မြန်မာ့အရေး စုံစမ်းရန် လုံခြုံရေးကောင်စီကို ပီညဲရိုး တိုက်တွန်း

Thursday, 28 May 2009 19:42
Print
ရာဇဝတ်မှု ကျူးလွန်သော မြန်မာ စစ်အစိုးရကို အရေးယူနိုင်ရန် စုံစမ်းရေး ကော်မရှင် တရပ် လိုအပ်သည် ဟု မြန်မာပြည် ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် ၈ နှစ် တာဝန် ယူခဲ့သူ မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းလိုက်သည်။

အမေရိကန် အခြေစိုက် New York Times သတင်းစာတွင် “မြန်မာပြည်၏ ဆိုးရွားလှသော စနစ်ကို အဆုံးသတ်” (End Burma’s System of Impunity) ခေါင်းစဉ်ဖြင့် မစ္စတာ ပီညဲရိုး ယမန်နေ့က ရေးသားခဲ့သော သုံးသပ်ချက် ဆောင်းပါးတွင် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ထောက်ပြ ပြောဆိုထားရာတွင် လွန်ခဲ့သော ၁၅ နှစ် အတွင်း တိုင်းရင်းသား လူမျိုးစုများ၏ ဒေသတွင် ကျေးရွာပေါင်း ၃၃၀၀ ထက်မနည်းကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသားများကို စနစ်တကျ နှိပ်ကွပ်ခြင်း စသည့် အချက်များလည်း ပါဝင်သည်။

ကုလသမဂ္ဂ အစီရင်ခံစာများတွင်လည်း မြန်မာ့တပ်မတော်က ကလေးများကို စစ်သား အဖြစ် ခိုင်းစေမှု၊ အရပ်သားများကို မြေမြှုပ်မိုင်း ရှာဖွေရာတွင် အသုံးပြုမှု၊ ထောင်နှင့် ချီသည့် ကျေးလက်နေ ပြည်သူ များကို စေခိုင်းမှု စသည့် အချက်များကို ထောက်ပြထားသည်။

ထို့အပြင် မြန်မာစစ်သားများက အမျိုးသမီးများအား မုဒိန်းကျင့်ခြင်းကို စနစ်တခု သဖွယ် ကျင့်သုံးနေသည်ဟု ရေးသားထားသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ တွင် အသက် ၇ နှစ်အရွယ် ကရင် တိုင်းရင်းသူတဦးအား စစ်သားတဦးက မုဒိန်းကျင့်၊ သတ်ဖြတ်ခဲ့ခြင်းကို ဥပမာ ပေးထားသည်။ အာဏာပိုင်တို့က ထိုစစ်သားကို အရေးယူခြင်း မရှိဘဲ အဆိုပါ မိန်းကလေး၏ မိဘများကို ငွေပေးပြီး နှုတ်ပိတ်ခဲ့ကြောင်း၊ ဖြစ်ပျက်ခဲ့သမျှကို လျှို့ဝှက်ထားခြင်း မပြုပါက ဒုက္ခရောက်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း စသဖြင့် ဖော်ပြထားသည်။

၂၀၀၂ ခုနှစ်တွင် ၅နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်ရှိ အမျိုးသမီး ၆၂၅ ယောက် အဓမ္မ ပြုကျင့် ခံရခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ တစောင်ကို လက်ခံရရှိခဲ့ကြောင်း၊ ယင်းအမှုတွင် ပါဝင်သည့် ပြစ်မှု ကျူးလွန်သူများကို အပြစ် ပေးခြင်း မရှိခဲ့ကြောင်းလည်း ပြောဆိုထားသည်။

၁၉၉၀ ပြည့်နှစ်မှ စပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ စုစုပေါင်း ၃၇ ကြိမ် သွားရောက်ကာ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန်၊ လူ့အခွင့်အရေး အခြေအနေများ တိုးတက်ရန် ဆောင်ရွက်ခဲ့သည်ဟု ပီညဲရိုးက ဆိုသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် ၃၅ ခု ချမှတ်ခဲ့သော်လည်း လုံခြုံရေး ကောင်စီကမူ  ထိရောက်သည့် ဆုံးဖြတ်ချက် တခုကိုပင် ချမှတ်နိုင်ခြင်းမရှိ ဟုလည်း ထောက်ပြထားသည်။

မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုး၏ ဆောင်းပါး နိဒါန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ အကျဉ်းချခံထားရကြောင်း ရေးသားထားသည်။ အာဏာပိုင်တို့က သူ့ကို နေအိမ်အတွင်း ဧည့်သည်တဦး လက်ခံခြင်းကြောင့် ထိန်းသိမ်းမှု သက်တမ်း ၅ နှစ်အထိ ထပ်မံ တိုးမြှင့်ရန် ပြင်ဆင်နေဟန်ရှိသည်ဟု ဆောင်းပါးတွင် နိဒါန်းပျိုး ရေးသားထားသည်။

ဤအတောအတွင်း နိုင်ငံတကာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေကြသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့် မွေးနေ့ ကို ရည်ရွယ်ပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်များက အင်္ဂလိပ် ဘာသာဖြင့် စကားလုံး ၆၄ လုံး ပါဝင်သည့် စကားရပ်များဖြင့် ဂုဏ်ပြု ပြောဆိုနိုင်ရန် www.64forsuu.org အင်တာနက် စာမျက်နှာကို ဖွင့်လှစ်ခဲ့သည်။

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက စကားလုံး ၆၄လုံး ဖြင့် “ခင်ဗျား လွတ်မြောက်လာဖို့ တောင်းဆိုတာတွေ မြိုင်မြိုင်ကြီး ထွက်ပေါ်နေချိန်မှာ ကျနော်လည်း ပါဝင် တောင်းဆိုလိုက်ပါတယ်။ သည်းမခံနိုင်စရာ ကောင်းတဲ့ မတရားမှုကို ရင်ဆိုင်ဖို့ ကမ္ဘာကြီးက ပျက်ကွက်နေတာ ကြာပါပြီ။ အခုတော့ ပြောင်းလဲလာနေပါတယ်။ ဥရောပတလွှား၊ အာရှနဲ့  တကမ္ဘာလုံးက ခင်ဗျား လွတ်မြောက်ဖို့ အတွက် တောင်းဆိုနေကြပါပြီ” ဟု ပြောကြားခဲ့သည်။

ယင်း အင်တာနက် လှုပ်ရှားမှုတွင် ယမန်နေ့ကအထိ ဂုဏ်ပြုစကား ၁၄၀၀ ခန့်  ရရှိထားသည်ဟု သိရသည်။

မေလ ၁၈ရက်နေ့ ကလည်း နိုဗဲလ် ဆုရှင် ၁၁ဦးတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးရန် ကုလသမဂ္ဂကို မေတ္တာရပ်ခံခဲ့သည်။