ရလျှင်ရ မရလျှင်ချ

“မကွေး ပြည်သူ့ရဲဘော်ကတော့ တောင့်တင်းပါတယ်။ သေချာလည်း စည်းရုံးထားတယ်။ နောက်ပြီး ရွာတိုင်း၊ ရွာတိုင်းမှာလည်း ပြောက်ကျားတပ်ဖွဲ့တွေ တပ်စိတ်လိုက် ဖွဲ့စည်းထားပြီးပြီ။ လက်နက်တော့ မရှိကြသေးဘူးပေါ့။ လက်နက်မရှိပေမယ့် စိတ်ဓာတ်ကတော့ ရာခိုင်နှုန်းအပြည့်ပဲ” ဟု ဗိုလ်တင်ဦး(မကွေး)က တိုးတိုး၊ တိုးတိုးနှင့် ပြောပြနေသောစကားကို ကျနော်သည် တဲထရံကို မှီပြီး၊ ဒူးတဖက်ထောင်၊ လက်မောင်းအပေါ် မေးတင်ကာ သူ၏ မသဲမကွဲ မျက်နှာကို ကြည့်ပြီး နားထောင်နေ၏။

U_Lun_Tin၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့တို့ မြန်မာပြည် လွတ်လပ်ရေး အရေးဆိုရန်အတွက် ဘိလပ်သို့ ထွက်ခွာသွားနေသောအချိန် ဖြစ်ပါသည်။

ခေါင်းဆောင်က သွားရောက် တောင်းဆိုနေစဉ်၊ ကျန်နေသော တိုင်းသူပြည်သားများက “ရလျှင်ရ၊ မရလျှင်ချ” ဟူသောဆောင်ပုဒ်နှင့်  အခြေအနေဆိုးကိုရင်ဆိုင်ရေးအတွက် ပြင်ဆင်မှုပြုနေသော ကာလလည်း ဖြစ်ပါသည်။

ဤသို့တိုက်ခိုက်ရေးအတွက် ပြင်ဆင်ကြရာဝယ် ‘ဖဆပလ’၏ လက်ရုံးတပ်၊ ဗိုလ်ချုပ်အောင်ဆန်းကို အကြွင်းမဲ့ ထောက်ခံ ကြည်ညိုကြသော ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် အတက်ကြွဆုံးနှင့် အလှုပ်ရှားဆုံးလည်း ဖြစ်နေ၏။ ခွဲထွက်သွားသော  ကွန်မြူနစ် လက်အောက်ခံ တပ်နီတို့မှာမူ ပါတီသြဇာခံသက်သက် ဖြစ်သွားပြီး၊ ပါတီအရေး အတွက်သာ စိတ်ဝင်စားနေကြ၏။

ဘ၀ခြားသွားသော ဘားမားအာမီ (Burma Army) သို့ ရောက်သွားသည့် ရဲဘော်အပေါင်းတို့မှာမူ အဖွဲ့အစည်းအနေနှင့် လုပ်ဆောင်ခွင့်၊ လှုပ်ရှားခွင့် မရသည့်အတွက် မိမိတို့ရောက်ရှိရာ ဒေသများတွင် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်ကနေရ၏။   လွတ်လပ်ရေး တိုက်ပွဲအတွက် အလုပ်ရှိသေးသည်ကို လူတိုင်း၊ လူတိုင်းက လက်ခံထားကြသော အချိန်ကာလလည်း ဖြစ်ပါသည်။

ကျနော်သည် ဒုတိယကမ္ဘာစစ် ပြီးသည့်နောက် တပ်မတော်ကို ပြန်လည် ဖွဲ့စည်းရာတွင် ဘားမားအာမီခေါ် ဗမာ့တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိအဖြစ်နှင့် ပျဉ်းမနားရှိ သေနတ်ကိုင် တပ်ရင်း(၅)သို့ ၀င်ရောက်အမှုထမ်းရ၏။ သေနတ်ကိုင်တပ်ရင်း(၅)သည် ပျဉ်းမနားမှ ပဲခူးသို့ ပြောင်းရွှေ့ပြီးနောက် ကျနော်သည် မကွေးရှိ သေနတ်ကိုင်တပ်ရင်း(၁)သို့ ပြောင်းရွှေ့ရန် အမိန့် ကျလာသည့်အတွက် မကွေးရှိတပ်သို့ ရောက်ရှိလာသည်မှာ တလမျှသာကြာသေး၏။

နယ်သစ်၊ တပ်သစ်သို့ရောက်ရှိလာချိန်တွင် လွတ်လပ်ရေး တောင်းဆိုတိုက်ပွဲ ပြင်းထန်ချိန်လည်း ဖြစ်၏။ ဗမာပြည်၏ ကံကြမ္မာ မည်သို့ဖြစ်ပျက်ဦးမည်လည်း မသိသေး၊ တိုင်းပြည်နှင့်အ၀န်း လှုပ်ရှားနေသော လွတ်လပ်ရေးတိုက်ပွဲ ပြင်ဆင်မှုကာလ၀ယ် ကျနော်တယောက်လည်း ဟိုမရောက် ဒီမရောက် ကြားကျန်နေမည်ကိုလည်း စိုးရိမ်၏။ မျိုးချစ် ပြည်ချစ် စစ်သားတယောက် အနေနှင့် သာယာမှုအောက်ဝယ် တာဝန်မကျေမည်ကိုလည်း စိုးရိမ်၏။ ထိုအတွက် မကွေးရှိ အဖွဲ့အစည်းများနှင့် ဆက်သွယ်ရာတွင် ဗိုလ်တင်ဦးနှင့် ချိတ်ဆက်မိခြင်း ဖြစ်ပါ၏။

ဗိုလ်တင်ဦးကို ဗမာ့ကာကွယ်ရေးတပ်မှ ရဲဘော်ရဲဘက်ဟောင်းတဦးအဖြစ်နှင့် သိကျွမ်းခဲ့ခြင်းကြောင့် ကျနော်တို့နှစ်ဦးမှာ တဦးကိုတဦး ယုံကြည်စိတ်ချကြ၏။ သူသည် ကျောင်းသားဘ၀ကပင် နိုင်ငံရေးစိတ် ထက်သန်ပြီး ရေနံမြေ အလုပ်သမားသပိတ်တွင် ငယ်ရွယ်လှသော ကျောင်းသားငယ်အဖြစ်နှင့် တက်တက်ကြွကြွ လုပ်ခဲ့သည်။ ဂျပန်ခေတ်တွင် တပ်ဗိုလ်အဖြစ်နှင့် ဗမာ့ ကာကွယ်ရေး တပ်မတော်တွင် ပါဝင်ခဲ့သည်။ တော်လှန်ရေး ပြီးသည့်နောက် နိုင်ငံရေးတွင် စိတ်ထက်သန်သည်နှင့်အညီ တပ်တွင်းသို့ မ၀င်တော့ဘဲ နိုင်ငံရေးကို ဆက်လုပ်ရင်းနှင့် မကွေး ပြည်သူ့ရဲဘော်တပ်ကို ဦးဆောင်နေသူ တဦးလည်း ဖြစ်ပါသည်။

တညတွင် သူနှင့်ကျနော် မကွေးမြို့၏ စုတ်ချာလှသော ရုပ်ရှင်ရုံနှင့်ကပ်လျက်ရှိ တဲအိမ်တအိမ်၌ လျှို့ဝှက် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်ပါသည်။

မကွေးမြို့သည် စစ်ဒဏ်ကို ခံလိုက်ရသည့်အတွက် အိမ်ကြီးအိမ်ကောင်းများလည်း မရှိတော့ပါ။ တဲအိမ်များ အစီအရီနှင့် ပျဉ်ထောင်အိမ် အနည်းငယ်သာရှိ၏။ လမ်းမီးလည်း မပေးနိုင်သေး၊ တခုတည်းသော ဓာတ်မီးစက်သည် ရုပ်ရှင်ရုံသာဖြစ်၏။ မီးသံနှင့်လည်းကောင်း၊ ဆိုင်းဝိုင်းသံနှင့်လည်းကောင်း ဆူညံနေပြီး တမြို့လုံးကို သူတို့အသံတွေကသာ ဖုံးလွှမ်းနေပါ၏။

ကျနော်တို့နှစ်ဦး တွေ့ကြသော တဲအိမ်သည်ကား ဗိုလ်တင်ဦး စီစဉ်သောတဲအိမ် ဖြစ်၏။ သူစည်းရုံး ထားသော အိမ်လည်းဖြစ်ပါသည်။ လင်ကိုယ်မယား နှစ်ဦးတည်းသာ ရှိသည့်အတွက် သူတို့သည် ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရေးအတွက် တဲအပြင်ဘက် မှောင်ရိပ်ဝယ် ထိုင်နေကြ၏။ တဲအတွင်း၌ ရေနံဆီမီးခွက် မှိတ်တုတ် မှိတ်တုတ်ကလေးသာ ကျနော်တို့အခန်းကို အလင်းရောင်ပေးနေ၏။

“ခင်ဗျားတို့ အစီအစဉ်တွေကို ဆက်ပြီး ပြောပြပါဦး” ဟု ကျနော်သည် ဗိုလ်တင်ဦးကိုကြည့်ရာမှ ဆက်၍ မေးလိုက်၏။

“ရန်ကုန် လောင်းဝစ်စခန်း ဗဟိုဌာနချုပ်က အခြေအနေအားလုံးကို ကြည့်ပြီး သုံးသပ်ပါလိမ့်မယ်၊ ကျနော်တို့ကတော့ ဗဟိုဌာနချုပ် အမိန့်အောက်မှာ လုပ်သွားဖို့ပါပဲ၊ အခုလောလောဆယ်မှာတော့ အချက်ပေးရင် ထချနိုင်ဖို့ ပြင်ဆင်မှုအပိုင်း၌သာ စီစဉ်ချမှတ်ထားပါတယ်”

“ဒါဖြင့်ရင် ချ၊ မချ ဆိုတာရယ်၊ ချရရင်လည်း အချက်ပေးဖို့ရယ်တွေကို ဗဟိုမှာထားရှိတယ် ဆိုပါတော့”

“ဟုတ်ပါတယ်”

“ထချ၊ မချနဲ့ ပတ်သက်ပြီး ဘယ်အပေါ်မှာကြည့်ပြီး ဆုံးဖြတ်သွားဖို့ ဗဟိုက စီစဉ်ထားသလဲ” ဟု ကျနော်က ဆက်၍ မေးလိုက်၏။

“ဒါကတော့ ဘိလပ်မှာ ဗိုလ်ချုပ်တောင်းဆိုတဲ့ လွပ်လပ်ရေး ရ၊ မရ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်”

ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကျနော်တို့နှစ်ဦး၏ ဆွေးနွေးမှုသည် ညဥ့်နက်လာသည်နှင့် အမျှ လေးနက်မှုလည်း ရှိလာလေ၏။ ရုပ်ရှင်ရုံမှ လွမ်းခန်းဖော်သော တေးသံနှင့် တောဆိုင်းဝိုင်းသံတို့သည် ရုံမှထိုးဖောက်ပြီး ကျနော်တို့ ဆွေးနွေးရာတဲသို့ ရောက်လာနေ၏။

လွမ်းခန်းဖော်နေသည်ကို အကဲခတ်ခြင်းအားဖြင့် ဇာတ်လမ်းသည် တ၀က်သို့ရောက်လာပြီး ဖြစ်သည်ကို ကျနော်တို့သိလာ၏။ ဆွေးနွေးချိန် တနာရီမျှရသေး၏။

“ခင်ဗျားတို့ ပြည်သူ့ရဲဘော် တပ်ဖြန့်ထားပုံကို မြေပုံပေါ်မှာ ရှင်းပြပါဦး” ဟု ကျနော်က ဗိုလ်တင်ဦးအား လှမ်း၍မေးလိုက်၏။

“မြေပုံရော ရေးဆွဲထားတာ ရှိတယ် မဟုတ်လား”

“ရှိပါတယ်။ စက္ကူကြမ်း၊ လက်ဆွဲပေါ့” ဟု ဗိုလ်တင်ဦးက ပြောပြီး သူ့ရှမ်းလွယ်အိတ်မှ ပုံကြမ်းမြေပုံ တခုကို ထုတ်ပြီး၊ မီးခွက်ရှေ့တွင် ဖြန့်လိုက်၏။ ပြီးနောက် ရွာစဉ်နှင့် ခေါင်းဆောင်နာမည်၊ အင်အား တို့ကိုလည်း ရှင်းပြနေ၏။

ဗိုလ်တင်ဦး၏ ရှင်းပြချက်အရ ပြင်ဆင်မှုအပိုင်း စည်းရုံးရေးကဏ္ဍတွင် အတော်အရှိန်ရနေပြီကို ကျနော် သိလိုက်ပါ၏။

“လွတ်လပ်ရေးတိုက်ပွဲကို ကျနော်တို့ မပြတ် လုပ်ခဲ့ကြတယ်။ အခြေအနေအရ ကျနော်တို့ဟာ အင်္ဂလိပ် လက်အောက်တပ်မှာ ရောက်နေတယ်။ အင်္ဂလိပ်ပေးတဲ့ စစ်ဝတ်စုံကို ၀တ်ထားပေမယ့်လို့ ကျနော်တို့ အတွင်းစိတ်ထား ကတော့ ပြည်ချစ်စစ်သားပဲ၊ တပြည်လုံး အရေးဟာ ကျနော်တို့အရေးပါဘဲ၊ ကျနော်တို့ဟာ အချိန်က စကားပြော လာရင် ဗိုလ်ချုပ်နောက်မှာ၊ တိုင်းပြည်ဘက်မှ ရပ်တည်မှာပဲ ဆိုတာတော့ ကျနော်တို့ ရဲဘော်အချင်းချင်းမို့ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်” ဟု ကျနော်က ပြောလိုက်၏။

“ယုံကြည်လို့သာ တွေ့ဆုံကြခြင်း မဟုတ်ပါလား၊ ကျနော်တို့အပိုင်းက ပြင်ဆင်မှု ပြုထားသလို၊ တပ်အပိုင်း ကလည်း ကျနော်တို့အတွက် ဘာအကူအညီရမလဲ ဆိုတာကိုပဲ သိချင်ပါတယ်” ဟု ဗိုလ်တင်ဦးက ဆိုလိုက်၏။

ကျနော့်မှာ ပြဿနာ မြောက်မြားစွာရှိ၏။ ပြီးစလွယ် ချက်ချင်းကိုတော့ သူ့အား အဖြေ မပေးနိုင်ပါချေ။

“တခုခုတော့ လုပ်ရမှာပေါ့၊ အခု လောလောဆယ်တော့ မပြောနိုင်သေးဘူး၊ လိုတဲ့အကူအညီတော့ ရအောင် လုပ်ပေးရမှာပေါ့” ဟု ကျနော်သည် သူ့အား စိတ်ချစေရန် အရိပ်အမြွက်တော့ ပြောလိုက်လေ၏။ ဗိုလ်တင်ဦးသည် ကျနော်၏ စကားကြောင့် စိတ်အားတက်လာပုံလည်း ပြလာ၏။

ရုပ်ရှင်ရုံမှ နောင်ဂျိန် ဆိုင်းဝိုင်းသံနှင့်အတူ လက်ခေါက်မှုတ်သံ၊ လက်ခုပ်တီးသံ၊ ကလေးများ အော်ဟစ်သံတို့သည် ဆူညံစွာ ထွက်လာ၏။

ရုပ်ရှင်သည် ပြီးဆုံးလုနီးပိုင်းသို့ ရောက်လာနေပြီ၊ ဇာတ်လိုက် တယောက်တည်းက လူဆိုး(၁၀)ယောက်ကို အလဲအကွဲ ထိုးပြီး ဇာတ်လိုက် မင်းသမီးကို ကယ်တင်နေပြီ၊ မကြာမီပင် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့သည် ဇာတ်ပေါင်းကြတော့မည်။ ဇာတ်လမ်းလည်း ဆုံးတော့မည်။

“ကျနော်တို့နှစ်ဦး ညတိုင်း ရုပ်ရှင်ပြချိန်၊ ည(၉)နာရီမှာ ဆက်ပြီး ဆွေးနွေးသွားရအောင်၊ အချိန်လည်း သိပ်မရှိ တော့ဘူး၊ ကျနော်လည်း အချိန်သိပ်မရဘူး၊ ပြသနာတွေကို တတ်နိုင်သမျှ ရှင်းသွားကြတာပေါ့” ဟု ကျနော်က အကြံပြုလိုက်၏။ ဗိုလ်တင်ဦးလည်း ဤအကြံကို သဘောတူ နှစ်ခြိုက်၏။

ရုပ်ရှင်လည်း ပြီးသွားလေပြီ၊ ပရိသတ်တို့လည်း ရုံတွင်းမှ အန်ထွက်လာလေပြီ။ ကျနော်လည်း ပြန်ချိန်ကျလာပြီကိုသိ၍ တဲမှောင်ရိပ်မှ ခိုထွက်ကာ ရုပ်ရှင် ပရိသတ်နှင့် ၀င်ရောက် ရောလိုက်လေ၏။ မြင်းလှည်းလည်း ငှား၍မရသည့် အတွက် မှောင်မည်းမည်းထဲတွင် ထောင်ဘေးရှိ တပ်စခန်းသို့ တယောက်တည်း အတွေးကြီးတွေးကာ ပြန်လာလေ၏။

ညသည် မှောင်မိုက်သလို မြို့တွင်းလမ်း တလျှောက်လည်း မှောင်ပိန်းနေ၏။ ရုပ်ရှင်ရုံနှင့် ဝေးလာသည်နှင့်အမျှ လူများလည်း တဖြည်းဖြည်း ရှဲလာနေ၏။ နောက်ဆုံး လမ်းမပေါ်တွင် ကျနော် တယောက်တည်းသာ ကျန်ရှိတော့၏။

လမ်းလျှောက်လာရင်းနှင့် ကျနော်သည် အတွေးနယ်ချဲ့လာ၏။ အရေးတော်ပုံသာ ဖြစ်ပွားခဲ့လျှင် နိုင်ငံရေးနှင့် ကင်းကွာနေသော စစ်တပ်အပိုင်း၏ ရပ်တည်မည့် အနေအထားကို သုံးသပ်လိုက်၏။ သေနတ်ကိုင်တပ်ရင်း ၃၊ ၄၊ ၅ မှာ မျိုးချစ် တပ်မတော်မှ ပုဂ္ဂိုလ်များက ဦးဆောင်ပြီး၊ တော်လှန်ရေးသမားတို့သာ စုပြုံဝင်ထားသည့်အတွက် သူတို့တတွေသည် ပြည်သူဘက်တွင်သာ ရပ်တည်မည်မှာ မလွဲပေ။ ကျန် သေနတ်ကိုင်တပ်ရင်း ၁ နှင့် ၂၊ တိုင်းရင်းသား အမျိုးသား တပ်ရင်းများနှင့်၊ အခြားတပ်ဖွဲ့တို့သည် အင်္ဂလိပ်နှင့် ကပြားများ ဦးဆောင်ပြီး၊ သူတို့အပေါ် သစ္စာရှိကြသော ကြေးစား စစ်သား(၀ါ) အင်္ဂလိပ် လက်အောက်ခံ တပ်များဖြစ်ကြ၍ ထိုတပ်များ၏ ရပ်တည်ကြမည့် အနေအထားကို ပူပန်မိ၏။ တော်လှန်ရေးမှ ပါဝင်ခဲ့သော မျိုးချစ်တပ်မတော်မှ ဗိုလ်အချို့တော့ အချို့တပ်ရင်းများတွင် ခွဲပို့ထားသည်တော့ ရှိ၏။ သို့သော် လူနည်းစုဖြစ်၍ မည်မျှအထိ တိုးနိုင်မည်ကိုလည်း စဉ်းစားစရာဖြစ်လာ၏။

တပ်အင်အားကား မကြီးထွားသေး၊ တိုင်းပြည်နှင့်စာသော် မဖြစ်စလောက်သာ ရှိသေး၏။ ဤကြားတွင် အင်္ဂလိပ်တပ်များနှင့် သူ့လက်အောက်ခံ ကုလားတပ်များလည်း ရှိသေးသည်။ သူတို့သည်လည်း စစ်ကြီးပြီးဆုံးသည့် အချိန်မှစ၍ အားကိုလျှော့လိုက်ကြပြီးဖြစ်၍ နေအိမ်၊ ရပ်ရွာ၊ တိုင်းပြည် ပြန်ရေးကိုသာ စိတ်စောနေကြ၏။ စစ်သားများပီပီ တိုင်းပြည်အရေးကို သူတို့စိတ်မ၀င်စား၊ အဆုံးတွင် မျိုးချစ်စစ်သားနှင့် ပြည်တွင်း ကြေးစားစစ်သားတို့သာ အိမ်ကြက်ချင်း ခွပ်ရမည်ကို မြင်ယောင်လာ၏။ ထို့အတူ ပုလိပ်များ နှင့်လည်း ရင်ဆိုင်ရပေဦးမည်။ ပုလိပ်တွင်လည်း အင်္ဂလိပ်တို့ကိုမှ အထင်ကြီးပြီး သစ္စာရှိသော ပုလိပ်အို ပုလိပ်ကြီးတို့ အပိုင်းနှင့် မျိုးချစ်စိတ်ရှိသော လူငယ်တို့အပိုင်း နှစ်ဂိုဏ်းကွဲနေ၏။ အင်္ဂလိပ်တို့က သူတို့အပေါ် သစ္စာရှိသော တိုင်းရင်းသားတို့နှင့် မျိုးချစ်များကို ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်မည့် အရေးကိုလည်း တွေးမိ၏။

လမ်းတလမ်းလုံးလည်း တိတ်ဆိတ်နေ၏။ ကျနော်၏ ခြေသံကိုသာ ကျနော် ကြားနေရ၏။ တမြို့လုံးလည်း အိမ်မောကျနေဟန် တူပါ၏။

ဗိုလ်မှူးကြီးဟောင်းလွန်းတင် (ဗိုလ်ဟင်္သာ)သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သည်။ သူကြုံတွေ့ခဲ့ရသည့် ဗမာ့တပ်မတော်၏ ၁၉၄၇ ခုနှစ် အခြေအနေ တချို့ကို ရလျှင်ရ မရလျှင်ချ ခေါင်းစဉ်ဖြင့် အပိုင်း ၂ ပိုင်းခွဲပြီး တင်ဆက်သွားပါမည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်