ဧရာဝတီသတင်းဌာန စာနယ်ဇင်းကျင့်ဝတ်လမ်းညွှန်

နိဒါန်း

၂၀၀၇ ခုနှစ်မှစ၍ ဧရာဝတီသည် စာနယ်ဇင်းကျင့်ဝတ်များကို စနစ်တကျလိုက်နာကျင့်သုံးခဲ့ပါသည်။ ထို့သို့ဆောင်ရွက်ခြင်း မှာ ဧရာဝတီ သတင်းဌာန၏ ၀န်ထမ်းများအားလုံး သတင်းစာပညာရပ်ပိုင်း ဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာတို့တွင် မှန်မှန် ကန်ကန် လေ့ကျင့် အသုံးချနိုင်ရန်၊ ဧရာဝတီစာဖတ်သူများ အတွက် တိကျမှန်ကန်သော သတင်း အချက် အလက် များကို ရေးသားတင်ပြနိုင်ရန် ရည်ရွယ်သည်။ ဤစာနယ်ဇင်းကျင့်ဝတ် စည်းကမ်းများသည် ဧရာဝတီ သတင်း ဌာန ၀န်ထမ်းများ အားလုံးအတွက် ဖြစ်ပြီး နိုင်ငံပြင်ပတွင် အခြေစိုက်သော ဧရာဝတီ၏ ၁၉ နှစ်တာ ကာလအတွင်း ရရှိခဲ့သောအတွေ့အကြုံများနှင့် အတူ နိုင်ငံတကာ စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ရေးသား ပြုစုထားခြင်း ဖြစ်သည်။ ဧရာဝတီသတင်းဌာန၏ တိုးတက် ပြောင်းလဲလာသည့် အခြေအနေနှင့် အညီ ဤလမ်းညွှန်ချက်များကို အနာဂတ်တွင် လည်း ပြင်ဆင်ဖြည့်စွက် မွမ်းမံမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဤလမ်းညွှန်ချက်သည် ဧရာဝတီ သတင်းဌာနတွင် ပုံမှန် ရေးသားသူများ၊ ပြင်ပမှ ရေးသား ပေးပို့သော စာနယ်ဇင်း သမား များ အားလုံး လိုက်နာ ကျင့်သုံးရန်အတွက် ဖြစ်သည်။ အထက်ပါ ပုဂ္ဂိုလ်များတွင် ဧရာဝတီ၏ အယ်ဒီတာများ၊  သတင်းထောက်များ၊ ဓာတ်ပုံဆရာများ၊ စာတည်းများ(ကော်ပီအယ်ဒီတာ)၊ ပြင်ပမှ ရေးသား ပေးပို့သူများ၊ ပြည်တွင်းမှ ဧရာဝတီ သတင်းထောက်များ၊ ဒီဇိုင်းပညာရှင်များ၊ ကာတွန်းဆရာများ၊ ပန်းချီဆရာများနှင့် သုတေသနပြုသူများ ပါဝင်သည်။

ဤကျင့်ဝတ်လမ်းညွှန်လက်စွဲကို ဧရာဝတီသတင်းဌာနတိုက်ရှိ ၀န်ထမ်းအားလုံး သေချာစွာ ဖတ်ရှုပြီး လိုက်နာ ကျင့်သုံး ရမည်။ အကယ်၍ သတင်းဌာန ၀န်ထမ်းတဦးဦးသည် ဤကျင့်ဝတ်စည်းကမ်းများကို သိလျက်နှင့် ချိုးဖောက်ခဲ့လျှင် အဆိုပါ ၀န်ထမ်းသည် အလေးအနက် သတိပေးခံရခြင်း၊ သို့မဟုတ် အလုပ်မှ ထုတ်ပယ်ပစ်ခြင်း အထိ အရေးယူခံရနိုင် သည်။

ဤလက်စွဲလမ်းညွှန်နှင့် ပတ်သက်ပြီး အကြံပြုလိုပါက ဧရာဝတီသတင်းဌာန၏ အယ်ဒီတာချုပ်နှင့် တာဝန်ခံ အယ်ဒီတာ တို့ထံ အကြံပြုနိုင်ပါသည်။ သို့မဟုတ် အယ်ဒီတာထံသို့ အီးမေးလ်ပေးပို့နိုင်ပါသည်။ ဧရာဝတီ ကျင့်ဝတ်လက်စွဲလမ်းညွှန် နှင့် ပတ်သက်သော အကြံဉာဏ်များကို အမြဲ ကြိုဆိုပါသည်။

သစ္စာရှိမှု၊ ရိုသားမှုနှင့် လုပ်ငန်းခွင်စည်းမျဉ်းများ

ဧရာဝတီမဂ္ဂဇင်းသည် စာဖတ်ပရိသတ်နှင့် ပြည်သူလူထု(မြန်မာ)အပေါ် သစ္စာရှိရမည်။

သတင်း အချက်အလက် မှန်ကန်ခြင်း

ဧရာဝတီသတင်းဌာနသည် တိကျသော၊ အတည်ပြုနိုင်သော သတင်း အချက်အလက် အမှန်များကိုသာ စာဖတ် ပရိသတ်အတွက် ရေးသား တင်ပြရမည်။ သတင်းဌာန ၀န်ထမ်းများသည် အခြား သတင်းဌာနမှ ကူးယူ ဖော်ပြခြင်း (Plagiarism) သို့မဟုတ် သတင်းမှားများ ရေးသားခြင်းကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်။

သတင်းဌာန ၀န်ထမ်းများသည် အခြားသတင်းဌာနများမှ ဦးဦးဖျားဖျား သတင်းများ၊ အချက်အလက်များကို ဖော်ပြမည် ဆိုလျှင် ထိုသတင်းဌာနများမှ ရယူကြောင်း ပွင့်လင်း ရိုးသားစွာ ရည်ညွှန်း ဖော်ပြရမည်။

သတင်းဌာန ၀န်ထမ်းများသည် စာဖတ်ပရိသတ်များအပေါ် ရိုးသားမှု ရှိရမည်။ အကယ်၍ ဧရာဝတီတွင် လွဲမှားသော သတင်းအချက်အလက်များကို ရေးသားဖော်ပြခဲ့လျှင် ထိုလွဲမှားမှုကို ၀န်ခံ၍ ပြန်လည်ပြင်ဆင်ပြီး ဧရာဝတီ ၏ အင်္ဂလိပ် နှင့် မြန်မာ အင်တာနက်စာမျက်နှာများရှိ အမှားပြင်ဆင်ချက်ကဏ္ဍတွင် ဖော်ပြရမည်။

သတင်း ရယူခြင်း

သတင်းမရယူမီနှင့် တွေ့ဆုံမေးမြန်းမှုများ မလုပ်ဆောင်မီ ဧရာဝတီ သတင်းထောက်များသည် မိမိ မည်သူမည်ဝါ ဖြစ် သည်ကို ဖော်ပြရန် လိုအပ်သည်။ သတင်းရယူနေစဉ်အတွင်း မိမိကိုယ်ကို ရဲဝန်ထမ်း၊ စီးပွားရေးသမား၊ အစိုးရ မဟုတ် သည့် အဖွဲ့အစည်းတခု၏ ၀န်ထမ်း၊ လူမှုအခွင့်အရေး လှုပ်ရှားသူ၊ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတွင် ပါဝင် လှုပ်ရှား နေသူ ဖြစ်သည်ဟု မပြောဆိုရ။

သို့သော်လည်း သတင်းထောက်ဖြစ်ကြောင်း မဖော်ပြနိုင်သော အခြေအနေတချို့ ရှိနိုင်သည်။ ဥပမာ သတင်းထောက် များ ကို ဗီဇာ ထုတ်မပေးသော နိုင်ငံများသို့ သွားရောက်ခြင်း၊ စီးပွားရေး လုပ်ငန်းတခု အတွင်း ဖြစ်ပွားသည့် အဂတိ လိုက် စား မှုနှင့် စီးပွားရေး အရှုပ်တော်ပုံများ၊ နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်များနှင့် စစ်ရေးဆိုင်ရာ သတင်း အချက်အလက် များ ကို စုံစမ်းရှာဖွေခြင်း စသည့် အခြေအနေမျိုးတွင် သတင်းထောက်ဖြစ်ကြောင်း မပြောဘဲ နေနိုင်သည်။

တွေ့ဆုံ မေးမြန်း သတင်းယူသည့်အခါ အသံသွင်း မှတ်တမ်းတင်မည် ဆိုလျှင် တွေ့ဆုံမေးမြန်းသူကို အသိပေးရမည်။ သတင်းထောက်များသည် သတင်းများကို ပြန်လည် ပြင်ဆင်နိုင်ရန် သို့မဟုတ် အတည်ပြုနိုင်ရန် အတွက် အသံ သွင်း ထားသည့် မှတ်တမ်းများကို မိမိ၏ ကွန်ပျူတာတွင် အနည်းဆုံး ၃ လ  (လိုအပ်လျင် ၃လ ထက်ပို၍) သိမ်းဆည်း ထား သင့်သည်။

သတင်း အချက်လက်ပေးသူများ (Sources)

သတင်းထောက်များသည် မိမိထံသို့ သတင်းအချက်အလက်ပေးပို့သူများ အစဉ် တိုးပွားရန် လုပ်ဆောင်နေရမည်။ သတင်း အချက်အလက်ပေးသူများနှင့် နီးစပ်သည့် အခြေအနေမျိုးတွင် အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်သောကြောင့် ထိုသူများနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ(ဥပမာ ငွေရေးကြေးရေး၊ ပုဂ္ဂိုလ်ရေး အရှုပ်အထွေး) မဖြစ်စေရန် ရှောင်ရှားရမည်။ အကျိုးစီးပွား တခုခုအတွက် သတင်းထောက်များအား အသုံးချရန် ရည်ရွယ်သည့် သတင်းပေးများကို သတိထား သင့်သည်။

ဧရာဝတီ သတင်းထောက်များသည် သတင်းရယူရန်အတွက် အဆောက်အအုံများ၊ အိမ်များ၊ အခန်းများနှင့် ရုံးခန်းများ အတွင်းသို့ တရားဥပဒေကို ချိုးဖောက်ပြီး ၀င်ရောက်ခြင်း မပြုရ။ သတင်းထောက်များသည် အချက်အလက်များ၊ မှတ် တမ်းများ၊ ဖက်စ် သတင်းများနှင့် အီးမေးလ်များ၊ ကွန်ပျူတာ မှတ်တမ်းဖိုင်များကို ခိုးယူခြင်း၊ တယ်လီဖုန်း ကြားဖြတ် နားထောင်ခြင်း စသည့် တရားမ၀င်သည့် နည်းလမ်းများ မပြုလုပ်ရ။

သတင်းပေးသူတဦး(one Source) ကို သတင်းပေးသူများ (sources) အဖြစ် မဖန်တီးရ။

အမည် မဖော်ပြနိုင်သော သတင်းအရင်းအမြစ်များ

သတင်း အချက်အလက်ပေးသူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြခွင့်ရရန် ကြိုးစားရမည်။ အမည်မသုံးပါဟု မိမိက ဦးစွာ မကမ်းလှမ်းသင့်။ ဧရာဝတီသည် အမည်ဖော်ပြခွင့်ပြုသူများကပေးသည့် သတင်း အချက်အလက်များကို ဦးစားပေး၍ ရေးသား ဖော်ပြမည်။   

သို့သော် သတင်းပေးသူများအတွက် အန္တရာယ်ရှိသောကိစ္စရပ်များတွင် အမည်ဖော်ပြမှုနှင့်ပတ်သက်၍ ခြွင်းချက်ထားနိုင် သည်။ သတင်း အချက်အလက်ပေးသူများ ခြိမ်းခြောက်ခံရခြင်း၊ အလုပ်အကိုင်ဆုံးရှုံးရခြင်း၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်ခြင်း တို့ မဖြစ်စေရန် ဧရာဝတီ အနေနှင့် အမည်မဖော်ပြဘဲ ထားရမည်(ဤအခြေအနေသည် မြန်မာပြည်တွင်းမှ သတင်း အချက်အလက်ပေးသူများအတွက် ဖြစ်လေ့ဖြစ်ထရှိသည်)။ အဘယ်ကြောင့် အမည်မဖော်ပြနိုင်သည်ကို သတင်းထဲတွင် အကျဉ်းချုပ်ဖော်ပြရမည်။

အမည် မဖော်ပြနိုင်သော သတင်းပေးသူများ၏ သတင်းအချက်အလက်များကို သုံးစွဲမည်ဆိုလျင် အချက်အလက် မှန် ကန်မှုရှိသည်ကို သေချာစေရန် ဆောင်ရွက်ရမည်။ အမည် မဖော်ပြနိုင်သည့် အခြေအနေတွင် သတင်းထောက်သည် တာဝန်ရှိသည့် အယ်ဒီတာနှင့် ကြိုတင်ဆွေးနွေးရမည်။

ခရီးသွားခြင်း၊ လက်ဆောင်ပစ္စည်းနှင့် အခမဲ့ တည်းခိုခြင်း

ခရီးသွားခြင်း

ဧရာဝတီ ၀န်ထမ်းများသည် သတင်း ရယူရန်အတွက် ခရီးထွက်သည့်အခါ ဧရာဝတီ ၏ ခရီးသွားခြင်းဆိုင်ရာ စည်းကမ်း များကို လိုက်နာရမည်။

ဒေသတွင်း၊ နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံအတွင်းသို့ သတင်းရယူရန် စေလွှတ်သည့်အခါ ဧရာဝတီက သတင်းထောက် များကို ခရီးစရိတ် ထောက်ပံ့သည်။ ဧရာဝတီ၏ ခရီးသွားခြင်းဆိုင်ရာ စည်းမျဉ်းများအတိုင်း သင့်လျော်သည့် တည်းခိုခန်းနှင့် နေ့စဉ် ကုန်ကျစရိတ်များအတွက် သတ်မှတ်ထားသော နှုန်းထားနှင့်အညီ တွက်ချက် ပေးပါသည်။

သတင်းထောက်များ လုပ်ငန်းကိစ္စဖြင့် ခရီးသွားစဉ် မိမိတို့၏ အိမ်ထောင်ဖက်များ၊ မိသားစုဝင်များကို အတူ ခေါ်ဆောင် သွားခွင့် မပြုပါ။ ခေါ်ဆောင်သွားလိုပါက သတင်းထောက်များသည် အယ်ဒီတာများနှင့် ကြီးကြပ်သူများထံမှ ခွင့်ပြုချက် ကြို တင် ယူရမည်။

လက်ဆောင်ပစ္စည်း

သတင်းထောက်များသည် သတင်း အချက်အလက်ရယူသည့် နေရာမှပေးသော အခမဲ့လက်မှတ်များ၊ တည်းခိုရန် နေရာ များ၊ ဈေးနှုန်း လျှော့ပေးခြင်းများ၊ လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရပါ။ အနုပညာပြပွဲများ၊ ဖျော်ဖြေပွဲများ၊ စာအုပ်ပြပွဲ၊ ကားပြပွဲ၊ ရုပ်ရှင်၊ အားကစားပွဲများသို့ သွားရောက် သတင်းယူသည့် သတင်းထောက်များသည် ထုံးစံအားဖြင့် ပေးလေ့ရှိသော လက်မှတ်များကို လက်ခံနိုင်သည်။

သတင်း အချက်အလက်ပေးသူထံမှ အမေရိကန် ဒေါ်လာ၂၀(ထိုင်းဘတ် ၆၀၀ ခန့်)ထက် မပိုသော သင့်တင့်သည့် နေ့လယ် စာ သို့မဟုတ် ညစာ သို့မဟုတ် အချိုရည်များဖြင့် ဧည့်ခံခြင်းကို လက်ခံနိုင်သည်။ လက်ဆောင်ပစ္စည်းများကို ယဉ်ကျေးစွာဖြင့် ငြင်းပါ။ သံသယရှိဖွယ် ဖိတ်ကြားချက်များ လက်ခံရရှိပါက အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာများထံမှ အကြံဉာဏ် ယူသင့်သည်။

သတင်းထောက်များသည် အခြားသတင်းဌာနများမှ ပေးသော ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများကို လက်မခံရ။ အဖွဲ့အစည်းတခု သို့မဟုတ် လူပုဂ္ဂိုလ်တဦးက ၎င်း၏အကျိုးစီးပွားအတွက် သတင်းရေးသားပေးရန် သို့မဟုတ် ရေးသားခြင်း မပြုရန် အတွက် ပေးသော ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများကို လက်မခံရ။

ဆွေးနွေးပွဲများ

ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများ တက်ရောက်ခြင်းဖြင့် သတင်းကွန်ရက်နှင့် အဆက်အသွယ်များ တိုးချဲ့ခြင်းကို အား ပေး ပါသည်။ သို့ရာတွင် အခမ်းအနားများတွင် ဧရာဝတီနှင့် အကျိုးစီးပွား ပဋိပက္ခ ရှိနိုင်သော အဖွဲ့အစည်းများ ရှေ့တွင် တစုံတရာ ပြောဆိုရန် သတင်းထောက်များ ဖိတ်ကြားခံရသည့်အခါ အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများနှင့် တိုင်ပင် ဆွေးနွေးရမည်။ တက်ရောက်သင့် မသင့်ကို တာဝန်ရှိသူများက ဆုံးဖြတ်ပေးမည်။ အကယ်၍ တက်ရောက်ခွင့်ကိုအတည် ပြု ပါက တက်ရောက်ခွင့်ရသော အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ညီလာခံ သို့မဟုတ် အစည်းအဝေးက ပေးသော ဉာဏ်ပူဇော်ခ၊ ကုန်ကျစရိတ် ပြန်လည် ထုတ်ပေးငွေ စသည်တို့ကို လက်ခံနိုင်သည်။ ၎င်းတို့ ခရီးစဉ် ပြီးဆုံးသည် နှင့် ခရီးစဉ် အစီရင်ခံစာများကို ချက်ချင်း ရေးသား ပြုစု၍ တာဝန်ခံ အယ်ဒီတာ သို့မဟုတ် အယ်ဒီတာထံ တင်ပြရမည်။

အခြားအဖွဲ့အစည်းတခုခုနှင့် ဆက်နွယ်ပတ်သက်ခြင်း (Affiliation)

ဧရာဝတီသတင်းထောက်များသည် မည်သည့် နိုင်ငံရေးပါတီ၊ အစိုးရဌာန၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံတကာ အဖွဲ့ အစည်း များနှင့် ဆက်နွယ် ပတ်သက်ခြင်း မရှိရ။ လူမှုရေး၊ ဘာသာရေးနှင့် အားကစားအသင်းအဖွဲ့များ၏ အဖွဲ့ဝင်များ ဖြစ်နေ လျှင် ထိုသို့ ပါဝင် ပတ်သက်နေခြင်းကို အသိပေးရမည်။ ခရီးသွားကုမ္ပဏီ၊ စားသောက်ဆိုင်၊ အိမ်ခြံမြေလုပ်ငန်း၊ စာပေ ထုတ်ဝေရေးလုပ်ငန်း စသည့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိသော ၀န်ထမ်းများသည် ထို ဆက်နွယ်ပတ်သက်မှုကို အယ်ဒီတာ အဖွဲ့ထံ အသိပေးရမည်။

ဧရာဝတီ သည် အခြားပြိုင်ဖက် သတင်းဌာနများနှင့် ပွင့်လင်း ရိုးသားစွာ ပြိုင်ဆိုင်ရန် ၀န်ထမ်းများကို အားပေးသည်။ ထို ပြိုင်ဖက်များတွင် သတင်းစာများ၊ ရေဒီယိုများ၊ ရုပ်သံလွှင့်ဌာနများနှင့် အင်တာနက် သတင်းစာမျက်နှာများ ပါဝင်သည်။ လူမှုရေး၊ ကျောင်းသားဟောင်းများနှင့် အသင်းအဖွဲ့ သတင်းစာစောင်များမှလွဲ၍ အခြား မည်သည့် သတင်းစာစောင်များ တွင်မှ ပါဝင်ပတ်သက်ခြင်း မရှိရ။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်ရာတွင် ဧရာဝတီသည် ၀န်ထမ်း များကို အခြားသော သတင်းမီဒီယာအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်ရန် အားပေးသည်။

ဧရာဝတီ သတင်းသမားများသည် လူပုဂ္ဂိုလ်တဦး သို့မဟုတ် အဖွဲ့အစည်းတခုအတွက် သတင်းမီဒီယာနှင့် ပတ်သက်နေ သော လူထုဆက်ဆံရေး လုပ်ငန်းများ(Public Relation)ကို မလုပ်ရ။ အစိုးရရာထူး တခုခုအတွက် ၀င်ရောက် ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများကို အကြံဉာဏ်ပေးခြင်း၊ စာများ ရေးသား တည်းဖြတ်ပေးခြင်း တို့ကို မလုပ်ဆောင်ရ။ ဧရာဝတီသတင်းသမားများသည် ငွေကြေးယူ၍သော်လည်းကောင်း၊ အခမဲ့သော်လည်းကောင်း စီးပွားရေးကုမ္ပဏီများနှင့်   အဖွဲ့အစည်းများကို အကြံပေးခြင်း မပြုလုပ်ရ။ ဧရာဝတီသတင်းသမားများသည် အခြား မီဒီယာအဖွဲ့များထံတွင် ကလောင် ၀ှက်ဖြင့် စာရေးသားခြင်းမျိုး မလုပ်ရ။

သတင်းထောက်များသည် စာအုပ်များ ရေးသားရန်နှင့် အများပြည်သူနှင့် ဆိုင်သော လှုပ်ရှားမှုတခုခုတွင် ပါဝင်လိုပါက အယ်ဒီတာ၊ တာဝန် ခံအယ်ဒီတာတို့နှင့် ကြိုတင် ဆွေးနွေးရမည်။

သတင်းထောက်များသည် ကောလိပ်၊ တက္ကသိုလ် အစရှိသည့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းတို့မှ ဂုဏ်ထူးဆောင် ဒီဂရီ များ၊ ဆုတံဆိပ်များနှင့် အခြားဆုများကို လျှောက်ထား လက်ခံနိုင်သည်။ သို့သော် သတင်းစာပညာသင်ဆု အတွက် ထို သို့ မလျှောက်ထားမီ အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများနှင့် ဆွေးနွေးရမည်။

သတင်းထောက်များသည် လူထုလုပ်ငန်းများ၊ ဘာသာရေးလုပ်ငန်းများ၊ ရပ်ရွာ အရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်နိုင် ပြီး ရွေးကောက်ပွဲများတွင် မဲထည့်နိုင်သည်။ သို့ပေမယ့် ထိုကဲ့သို့သော လုပ်ငန်းများတွင် ဧရာဝတီ၏ အမည်ကို မည် သည့် အခါမျှ မသုံးစွဲသင့်။ 

သတင်းထောက်များသည် နိုင်ငံရေးအရ စုရုံး လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ကြေညာချက်တွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် လှုပ်ရှားမှုများတွင် အမည်များကို သုံးစွဲခြင်းကို ခွင့်မပြုရ။ ဓမ္မဓိဋ္ဌာန်ကျကျ သတင်း ရေးသား တင်ပြသည့် ဧရာဝတီ၏ ဂုဏ်သိက္ခာအပေါ် သံသယဖြစ်စေနိုင်သည့် ဧည့်ခံပွဲများ၊ အခမ်းအနားများမှ အကျိုးအမြတ်များ လက်မခံရ။
အယ်ဒီတာ့အာဘော် စာမျက်နှာတွင် ရေးသားသည့် အယ်ဒီတာ၊ အတွေးအမြင်ဆောင်းပါး ရေးသူတို့သည် အများပြည် သူ တက်ရောက်သော ဆွေးနွေးပွဲ၊ အစည်းအဝေးများတွင် အခြားသတင်းသမားများထက် ၎င်းတို့၏ သဘောထား ထင်မြင် ချက်များကို လွတ်လပ်စွာ ပြောဆိုခွင့် ရှိသည်။

ဧရာဝတီ သတင်းထောက်များသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ပရဟိတလုပ်ငန်း သို့မဟုတ် အခြား အကြောင်းကိစ္စများ အတွက် ရန်ပုံငွေ သို့မဟုတ် ငွေကြေးကို တောင်းခံခြင်း မပြုရ။

ဖြန့်ချိ/ရောင်းချရေး ဌာန၊ အုပ်ချုပ်ရေး ဌာနများနှင့် သတင်းဌာန(Editorial Department) ကြား ဆက်ဆံရေး

အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်းသည် သတင်းဌာနတခုအတွက် အလွန် ကြီးမားသောပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း ဧရာဝတီက သတိပြုမိသည်။ ထို့ကြောင့် ရုံးတွင်း၌ အဆိုပါ ပြဿနာများ ဖြစ်ပွားမလာစေရန် ကြိုတင် ကာကွယ်သွားမည်။ 

ဖြန့်ချိ/ရောင်းချရေးဌာန (Marketing/Distribution)

သတင်းဌာနနှင့် ဖြန့်ချိ/ရောင်းချရေးဌာနကို သီးခြား ခွဲခြားထားသည်။ သတင်းဌာနသည် ဖြန့်ချိ/ရောင်းချရေးဌာန၏ သြ ဇာ လွှမ်းမိုးမှုကို လက်ခံလိမ့်မည် မဟုတ်။ သတင်းသမားများသည် ဖြန့်ချိရေးဌာနမှ လုပ်ငန်း အစီအစဉ်များတွင် ပါဝင် ပတ်သက်ခြင်း မရှိသင့်။ သို့သော် သတင်းဌာနနှင့် ဖြန့်ချိရေးဌာနများသည် မဂ္ဂဇင်း၊ အင်တာနက် စာမျက်နှာများ၏ အ
ပြင်အဆင်၊ ဒီဇိုင်းနှင့် ဖွဲ့စည်းပုံ သို့မဟုတ် အထူးကဏ္ဍများကို အချိန်ကိုက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သင့်သည်။

အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာက တာဝန်ပေးလျှင် သတင်းထောက်များသည် ဖြန့်ချိ/ရောင်းချရေးဌာန၏ ဈေးကွက် တိုးမြှင့်ရေးအစီအစဉ်တွင် ပါဝင် ဆောင်ရွက်နိုင်သည်။ သို့သော် သတင်းသမားများသည် အရောင်း ဌာန၀န်ထမ်းများ မဟုတ်သည့်အတွက် စာစောင်မဂ္ဂဇင်းများကို ရောင်းချပေးရန် မလိုအပ်။

ဧရာဝတီ၏ Senior Management Committee သည် ပုံမှန် အစည်းအဝေးများ ကျင်းပခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်း၊ မဂ္ဂဇင်းကြော်ငြာကိစ္စများတွင် ဖြန့်ချိ/ရောင်းချရေးဌာနနှင့် ဆွေးနွေးခြင်းများ ပြုလုပ်နိုင်သည်။

အုပ်ချုပ်ရေးဌာန (Administration Dept.)

ခရီးထွက်ခြင်း၊ အစည်းအဝေးကျင်းပခြင်း၊ ရုံးသုံး စာရေးကိရိယာများ ၀ယ်ယူခြင်း၊ ခရီးစရိတ်ပေးခြင်းများကို စီစဉ် ဆောင်ရွက်ရာတွင် သတင်းဌာနသည် အုပ်ချုပ်ရေးဌာနမှဝန်ထမ်းများ၏ အကူအညီကို ရယူပါသည်။ သတင်းဌာန၏ လုပ်ငန်းများအပေါ် အုပ်ချုပ်ရေးဌာန၏ သြဇာ လွှမ်းမိုးမှုကို လက်ခံမည် မဟုတ်။

အုပ်ချုပ်ရေးဌာနမှ မန်နေဂျာ၊ စာရင်းကိုင်၊ အတွင်းရေးမှူး နှင့် အရောင်းဝန်ထမ်းများသည် သတင်းဌာန၏ မူဝါဒများ အပေါ်လွှမ်းမိုးမှု မရှိစေရ။ သို့သော် အုပ်ချုပ်ရေးဌာနနှင့် တွဲဖက်ထားသည့် Human Resource Dept. တာဝန်ခံလည်း ဖြစ် သည့် မန်နေဂျာသည် ရုံးတက်ရုံးဆင်း၊ ရုံးတွင်း စည်းကမ်းများနှင့် လမ်းညွှန်ချက်များ အပေါ်တွင် ၀န်ထမ်းများ ကောင်း မွန်စွာ လိုက်နာ ဆောင်ရွက်မှုရှိရန် ကြီးကြပ်ရမည့် တာဝန်ရှိသည်။

ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ တာဝန်ထမ်းဆောင်မှု(Performance) များနှင့် ပတ်သက်၍ အုပ်ချုပ်ရေးဌာန မန်နေဂျာသည် အယ်ဒီတာ၊ တာဝန်ခံ အယ်ဒီတာများနှင့် အစည်းအဝေးများ ခေါ်ယူ ကျင်းပနိုင်သည်။ ရုံးစည်းကမ်းများကို ချိုးဖောက်သည့် ၀န်ထမ်းများအား လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးဌာန မန်နေဂျာသည် အယ်ဒီတာနှင့် တာဝန်ခံ အယ်ဒီတာများကို မှတ်ချက်ပေးနိုင်သည်။
သတင်းဌာနသည် ၀န်ထမ်းများ ငှားရမ်းရန် လိုအပ်လာလျှင် အုပ်ချုပ်ရေးဌာန မန်နေဂျာနှင့် တိုင်ပင် ဆွေးနွေးနိုင်သည်။ ၀န်ထမ်းသစ်များကို လူတွေ့ စစ်ဆေး မေးမြန်းရာတွင် မန်နေဂျာလည်း ပါဝင်နိုင်သည်။

ဝန်ထမ်းကတ်ပြားသုံးစွဲခြင်းနှင့် အဖွဲ့အစည်းကို ကိုယ်စားပြုပြောဆိုခြင်း

ဧရာဝတီ၏လုပ်ငန်းများနှင့် ပတ်သက်ခြင်း မရှိသည့် ကိစ္စရပ်များတွင် ဧရာဝတီ သတင်းထောက်များသည် မိမိတို့၏ ၀န်ထမ်း ကတ်ပြားများကို သုံးစွဲခြင်း မပြုရ။ ကုမ္ပဏီများ၊ နိုင်ငံရေးပါတီများ၊ အစိုးရများ သို့မဟုတ် အခြားအဖွဲ့အစည်းများထံမှ အခွင့်အရေး ရရှိရန်အတွက် မိမိ၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မသုံးစွဲရ။

ဧရာဝတီသတင်းဌာနနှင့် သက်ဆိုင်သည့်ကိစ္စရပ်များမှလွဲ၍ အခြား ရည်ရွယ်ချက်တခုခု အတွက် သတင်းဌာန၏ အမှတ် တံဆိပ်ပါ စာရွက်စာတန်းများ၊ လိပ်စာကတ်ပြားများ၊ လျှောက်လွှာပုံစံများနှင့် အလားတူပစ္စည်းများကို သတင်းသမားများအား သုံးစွဲခွင့် မပြု။

ဧရာဝတီတွင် ရေးသားမည့် သတင်းများ၊ ဆောင်းပါးများ၊ အစီအစဉ်များ၊ ပါဝင်မည့် အကြောင်းအရာများ၊ မပေါက်ကြား သင့်သည့် မူဝါဒများကို ပြိုင်ဖက်သတင်းဌာနများအပါအ၀င် ပြင်ပမှမည်သည့်တဦးတယောက်ကိုမျှ ထုတ်ဖော်မပြောကြား ရ။ 

ဧရာဝတီ၏ အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာ၏ တာဝန်ပေးအပ်ခြင်းမရှိဘဲ သတင်းသမားများသည် မဂ္ဂဇင်း ကိုယ်စား စကားပြောဆိုခြင်းများကို ခွင့်မပြုပါ။ အကယ်၍ အခြားသတင်းဌာနများမှ ဧရာဝတီ၏ မူဝါဒများနှင့် အကြောင်းအရာများကို ဆွေးနွေးရန် ဧရာဝတီသတင်းထောက်များကို ချဉ်းကပ်လာသည့်အခါ လိုအပ်သောလမ်းညွှန်မှု ရရှိနိုင်ရန် အတွက် အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာများကို ကြိုတင်အသိပေးရမည်။

သတင်းထောက်များသည် ခြိမ်းခြောက်မှုများ သို့မဟုတ် တိုင်ကြားစာများ လက်ခံရရှိခဲ့လျှင် ဖြစ်စေ၊ တရားစွဲခံရလျှင်ဖြစ် စေ အယ်ဒီတာနှင့် တာဝန်ခံ အယ်ဒီတာများထံ ချက်ချင်း အကြောင်းကြားရမည်။

ဝတ္တု၊ ကဗျာ၊ သီချင်း ရေးသားရန် ရည်ရွယ်ချက်ရှိသော သတင်းထောက်များသည် အယ်ဒီတာနှင့် တာဝန်ခံ အယ်ဒီတာ များကို အသိပေးရမည်။

ဧရာဝတီ၏ သတင်းဆောင်းပါးများကို ပြန်လည်ထုတ်ဝေလိုသော ထုတ်ဝေသူများက သတင်းထောက်များထံ ကမ်းလှမ်း လာပါက အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများနှင့် ဆွေးနွေး တိုင်ပင်ရမည်။

သတင်းထောက်များ လူတွေ့မေးမြန်းထားသော အချက်အလက်များ၊ သတင်းများ၊ အထောက်အထားများ၊ ရုံးလုပ်ငန်း စာရွက်စာတမ်းများကို အခြား ပြိုင်ဖက်သတင်းဌာန သို့မဟုတ် အဖွဲ့အစည်းများထံ လွှဲပြောင်းပေးခြင်းကို ခွင့်မပြုပါ။

အယ်ဒီတာများ၊ တာဝန်ခံအယ်ဒီတာများနှင့် အယ်ဒီတာ့အာဘော် ရေးသားရန် တာဝန်ပေးခံရသူများသာ အယ်ဒီတာ့ အာဘော်ကဏ္ဍ (Opinion Page) တွင် ရေးသားခွင့် ရှိသည်။ 

ဧရာဝတီ သတင်းဌာနနှင့် မသက်ဆိုင်သော ပြင်ပအလုပ်ကို လုပ်ကိုင်ခြင်း

ရံဖန်ရံခါ အခြေအနေမျိုးမှလွဲ၍ ဧရာဝတီသတင်းဌာန၏ အကြီးတန်း သတင်းထောက်များ၊ အယ်ဒီတာများကို အခြား မီဒီယာ အဖွဲ့အစည်းများ သို့မဟုတ် အခြား လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်ရန် ခွင့်မပြု။

ဧရာဝတီ သတင်းဌာနတွင် ဖော်ပြနေသောအကြောင်းအရာ ကဏ္ဍများနှင့် ပဋိပက္ခမရှိလျင် ဧရာဝတီ သတင်းသမားများသည် အလွတ်သဘော အပ်နှံလာသည့် လုပ်ငန်းများကို လက်ခံနိုင်သည်။ ထုံးစံအားဖြင့် ပြိုင်ဖက် သတင်းဌာနများ အတွက် အလုပ်လုပ်ခြင်းကို ခွင့်မပြု။ အလွတ်သဘော အပ်နှံလာသည့် လုပ်ငန်းများကို လက်ခံရန်အတွက် အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများနှင့် ဆွေးနွေးရန် လိုအပ်သည်။

ကလောင်အမည်ခွဲဖြင့် အလွတ်သဘော အလုပ်လုပ်ပေးနေခြင်းသည်ပင်လျှင် ပြဿနာများ ဖြစ်ပေါ်နိုင်ပြီး ဧရာဝတီ၏ အမည်နှင့် သိက္ခာကို ထိခိုက်နိုင်သည်။ ထို့ကြောင့် ဧရာဝတီသတင်းဌာန၏ ၀န်ထမ်းများ အားလုံးသည် ပြင်ပမှ အလုပ်များကို လက်မခံမီ အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများကို အကြောင်းကြား အသိပေးရန် လိုသည်။ အလွတ်သဘော အပ်နှံလာသည့် လုပ်ငန်းများသည် ထိခိုက်မှုမရှိနိုင်ဟု ယူဆ၍ မရပါ။

ဧရာဝတီသတင်းဌာန၏ သတင်းထောက်များ အထူးသဖြင့်အယ်ဒီတာများကို ဒေသတွင်းနှင့်နိုင်ငံတကာသတင်းဌာနများ (ဥပမာ New York Times, Washington Post, Bangkok Post and Time, etc.) ကဲ့သို့ စာစောင်များက ၎င်းတို့၏ သတင်းဌာနများတွင် ရေးသားရန် ဖိတ်ကြားလာပါက ဧရာဝတီ၏အမည်ကို မြှင့်တင်ရာ ရောက်သည့်အတွက် ရေးသား ရန် ခွင့်ပြုပါသည်။ ထိုသို့ ရေးသားခြင်းသည်လည်း ရံဖန်ရံခါသာလျှင် ဖြစ်သင့်ပါသည်။

ဧရာဝတီ၏ အယ်ဒီတာများနှင့် အယ်ဒီတာ့ အာဘော်ရေးသားသူများသည် ၎င်းတို့၏ ပုံနှိပ် ထုတ်ဝေ ဖော်ပြပြီးသော သတင်းဆောင်းပါးများကို ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းစာ၊ မဂ္ဂဇင်းများတွင် ဖော်ပြရန်အတွက် ကမ်းလှမ်းလာလျှင် ထိုသတင်း ဆောင်းပါးများကို ပေးပို့နိုင်သည်။ သို့သော် ထိုသတင်းဆောင်းပါးသည် ဧရာဝတီတွင် ဖော်ပြပြီး(၇) ရက် နောက်ပိုင်းမှ ဖော်ပြရန်သာ ပေးပို့နိုင်ပါသည်။ ထိုသို့ ဖော်ပြရာတွင် ဧရာဝတီ၏အမည်ကိုပါ ဖော်ပြရမည်ဖြစ်ပြီး အင်တာနက် စာမျက်နှာလိပ်စာ www.irrawaddy.org ကိုပါ ဖော်ပြရန် ညှိနှိုင်းသင့်သည်။

ဧရာဝတီ၏မူပိုင်ဖြစ်သော သတင်းနှင့် ဝေဖန်ရေးဆောင်းပါးများကို ဒေသတွင်းနှင့် နိုင်ငံတကာက လက်ခံထားသော သတင်းဌာများတွင် ပြန်လည် ဖော်ပြခြင်း၊ ပြန်လည်ထုတ်ဝေခြင်းများကို ခွင့်ပြုသည်။ သို့သော် ထိုသို့မဖော်ပြမီ ထိုမဂ္ဂဇင်း များသည် ဧရာဝတီ၏ သဘောတူ ခွင့်ပြုချက်ကို ပထမဦးဆုံး တောင်းခံရမည်။

လိုအပ်လျှင် ဧရာဝတီသတင်းဌာနသည် အခြားသတင်းဌာနများ၊ အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် သတင်း အကြောင်းအရာ မျှဝေခြင်းဆိုင်ရာ အထူးသဘောတူညီမှုများ ပြုလုပ်ကောင်း ပြုလုပ်နိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အထူး စီမံကိန်းများဖြစ်သည့် အတွက် ဤမူဝါဒစည်းမျဉ်းများနှင့် ခြားနားမှုများ ရှိနိုင်သည်။

ဧရာဝတီသတင်းဌာန၏ သတင်းထောက်များသည် မိမိတို့ ရေးသားခဲ့သော သတင်းများ၊ ဆောင်းပါးများ သို့မဟုတ် မကြာခဏ ရေးသား ဖော်ပြခဲ့သော မိမိတို့ ကျွမ်းကျင်သည့် နယ်ပယ်များအကြောင်းကို ရေဒီယို၊ ရုပ်မြင်သံကြားဌာနနှင့် အခြား အင်တာနက်သတင်းစာမျက်နှာ၏တွေ့ဆုံမေးမြန်းခန်းများ သို့မဟုတ် ဆွေးနွေးခန်းများတွင်ပါဝင်ဆွေးနွေးရန် ခွင့်ပြု သည်။ သို့သော် သတင်းထောက်များသည် ထိုကဲ့သို့သော အစီအစဉ်များအတွက် အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများထံ အကြောင်းကြားရန် လိုအပ်သည်။ သတင်းထောက်များသည် ဧရာဝတီ၏ ၀န်ထမ်းများ ဖြစ်သောကြောင့် ၎င်းတို့၏ အမည်ကို အသုံးပြုရာတွင် ဂရုစိုက်ရမည်။ ထို့အပြင် သတင်းထောက်များသည် ဧရာဝတီသတင်းဌာန၏ ပြောရေးဆိုခွင့် ရှိသူများ မဟုတ်သည့်အတွက် ဧရာဝတီသတင်းဌာန၏ မူဝါဒများကို ကိုယ်စား ပြောဆိုခွင့် မရှိ။ ဧရာဝတီ၏ ပြောရေး ဆိုခွင့်ရှိသူမှာ မဂ္ဂဇင်းကို တည်ထောင်သူ၊ အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာများ ဖြစ်သည်။

အကျိုးစီးပွား ပဋိပက္ခဖြစ်ခြင်း

အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်းသည် နေရာအများအပြားတွင် ဖြစ်ပွားနိုင်ပါသည်။

ဧရာဝတီသတင်းဌာနကို တည်ထောင်သူများသည် မြန်မာနိုင်ငံတွင် တိုးတက် ပြောင်းလဲမှုများ ဖြစ်ပေါ်ရေး အတွက် လုပ်ဆောင်ခဲ့သူများဖြစ်သောကြောင့် အကျိုးစီးပွား ပဋိပက္ခဖြစ်ခြင်း အပေါ် သတိပြုပါသည်။ ဧရာဝတီသည် သတင်းထောက်များ စုဆောင်းရာတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားမျိုးစုံ ပါဝင်ပြီး နိုင်ငံရေး အဖွဲ့အစည်းနှင့် ဆက်နွယ် ပတ်သက်ခဲ့ဖူးသူများလည်း ပါဝင်သည်။

စာဖတ်သူအပေါ် ထားရှိရမည့် သတင်းထောက်၏ တာဝန်ဝတ္တရားများ နှင့် သတင်းအချက်အလက်ပေးသူများ၊ အခွင့် အရေး လှုပ်ရှားမှုအုပ်စုများ၊ အစိုးရများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားများ၊ ကြော်ငြာသမားများ သို့မဟုတ် ပြိုင် ဖက် သတင်းဌာနများအကြား တင်းမာမှုများရှိတတ်သည်ကို ဧရာဝတီက နားလည်းသဘောပေါက်သည်။ ထိုပဋိပက္ခများသည် တဦးချင်းနှင့် ဖြစ်စေ၊ အုပ်စုတခုနှင့်ဖြစ်စေ သို့မဟုတ် အုပ်စု တခုအတွင်း ဖြစ်စေ ဖြစ်ပွားတတ်သည်။

အကျိုးစီးပွား ပဋိပက္ခဖြစ်ခြင်း သို့မဟုတ် ဧရာဝတီ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးမှုကို ခြိမ်းခြောက်လာသည့် မည်သည့် ၀န်ထမ်းမဆို လုပ်ငန်းတာဝန်အသစ်များ ပြောင်းလဲ ခန့်ထားခြင်းနှင့် ကြုံတွေ့ရနိုင်သည်။

ဧရာဝတီမဂ္ဂဇင်း၏ သတင်းထောက်များ၊ အယ်ဒီတာများနှင့် တာဝန်ခံ အယ်ဒီတာများသည် မိမိ အိမ်ထောင်ဖက်၏ မိသားစု စီးပွားရေးများ၊ ရင်းနှီးမြုပ်နှံမှုများနှင့် ဆက်နွယ်သော ဖြစ်နိုင်ခြေရှိသည့် အကျိုးစီးပွား ပဋိပက္ခဖြစ်မှုများကို သတိပြုမိနေရမည်။ ထို့ကြောင့် ဧရာဝတီ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးမှုကို ခြိမ်းခြောက်လာနိုင်သည့် အကျိုးစီးပွား ပဋိပက္ခ္ခဖြစ်မှုများကို ထုတ်ဖော် အသိပေးမည်။

ဧရာဝတီ၏ စီးပွားရေး၊ ငွေကြေးဆိုင်ရာနှင့် နိုင်ငံရေးသတင်းများတွင် ဆုံးဖြတ်ချက်ချရာ၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြသည့် အယ်ဒီတာများသည် ဧရာဝတီမှလွဲ၍ မည်သည့်ကုမ္ပဏီ အစုရှယ်ယာကိုမှ မပိုင်ဆိုင်သင့်ပါ။ အယ်ဒီတာ များသည် မိမိတို့၏ စီးပွားရေးတွင် ပါဝင်ပတ်သက်နေမှုများနှင့် နိုင်ငံရေး နောက်ခံများကို ထုတ်ဖော်ပြောဆို ရမည်။

ဧရာဝတီ၏ အနုပညာ၊ ယဉ်ကျေးမှု၊ စာအုပ်ဝေဖန်ရေးနှင့် လူမှုရေးကဏ္ဍ စာမျက်နှာများတွင် ရေးသားနေသော ဧရာဝတီ သတင်းသမားများသည် ဘက်လိုက်ရေးသားမှုများကို ရှောင်ကျဉ်ရမည်။ ၀န်ထမ်းများသည် အကျိုးစီးပွား ပဋိပက္ခဖြစ်မှု များကို သတိပြုကာကွယ်ရန် သို့မဟုတ် မဖြစ်ပွားစေရန် တာဝန်ရှိပါသည်။ ၀န်ထမ်းများသည် စာအုပ်၊ ရုပ်ရှင်၊ စားသောက် ဆိုင်၊ အိမ်ခြံမြေ၊ အနုပညာ၊ စာပေ၊ ဂီတများနှင့် ပတ်သက်ပြီး ဧရာဝတီတွင် ဈေးကွက် မြှင့်တင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း မပြုလုပ်ရပါ။

ဘဏ္ဍာငွေ ရှာဖွေရေးဆိုင်ရာ မူဝါဒ

ဧရာဝတီသတင်းဌာနသည် အမှတ်တရပစ္စည်း ရောင်းချမှုများ၊ မဂ္ဂဇင်းနှစ်စဉ်ကြေး၊ မဂ္ဂဇင်းကို စာအုပ်ဆိုင်များတွင် ရောင်း ချခြင်းများမှတဆင့် ၀င်ငွေ အနည်းအကျဉ်း ရရှိသော်လည်း ဘဏ္ဍာငွေအများစုအတွက် တသီးပုဂ္ဂလ အလှူရှင်များ နှင့် အလှူရှင် အဖွဲ့အစည်းများ၏ အထောက်အပံ့ကို မှီခိုနေရဆဲဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းသည် ဘဏ္ဍာငွေ ရှာဖွေခြင်း၊ မှတ်တမ်း ထိန်းသိမ်းခြင်းနှင့် အလှူရှင်များနှင့် ဆက်စပ် ဆောင်ရွက်ရာတွင် အမြင့်ဆုံး ကျင့်ဝတ် စံနှုန်းများအတိုင်း ဆောင်ရွက်သွားမည်။ ဧရာဝတီ၏ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းများကို ဥပဒေ အရ လိုအပ်ချက်များ အတိုင်း တာဝန်ယူမှုရှိစွာဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဘဏ္ဍာငွေများရှာဖွေရာ၌ ဧရာဝတီ၏ လှုပ် ရှားမှုများနှင့် လိုအပ်ချက်များကို မှန်ကန်တိကျစွာ ဖော်ပြသွားမည်။ ရရှိသော ဘဏ္ဍာငွေအားလုံးကို ဧရာဝတီ၏ ရည်မှန်း ချက်နှင့် ရည်ရွယ်ချက်များအတွက် ဧရာဝတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ သုံးစွဲမှု ရှိရမည်။ 

ဧရာဝတီ တည်ထောင်သူနှင့် ဒါရိုက်တာသည် အဖွဲ့အစည်း အတွက် အဓိက ဘဏ္ဍာငွေရှာဖွေသူ ဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍငွေရှာဖွေရာတွင် လည်းကောင်း၊ တွေ့ဆုံပွဲများတွင် လည်းကောင်း အလှူရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်ရာ၌ ဂုဏ်သိက္ခာနှင့် လွတ်လပ်စွာ ရပ်တည်မှုကို ထိန်းသိမ်းထားရမည်။

ဧရာဝတီ၏ မူဝါဒများအပေါ် သြဇာလွှမ်းမိုးလိုသောအစီအစဉ်ဖြင့် အကူအညီပေးရန် ကမ်းလှမ်းလာသော အလှူရှင်များ နှင့် ဆက်ဆံရာတွင် မဂ္ဂဇင်းအတွက် ရန်ပုံငွေရှာဖွေရသူသည် ရပ်တည်ချက် ခိုင်မာရမည်။ 

ဧရာဝတီမဂ္ဂဇင်း စာမျက်နှာများကို ၀ယ်ယူခြင်း၊ ရှယ်ယာများကို ၀ယ်ယူခြင်းဖြင့် မဂ္ဂဇင်း၏မူဝါဒများနှင့် မဂ္ဂဇင်းအပေါ် နိုင်ငံ ရေးအရ ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ သြဇာလွှမ်းမိုးရန် နည်းလမ်း ရှာနေကြသော စီးပွားရေးကုမ္ပဏီများနှင့် ဆက် ဆံ ရာတွင် မဂ္ဂဇင်းအတွက် ရန်ပုံငွေရှာဖွေရသူသည် ရပ်တည်ချက် ခိုင်မာရမည်။ 

ဧရာဝတီ၏မန်နေဂျာနှင့် တာဝန်ခံအယ်ဒီတာများသည် ဧရာဝတီ၏ဘဏ္ဍာရေး တောင့်တင်းလာရေး အတွက် ဘဏ္ဍငွေ ရှာဖွေရာတွင် လည်းကောင်း၊ အလှူရှင်များနှင့် အစည်းအဝေးပွဲများကို စီစဉ် ဆောင်ရွက်ပေးရာတွင် လည်းကောင်း၊ သတင်းဌာန၏ ဘဏ္ဍာရေး အခြေအနေနှင့် အလှူရှင်အဖွဲ့အစည်းတခုစီ၏ လိုအပ်ချက်များကို ကိုက်ညီ ပြည့်စုံမှု ရှိစေ ရန် လည်းကောင်း သတင်းဌာန အတွက် ရန်ပုံငွေ ရှာဖွေရသူကို ကူညီပေးရမည်။

ဧရာဝတီအတွက် ရန်ပုံငွေရှာဖွေရသူသည် ပုံမှန်အလှူရှင်များ၊ အလားအလာရှိသော အလှူရှင်များနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ရန် ဧရာဝတီ၏ မန်နေဂျာ၊ စီမံကိန်း ညှိနှိုင်းရေးမှူး (Project Coordinator)နှင့် တာဝန်ခံ အယ်ဒီတာများကို တာဝန်ပေးနိုင်သည်။ အထောက်အပံ့ပေးမည့် အဆိုပြုချက်များ၊ ငွေကြေးဆိုင်ရာ ကမ်းလှမ်းမှုများ၊ အကူအညီများသည် ဧရာဝတီ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ဟု သံသယရှိလျှင် ၎င်းတို့သည် ဧရာဝတီ၏ Senior Management Committee ကို ချက်ချင်း အကြောင်းကြားရမည်။ ရန်ပုံငွေ ရှာဖွေရသူသည် အလှူရှင်များနှင့် ဆက်ဆံရေးကို Senior Management Committee ထံ ပုံမှန် တင်ပြရမည်။

အလှူရှင်များ၏ အခွင့်အရေး

အလှူရှင်များအားလုံး (တသီးပုဂ္ဂလများ၊ ကော်ပိုရေးရှင်းများ၊ အစိုးရအေဂျင်စီနှင့် အဖွဲ့အစည်းများ) သည် ၄င်းတို့ လှူဒါန်း သော ငွေကြေးပမာဏအတွက် တရားဝင် ငွေလက်ခံရရှိလွှာကို ဧရာဝတီထံမှ ချက်ချင်း လက်ခံရယူခွင့်ရှိသည်။

ဧရာဝတီမဂ္ဂဇင်း၏ ဘဏ္ဍာငွေရှာဖွေမှုခြင်းနှင့် အလှူငွေတောင်းခံရသည့် ရည်ရွယ်ချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးအား ထုတ်ဖော် တင်ပြသွားမည်။ 

မည်သည့် ကိစ္စရပ်များအတွက် ဧရာဝတီက ဘဏ္ဍာငွေရှာဖွေသည်ကို လည်းကောင်း၊ ၄င်း ဘဏ္ဍာငွေများကို မည်သို့ အသုံးပြုနေသည်ကို လည်းကောင်း၊ ဘဏ္ဍာငွေရှာဖွေရေး ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း အလှူရှင်များ သိရှိခွင့်ရှိသည်။

အလှူရှင်များ၏ Privacy ကို ဧရာဝတီက လေးစား လိုက်နာသွားမည်။ ဧရာဝတီက အလှူရှင် မှတ်တမ်းများကို ဖြစ်နိုင် သမျှ လုံခြုံစွာ လျှို့ဝှက် ထိန်းသိမ်းသွားမည်။ မဂ္ဂဇင်း၏ လွတ်လပ်စွာ ရပ်တည်မှုနှင့် ဆက်နွယ်မှုရှိလာသည့် အခြေ အနေမှ လွဲလျှင် အလှူရှင်များသည် ၎င်းတို့၏ အမည်ကို လျှို့ဝှက်ထားခွင့် ရှိသည်။

အလှူရှင် သို့မဟုတ် အလားအလာရှိသော အလှူရှင်ထံမှ မည်သည့်ကိစ္စရပ်နှင့် မဆို မေးမြန်း ဆွေးနွေးမှု ရှိလာပါက ဧရာဝတီက ချက်ချင်း တုံ့ပြန်သွားမည်။

သတင်းဌာန၏ လွတ်လပ်မှု

ဧရာဝတီသတင်းဌာနသည် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများ အထူးသဖြင့် လွတ်လပ်စွာ သတင်းရေးသားမှု၊ တင်ဆက်မှုများတွင် ပြင်ပမှ မလိုလားအပ်သော သြဇာလွှမ်းမိုးမှုများကို တတ်နိုင်သမျှ ရှောင်ရှားသည်။

ထို့သို့လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီ၏ အလှူရှင်များအပေါ် ကန့်သတ်ချက်များ ထားခွင့်ရှိသည်။ ပြင်ပ အဖွဲ့အစည်းများမှ အလှူငွေများ လက်ခံသင့် မခံသင့် ဆုံးဖြတ်ရာတွင် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ ရေရှည် တည်တံ့မှု စသည်တို့အား ထည့်သွင်း စဉ်းစားခွင့် ရှိသည်။

အလားအလာရှိသော အလှူရှင် သို့မဟုတ် ငွေကြေးထောက်ပံ့မှု အစီအစဉ်များတွင် မရေရာမှုများ ရှိလာပါက မည်သည့် ကိစ္စကိုမဆို ဧရာဝတီ ဒါရိုက်တာနှင့် Senior Management Committee များထံ ဆက်လက် တင်ပြသွားမည်။

မည်သည့်ကိစ္စရပ်တွင်မဆို ဧရာဝတီသည် လွတ်လပ်သော သတင်းဌာနတခုအဖြစ် လည်းကောင်း၊ ဘဏ္ဍာရေးအရ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် လည်းကောင်း အစွမ်းကုန် ကြိုးပမ်းသွားမည်။ အလှူရှင်များထံမှ ငွေကြေး လက်ခံမှုနှင့် သတင်းဌာန၏လုပ်ငန်းများ အကြား လွတ်လပ်စွာ သီးခြား ဆောင်ရွက်သွားမည်။

အလှူရှင်များ၊ ထောက်ပံ့ကူညီသူများ သို့မဟုတ် အခြားသက်ဆိုင်သူများသည် ဧရာဝတီက ရေးသားတင်ပြသည့် အကြောင်း အရာများ သို့မဟုတ် စီစဉ်တင်ဆက်မှုများအပေါ် သြဇာလွမ်းမိုးခွင့်၊ ခြယ်လှယ်ခွင့် သို့မဟုတ် တနည်းနည်းဖြင့် ပါဝင် ပတ်သက်ခွင့် လုံးဝမရှိစေရ။ ဤကိစ္စတွင် ဧရာဝတီသတင်းဌာန၏ လွတ်လပ်ခွင့်ကို ဆက်လက် ထိန်းသိမ်း သွားနိုင် ရေးသည် လွန်စွာ အရေးကြီးသည်။

ဝေဖန် တိုင်ကြားခြင်း (Complaint Policy)

ဧရာဝတီသတင်းဌာနသည် စာဖတ်သူများ၊ အလှူရှင်များ၊ ထောက်ပံ့ကူညီသူများနှင့် ပြည်သူလူထုအပေါ် ပွင့်လင်းမြင် သာမှုနှင့် တာဝန်ယူမှုရှိရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးစား ဆောင်ရွက်နေသည်။

ဧရာဝတီသည် သတင်းဌာန၏ လွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့်ကို စောင့်ထိန်းသည်။ သတင်းဌာန၏ လွတ်လပ်မှုနှင့် လုပ်ပိုင် ခွင့်တို့ကို မည်သည့် အခြေအနေတွင်မျှ အထိပါးခံမည် မဟုတ်သကဲ့သို့ ဧရာဝတီက ရေးသားတင်ပြသော အကြောင်း အရာများနှင့် ပတ်သက်၍လည်း ဝင်ရောက် စွက်ဖက်ခံမည် မဟုတ်။ ဧရာဝတီဝန်ထမ်း အားလုံးသည် တိကျမှု၊ အချက် အလက်မှန်ကန်မှု၊ မျှမျှတတ သတင်းရေးသားမှုနှင့် သတင်းစာပညာ ကျွမ်းကျင်မှု၊ သတင်းစာကျင့်ဝတ် စောင့်ထိန်းမှုများ ကို လိုက်နာ ဆောင်ရွက်ရသည်။ ထို့အပြင် လွတ်လပ်သည့် မီဒီယာ အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ပွင့်လင်းသည့် ဝေ ဖန် ဆွေးနွေးမှုများကို လွန်စွာ တန်ဖိုးထားသည်။ ဧရာဝတီက ရေးသားတင်ပြခဲ့သော သတင်းဆောင်းပါးများတွင် မတူ ကွဲပြားသော အမြင်များ၊ ထင်မြင်ယူဆချက်များကိုလည်း ဖော်ပြသွားရန် ရည်ရွယ်ထားသည်။

အထက်ပါ စံတန်ဖိုးများနှင့်အညီ ဧရာဝတီ၏ သတင်းရေးသားမှု၊ အခြား လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာ သော စိုးရိမ်မှုကို ဖော်ပြပေးရာနေရာအဖြစ် ဧရာဝတီက ဤကဏ္ဍကို ဖွင့်လှစ်ထားသည်။

သတင်း ဆောင်းပါးများအပေါ် ဝေဖန်ရေးသားချက် ပေးပို့ခြင်း

ဧရာဝတီက ရေးသားတင်ပြသော အကြောင်းအရာများနှင့် ပတ်သက်၍ စာဖတ်သူများတွင် မကျေနပ်ချက်များ၊ ဆွေးနွေးစရာများ ရှိပါက ဆောင်ရွက်နိုင်သည့် နည်းလမ်း ၃ ခု ရှိသည်။

သတင်း ဆောင်းပါးတခုခုနှင့် ပတ်သက်၍ မှန်ကန်တိကျမှု သို့မဟုတ် အကြောင်းအရာပိုင်းတွင် သဘောမတူပါက -

၁။ အမှားဟု ယူဆသည်များနှင့် အမှား ပြင်ဆင်ချက်များကို အယ်ဒီတာထံ အီးမေးလ် ပို့ပါ။ အယ်ဒီတာက အမြန်ဆုံး ပြန် လည် စစ်ဆေးပြီး မှားသည်ဟု အတည်ပြုနိုင်ပါက ပြင်ဆင်ချက်ကို ဧရာဝတီ အင်တာနက်စာမျက်နှာရှိ အမှားပြင်ဆင်ချက်ကဏ္ဍ တွင် ထည့်သွင်း ဖော်ပြသွားမည်။

၂။ သက်ဆိုင်ရာ သတင်းဆောင်းပါး အောက်ခြေရှိ မှတ်ချက် ရေးသားရန် နေရာ (Comment Box) တွင် မိမိ၏ ထင်မြင် ချက်များ၊ အကြံပြုချက်များကို ရေးသားနိုင်သည်။ စာဖတ်သူတို့၏ မှတ်ချက်များကို ဧရာဝတီ၏ စာဖတ်သူမှတ်ချက် ဆိုင်ရာ လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်သွားမည်။

၃။ စိုးရိမ်မှုများ၊ မကျေနပ်ချက်များ၊ ဆွေးနွေးစရာများကို This e-mail address is being protected from spambots. You need JavaScript enabled to view it အဖြစ် စာဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ This e-mail address is being protected from spambots. You need JavaScript enabled to view it ပို့ပါ။ အယ်ဒီတာ့ထံ ပေးစာများကို ဧရာဝတီ၏ စာဖတ်သူမှတ်ချက်ဆိုင်ရာ လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်သွားမည်။

သတင်းဌာန၏ ကျင့်ဝတ်နှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် တိုင်ကြားခြင်း

ဧရာဝတီဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်မှု၊ ဖြစ်နိုင်ခြေရှိသည့် အကျိုးစီးပွား ပဋိပက္ခ၊ ဘဏ္ဍာငွေ ရှာဖွေရေး ဆောင်ရွက် ချက်များ သို့မဟုတ် လျှို့ဝှက်မှုနှင့် ပတ်သက်၍ မကျေနပ်ချက်များ ရှိပါက ဧရာဝတီထံသို့ အောက်ပါ နည်းလမ်းများ အတိုင်း ဆက်သွယ် ပြောဆိုနိုင်သည်။

၁။ တိုင်းကြားချက်၏ အခြေခံ အကြောင်းရင်းများ၊ အချက်အလက်များကို ဧရာဝတီသို့ ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့် ဖြစ် စေ တိုင်ကြားနိုင်သည်။

၂။ တိုင်ကြားစာကို လက်ခံရရှိပြီးနောက် တိုင်းကြားချက်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ချက်ချင်း ပြုလုပ်သွားမည်။

၃။ စုံစမ်းစစ်ဆေးမှုတွင် ယေဘုယျ အပိုင်း ၃ ပိုင်း ပါဝင်မည်။ လိုအပ်ပါက တိုင်ကြားသူနှင့် ဆွေးနွေးခြင်း၊ အတိုင်ခံရသူ နှင့် ဆွေးနွေးခြင်း၊ သင့်လျော်သည်ဟု ယူဆပါက သက်သေများနှင့် ဆွေးနွေးခြင်းများ ဖြစ်သည်။

၎။ ဧရာဝတီ၏ သတင်းထောက်တဦးဦးသည် ဧရာဝတီ၏ မူဝါဒကို ချိုးဖောက်သည်ကို စုံစမ်း စစ်ဆေးတွေ့ရှိပါက ထိုအမှုအတွက် သင့်လျော်သည့် အရေးယူ ဆောင်ရွက်မှု ချက်ချင်း ပြုလုပ်သွားမည်။ အရေးယူမှုတွင် အလုပ်မှ ရပ်စဲခြင်းအထိ ပါဝင်နိုင်သည်။ 

၅။ ထိုသို့ အရေးယူ ဆောင်ရွက်ရာတွင် အတိုင်ခံရသူ၏ ပါဝင် ပတ်သက်မှု အတိမ်အနက်၊ ချိုးဖောက်မှုအပေါ် သိရှိ နားလည်မှု၊ ၎င်း၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ရှင်းပြနိုင်မှု သို့မဟုတ် ကျိုးကြောင်းခိုင်မာမှု ရှိမရှိ၊ ချိုးဖောက်မှု ပုံစံ၊ အကျိုးဆက်များ စသည်များကို ထည့်သွင်း စဉ်းစားသွားမည်။

၆။ အရေးယူမှု မှတ်တမ်းနှင့် စုံးစမ်း စစ်ဆေးမှုမှ တွေ့ရှိသည်များကို သိမ်းဆည်းသွားမည်။ ကိစ္စရပ် ဖြေရှင်းပြီးပါက ဖြစ် စဉ် အကျဉ်းချုပ်အား တိုင်ကြားသူသိနိုင်ရန် အမြန်ဆုံး ဆောင်ရွက်ပေးမည်။ လိုအပ်ပါက ယင်းတိုင်ကြားမှုမှ ထွက်ပေါ်လာသည့် အချက်များကို စာဖြင့် ရေးသား ပေးပို့သွားမည်။ 

စာဖတ်သူများအတွက် ဝေဖန် အကြံပြုမှုဆိုင်ရာ လမ်းညွှန်ချက်များ

This e-mail address is being protected from spambots. You need JavaScript enabled to view it - မိမိ ရည်ညွှန်းလိုသော ဧရာဝတီ သတင်းဆောင်းပါးနှင့် ပတ်သက်၍ တုံ့ပြန်လိုပါက အမြန်ဆုံး ရေးသား ပေးပို့သင့်သည်။ သို့မှသာ အမြန်ဆုံး ဖြေရှင်းနိုင်သည်။ ထိုသို့ပေးပို့ရာ၌ စာရေးသူအမည်နှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံကိုလည်း ထည့်သွင်းပေးပို့သင့်သည်။

ဧရာဝတီက လက်ခံရရှိသောစာများကို ဧရာဝတီ အင်တာနက်စာမျက်နှာပေါ်ရှိ ပေးစာကဏ္ဍတွင် အမြန်ဆုံး ထည့်သွင်း သွားနိုင်ရန် ရည်ရွယ်သည်။ သို့သော် ဂုဏ်သိက္ခာ ထိပါးစေသော၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများပါသော၊ တစုံ တယောက် အား ခြိမ်းခြောက်သော၊ ညစ်ညမ်းရိုင်းစိုင်းသည့် အသုံးအနှုန်းများ ပါသော၊ စာရေးသူအမည်ကို လျှို့ဝှက် ထားသော သို့မဟုတ် ဧရာဝတီအား (ဥပဒေကြောင်းအရ) ခြိမ်းခြောက်သည့် ပုံစံမျိုးကို ဦးတည်နိုင်သော စာများကို မဖော်ပြဘဲ နေခွင့် ရှိသည်။

အွန်လိုင်းမှတ်ချက်များ - ဧရာဝတီက စာဖတ်သူများကို အွန်လိုင်း ဝေဖန် ဆွေးနွေးမှုများတွင် ပါဝင်ကြရန် ဝမ်းမြောက် ဝမ်းသာ ဖိတ်ခေါ်လိုသည်။ ဧရာဝတီ အင်တာနက်စာမျက်နှာတွင် တင်ပြထားသော သတင်း ဆောင်းပါးများ နှင့် ပတ် သက် ၍ စာဖတ်သူများ၏ အမြင်ကို တန်ဖိုးထား ကြိုဆိုသည်။

မှတ်ချက်များအား ရှင်းရှင်းလင်းလင်း ဖြစ်စေရန်၊ အင်္ဂလိပ်စကား အသုံးအနှုန်း အပါအဝင် ဧရာဝတီ ပုံစံနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် တည်းဖြတ်သွားမည်။ ဂုဏ်သိက္ခာ ထိပါးစေသော၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများပါသော၊ တစုံတယောက်အား ခြိမ်း ခြောက်သော၊ ညစ်ညမ်း ရိုင်းစိုင်းသည့် အသုံးအနှုန်းများ ပါဝင်သော သို့မဟုတ် စာရေးသူအမည်ကို လျှို့ဝှက် ထား သော မှတ်ချက်များအား ပယ်ဖျက်သွားမည်။

ကန့်သတ်ချက်များမှလွဲ၍ မှတ်ချက် ရေးသားကြရန်၊ မိမိ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အသုံးချရန် စာဖတ်သူများကို အားပေး တိုက်တွန်းသည်။     ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်