက်သည် နေ့ခြင်းညခြင်းပင် ဟင်နရီနှင့် မေရီဖြစ်သွားကုန်ကြ၏။  မေရီခမျာ အင်္ဂလိပ်စကား မဆိုထားဘိ၊ ကျောင်းပင် နေခဲ့ရသည် မဟုတ်ရှာပါ။ တကယ့် တောသူမှ တောသူ အစစ်ပေ။ ဤနေရာ၊ ဤရာထူးမျိုးသည် သခင်ကြီး၊ မျက်နှာဖြူ ဗိုလ်ကြီးတွေသာ ဖြစ်ကြ၍ ယခု သူတို့တတွေလည်း သခင်ကြီး၊ မျက်နှာဖြူတွေ ဖြစ်ကုန်ကြပြီး ဟုယူဆဟန် တူပါ၏။ သူတို့နှစ်ဦး သနားစရာ ကောင်းသည်မှာ တကိုယ်လုံး ကြည့်လျှင် အသွင်ပြောင်း ထားသော ဟင်နရီနှင့် မေရီ နာမည်မှအပ တခုမှ အင်္ဂလိပ်နှင့်တူသောအသွင် မရှိခြင်းပင်ဖြစ်၏။

ကပြားများဟု သူတို့၏ ပါရှိသော သွေးကိုကြည့်ပြီး ခေါ်ဝေါ်သော်လည်း သူတို့ကလည်း သူတို့ကိုယ် သူတို့ အင်္ဂလိပ်ဟု ယူဆနေကြ၏။ သူတို့သည် စစ်မဖြစ်မီက များသောအားဖြင့် အဆင့်မမြင့်သော အလုပ်ကို လုပ်ကိုင်ခဲ့သူ များသာဖြစ်၏။ သူတို့သည် တဦးမှအပ ကိုယ်လွတ် လက်လွတ် များသာဖြစ်၏။ သူတို့ကလည်း ရောဂါတခု စွဲကပ်နေ၏။ မြန်မာပြည်၌ မွေးပြီး မြန်မာပြည်၌ ကြီးလာကြသောသူများ ဖြစ်သော်လည်း မြန်မာပြည်ကို သူတို့ပြည်ဟု မယူဆ၊ သူတို့၏ အမိတိုင်းပြည် အင်္ဂလန်ကို ပြန်ကြမည်ဟု ပြောဆိုကြံရွယ် နေကြသူများဖြစ်၏။ အင်္ဂလန်သို့ မသွားနိုင်သော လူများက လူအရမ်းလိုသော သြစတြေးလျ တိုင်းပြည်နှင့် နယူးဇီလန် တိုင်းပြည်သို့ သွားရောက်နေထိုင် ကြရန် လုံးပမ်းနေကြ၏။ သို့အတွက် လသာတုံး ဗိုင်းငင် ဟူဘိသကဲ့သို့ စစ်တပ်တွင် ရာထူးကလေး ရထားတုန်း ပိုက်ဆံကို အရမ်းစုနေကြ၏။ မြန်မာထက် အင်္ဂလိပ်ကို ကပ်၍ ပေါင်း၏။

တယောက်သော ကပြားသည်ကား ယခင်က မီးရထား ဂါတ်ဗိုလ် လုပ်ခဲ့သည်ဟု ဆို၏။ စိတ်ထားလည်း ကောက်ကျစ်လှ၏။ အတွင်းစိတ်ထား ကြောင့်လောမသိ၊ အပြင်ကရုပ်ကလည်း ကောက်ကျစ် စဉ်းလဲသော မျက်နှာ ထွက်နေတော့သည်။ ကျန်ကပြားများ တကိုယ်ကောင်းကြံသော စိတ်ထားပီပီ သူတို့ အရေးအခင်းလောက်သာ စိတ်ဝင်စားနေသော်လည်း ဤသူမှာတော့ သူ့အဘို့လည်း လုပ်သည်၊ မြန်မာများကိုလည်း သွေးခွဲ၏။ သူတို့ကို သခင်လို့ ယူဆထားသော မြန်မာများကို သိမ်းသွင်း မြှောက်ပင့်ပြီး၊ တော်လှန်ရေးမှ လာသော သူများနှင့် သွေးခွဲ၏။ တော်လှန်ရေးသမားများကို သူသည် အလွန် မုန်းတီး၏။ ကြေက်လည်းကြောက်၏။ ရွံလည်းရွံ၏။

တဘက်က အဆိုးဆုံး တယောက်ရှိသလို၊ ကပြားများကြားတွင် အကောင်း တယောက်လည်း ပေါ်ထွက် လာသေး၏။ သူကတော့ ဗိုလ်မှုးဘား (Major Barr - နောင်တွင် တပ်မတော်မှ ဒုဗိုလ်မှုးကြီးဟောင်း မျိုးအောင်) ဖြစ်၏။ သူသည် အရာရှိရိပ်သာတွင် မနေ၊ အိမ်ထောင်သည် ရိပ်သာတွင် သူ့သားမယား အိမ်ထောင်စုနှင့် အ၀တ်တဲတခုတွင် နေထိုင်ခြင်းကြောင့် ကျန်ကပြားများနှင့် လည်းကောင်း၊ အင်္ဂလိပ်များနှင့် လည်းကောင်း အလုပ်ချိန်မှအပ ဆက်ဆံမှုမရှိပေ။ အလုပ်နှင့်အိမ် သို့သာ သွားလာမှုရှိ၍ အရာရှိရိပ်သာသို့ မလာတတ်ချေ။

သူတို့ လင်မယားက ဖိတ်ကြားသည့်အတွက် နေ့အား တနေ့တွင် သူတို့အ၀တ်တဲသို့ နံနက်စာထမင်း သွားစားဘူး၏။ လင်ရော မယားပါ အင်္ဂလိပ်အ၀တ်ကို ၀တ်ဆင် ထားသော်လည်း ဗမာစိတ် ပိုများသည်ကို တွေ့ရလေ၏။ အခန်းများကို အင်္ဂလိပ်များလို သပ်သပ် ရပ်ရပ် လှလှ ပပ၊ ရှင်းရှင်း လင်းလင်း ပြင်ဆင်ထားသော်လည်း အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုတို့မှာ ဗမာဘက် သန်လှပါ၏။ သူတို့၏ ကလေးများကို စကားပြောရာတွင် ဗမာရော အင်္ဂလိပ်ရော၊ ရောပြီးပြော၏။ တော်လှန်ရေးမှ လာသော ကျနော့်ကို တပ်တွင် ဗမာအရာရှိ အိမ်များကပင် အိမ်လာလည်ရန် မဖိတ်ခေါ် ကြသော်လည်း သူတို့တတွေကား တော်လှန်ရေးသမားကို အထင်တကြီးနှင့် ဆက်ဆံပြီး ထမင်းစားပင် ဖိတ်ခေါ်ကြ၏။ ကပြားချင်းတူသော်လည်း ကောင်းသော ကပြားကျတော့လည်း ဆိုးသော ဗမာထက်ပင် ချစ်စရာကောင်းသည်ကို တွေ့ရပြန်၏။

ကျန် အင်္ဂလိပ် စစ်ဗိုလ် ၄၊ ၅ ဦးမှာတော့ တပ်ရင်း၏ အချက်အခြာနေရာကို ထိမ်းသိမ်းထားပြီး၊ ရုံးတွင်းလုပ်ငန်းသာ လုပ်ကြသည့်အတွက် တပ်နှင့်ကင်းကွာကြ၏။ သူတို့ဘာသာ နေကြ၏။ ၎င်းတို့အထဲ၌ပင် ဆက်သွယ်ရေး အရာရှိ ဂရေဟန်ဆိုသူ တဦးကတော့ ဘာသိဘာသာ မနေတတ်၊ မြန်မာများ နှင့် လိုက်ရောတတ်၏။ မြန်မာထဲမှာပင် သူတို့အကြောက်ဆုံး တော်လှန်ရေးသမား ကျနော့်ကိုပင် ရင်းရင်းနှီးနှီး လာရောက်ဆက်ဆံ၏။ သူကိုယ်တိုင်က လေဘာအဖွဲ့ဝင်တဦး ဖြစ်ကြောင်းလည်း ပြော၏။ မြန်မာပြည်မှပြန်လျှင် သူ့အမေအဖေတို့နှင့်အတူ ကိုယ်ပိုင် ကုန်စုံဆိုင်တွင် ပြန်လုပ်မည်ဟုဆို၏။  

ဤတင် မကသေး၊ မြန်မာများရပ်ကွက်သို့ သွားလိုသည်။ မြန်မာများနှင့် အသိဖွဲ့လိုပါသည်ဟု ကျနော့်အား ပူဆာသည့်အတွက် တညတွင် သူ့ကို မြို့တွင်းသို့ တိတ်တဆိတ်ခေါ်ပြီး လျှောက်လည်ခဲ့ကြသေး၏။ အပြန်တွင် ညက မှောင်မှောင်၊ လူက တိတ်ဆိတ်ချိန်တွင် ကာလသားတို့ ထုံးစံအတိုင်း ကျနော်က စစ်ချီသီချင်း အော်ဆို၊ သူကလည်း အင်္ဂလိပ်သီချင်းကို လမ်းမပေါ်တွင် အော်ဟစ်ကာ ဆိုခဲ့ကြသေး၏။ သူကျတော့လည်း အင်္ဂလိပ်လူမျိုးတို့၏ စိတ်မှန် ပြသည်ဟု ကျနော် ထင်ပါသည်။ အင်္ဂလိပ်စစ်စစ်က ကပြားထက်တော့ ဤနေရာတွင် ပုံမှန် ဖော်ထုတ်ပြနေသည်ဟု ကျနော် ထင်ပါသည်။

တယောက်သောသူလည်း ရှိသေး၏။ သူသည် ဗမာ မဟုတ်သော တိုင်းရင်းသားတယောက်ဖြစ်၏။ သူ့ကို ဤတပ်ရင်းတွင် တွေ့ရတော့ ကျနော် အတော်အံ့အားသင့်သွား၏။ သူသည် ဤတပ်ရင်းတွင် ကောင်းစားနေ၏။ သူသည် ရာဇ၀င်နှင့်လာ၏။ ဂျပန်များမ၀င်မီ၌ သူသည် တပ်တွင် အရာရှိဖြစ်၏။ အင်္ဂလိပ်အပြေးတွင် မြန်မာပြည်တွင် နေရစ်၏။ အင်္ဂလိပ်တို့ကို ပစ်ပြေးသည်ဟု ဆိုက ပိုမှန်၏။ ဂျပန်ခေတ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ၀င်ရောက်၏။ ဂျပန်တော်လှန်ရေးတွင် တော်လှန်ရေးကို သစ္စာဖောက်ပြီး ဂျပန်ထံ အညံ့ခံ၏။ ဟော - အင်္ဂလိပ်များ ပြန်ဝင်လာတော့လည်း သူ ပြန်ကောင်းစားပြီး ဤတပ်တွင် အခန့်သား တွေ့နေရပြန်၏။ ဤတပ်တွင် သူ့အကြောင်းကို ကျနော်သာသိ၏။ သူကလည်း သူ့အကြောင်း ပြောမည်စိုး၍လားမသိ ကျနော်နှင့်တွေ့သည်ပင် သူ့နောက်ကြောင်းကို မဟ၊ မသိသလို နေ၏။ သူ့အကြောင်းကို သူမပြောစေလို။ ကျနော်ကလည်း သူ့ထက်ပင် သဲသေး၏။ သူ့ကို ဗမာ့ကာကွယ်ရေးမှ ရဲဘော်တဦးဖြစ်ကြောင်း ထုတ်ပြောရန် စိတ်ပင်မကူး။ ပြောရမည်တောင် ရှက်၏။ သူသည် မြန်မာများနှင့် အပေါင်းအသင်းမလုပ်။ အင်္ဂလိပ်၊ ကပြားများနှင့်သာ ပြောဆိုဆက်ဆံလို၏။ အင်္ဂလိပ်တို့က ဘာသိဘာသာ နေထိုင်တတ်၍ ဆက်ဆံမှု မရှိသော်လည်း ကပြားများကား သူ့အိမ်သို့ ၀င်ထွက်သွားလာတတ်လေ၏။

သူတို့တတွေအကြောင်းကို စဉ်းစားလာရင်းနှင့် လျှောက်ခဲ့သည်မှာ တပ်ဝင်းဝသို့ပင် ရောက်လာပြီကော။

တပ်တခုလုံးလည်း တိတ်ဆိတ်နေ၏။ မှောင်နေပါ၏။ မှောင်သလင်းဝယ် အ၀တ်ဖြူဖြူ တဲဖွေးဖွေးတို့သည် အစီအရီနှင့် တန်းစီနေ၏။

ကျနော်လည်း တပ်ဝင်းအလယ်ရှိ အရာရှိရိပ်သာသို့ လျှောက်လာခဲ့၏။ ကျနော်တို့၏ အ၀တ်တဲတွင်းသို့ ကြည့်လိုက်ရာတွင် အခန်း အတူကျ ရဲဘော် အရာရှိမှာ ခြင်ထောင်ချပြီး အိပ်မောကျနေသည်ကို တွေ့ရ၏။

ကျနော်လည်း ဖြည်းဖြည်းနင်းပြီး အ၀တ်လဲကာ စစ်စည်းကမ်းအရ ချထားသော ခြင်ထောင်ကို မ ပြီး၊ ကုလားကြိုး ကုတင်ပေါ် ပစ်လဲလိုက်၏။

အိပ်၍ကား မရသေး။ ပက်လက်လှန်၊ နဖူးပေါ် လက်တင်ပြီး ဆက်၍ စဉ်းစားလိုက်၏။

ဤလူများ၊ ဤအခြေအနေနှင့် အရေးတော်ပုံသာ ဖြစ်လာလျှင် ဘာလုပ်ရမည်နည်း။ ဘယ်အခန်းမှာ ဘယ်လို ကရမပါ့မလဲ။

တပ်ကိုလည်း ပိုင်ပိုင်နိုင်နိုင် မစည်းရုံးနိုင်သေး။ တပ်အကြောင်းကိုလည်း ကောင်းစွာ မသိရသေး။ ရောက်လာသည်မှာလည်း တလမျှသာ ရှိသေး၏။ တပ်ကို စွန့်ပြီး တကိုယ်တော်ပင် ထွက်ရပ်လမ်း ရှာမည်လော။ အချိန်ယူပြီး အောက်ခြေပိုင်းကို သိမ်းသွင်း စည်းရုံးသွားရမည်လော။ ပြည်သူ့အရေးတော်ပုံတပ်သားများကို တပ်တွင်းမှ လက်နက်များနှင့် မည်သို့ တပ်ဆင်သွားမည်နည်း။

ကျနော်သည် အကြံအမျိုးမျိုး ထုတ်ပြီး အကြံ အိုက်နေလေ၏။ တခုခုတော့ လုပ်ရမည်။ အခြေအနေ ကြည့်ပြီး လုပ်ရမည်လော၊ အလျင်စလို လုပ်ရမည်လော။

ဟိုလှည့်ဒီလှည့်နှင့် ကျနော် စဉ်းစားနေပြန်၏။ ဆုံးဖြတ်ချက် မရသေး၍ အိပ်၍လည်းမရ ဖြစ်နေ၏။

နောက်ဆုံးတွင် အဖြေကား ပေါ်လာ၏။ ဤအရေးသည် မိမိတဦးတည်းအရေးလည်း မဟုတ်၊ တတိုင်းပြည်လုံး အတိုင်းအတာနှင့် ဖြစ်၏။ တပ်အသီးသီးလည်း ရှိသေး၏။ အခြေအနေလည်း မည်သို့ ပြောင်းလဲလာမည် မသိသေးချေ။ အခြေအနေအရ ဖြစ်ပေါ်လာသလို မီးစင်ကြည့်ပြီး ကသွားမည်။ ဤကြားတွင်တော့ အရှိန်မပျက် ပြင်ဆင်မှုများတော့ ပြုလုပ်သွားမည်။ ဗိုလ်တင်ဦးနှင့်တော့ အဆက်အသွယ် မပြတ်ရေးသာ အရေးကြီးသည်။ ပြောင်းလဲလာသော အခြေအနေကို ဗိုလ်တင်ဦးနှင့် ညစဉ် လျှို့ဝှက် တွေ့ဆုံ ဆွေးနွေးသွားကြမည်။

ကျနော်၏ တင်းသောစိတ်ကို ဖြေချလိုက်ပါပြီ။ နက်ဖြန်ည အရာရှိများနှင့်အတူ ရိပ်သာတွင် ထုံးစံအတိုင်း ကိုယ့်အရက်ခွက်ကိုယ် လက်မှတ်ထိုးဝယ်သောက်ပြီး သူတို့ကြားတွင် ဒိုဘီကျစစ်ဝတ်စုံ အကျသား ၀တ်ပြီး၊  ရောပြီး စတိုင်အတင်းသားနှင့် ထိုင်ပြီး တပ်ရင်းမှူးနှင့်အတူ အရာရှိအားလုံး ညစာကို ည ၈ နာရီတွင် စားကြမည်။ ၉ နာရီတွင် တပ်ရင်းမှူးက ထပြန်မည်။ သူပြန်သည်နှင့် ကျနော်လည်း တဲကို ပြန်ပြေးပြီး၊ အ၀တ်လဲပြီး ဗိုလ်တင်ဦး ဗိုလ်တင်ဦး(မကွေး) နှင့် ချိန်းထားရာသို့ အပြင်း သွားမည်။ ဆက်၍ ဆွေးနွေးကြမည်။

“တောင် - တောင် -” ဟူ၍ သံချောင်း ၂ ချက်ထိုးသံလည်း ကြားရလေပြီ။ နာရီပြန် ၂ ချက်တီးပင် ရှိနေတော့ပြီ။

ကျနော်လည်း အဖြေတွေ့၍ စိတ်ပေါ့သွားပြီးသည့်အလျောက် နံနက် ၆ နာရီခွဲ ထနိုင်ရန် မျက်စိ အတင်းမှိတ်ပြီး အိပ်လိုက်လေတော့၏။

ဗိုလ်မှူးကြီးဟောင်းလွန်းတင် (ဗိုလ်ဟင်္သာ)သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သည်။ သူကြုံတွေ့ခဲ့ရသည့် ဗမာ့တပ်မတော်၏ ၁၉၄၇ ခုနှစ် အခြေအနေ တချို့ကို ရလျှင်ရ မရလျှင်ချ ခေါင်းစဉ်ဖြင့် အပိုင်း ၂ ပိုင်းခွဲပြီး တင်ဆက်ခဲ့ခြင်း ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်