တမူးမြို့မှာ ပေါက်ကွဲမှုဖြစ်၊ ၂ ဦးသေဆုံး

Monday, 08 June 2009 19:27
Print
အိန္ဒိယ - မြန်မာ နယ်စပ်၊ တမူးမြို့ရှိ အိန္ဒိယ ခွဲထွက်သူပုန်များ၏ လက်နက်သိုလှောင်ရာ အိမ်တလုံး၌ ဇွန် ၇ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းလက်နက်သိုလှောင်ရာ အိမ်သည် အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင် ကသည်းသူပုန်အဖွဲ့ (UNLF) ပိုင်ကြောင်း သိရသည်။

ဒေသခံတဦးက “UNLF အဖွဲ့ဝင် လူ ၂ ယောက် သေတယ်၊ အရပ်သား တယောက် ဒဏ်ရာရတယ်၊ အနီးအနားမှာရှိတဲ့ အိမ် ငါးအိမ် မီးလောင်သွားတယ်” ဟု ပြောသည်။

ယင်းဖြစ်ရပ်ကြောင့် တမူးမြို့၊ နဒီစတိုးဆိုင်မှ အသက် ၄၀ အရွယ်ရှိ ဦးကျော်စိုးမှာ လက်တွင် ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိုပေါက်ကွဲမှုမှာ နံနက် ၆ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့သည်ဟု ပြောသော်လည်း အသေးစိတ် ဖြေကြားခြင်းမရှိပေ။

ယင်းကသည်းသူပုန် အဖွဲ့ကဲ့သို့ အိန္ဒိယနိုင်ငံ မဏီပူပြည်နယ်အတွင်း အိန္ဒိယ ဗဟိုအစိုးရကို လက်နက်ကိုင် တော်လှန်နေသော အဖွဲ့ပေါင်း ၃၀ ကျော်ရှိသည်ဟု သိရသည်။

တခြားသော အဖွဲ့တဖွဲ့ဖြစ်သည့် ကူကီး အမျိုးသား တပ်မတော် (KNA) မှ အရာရှိတဦးက “အခုလတ် တလော မြန်မာကနေ အိန္ဒိယဘက်ကို လက်နက်မှောင်ခို တင်သွင်းမှု တိုးတက်လာတာတွေ့ရတယ်” ဟုပြောသည်။

ယင်းလက်နက်များမှာ အိန္ဒိယ အရှေ့မြောက်ဒေသ ခွဲထွက် ရေး သူပုန် (UNLF) တို့၏ လက်နက်များ ဖြစ်သည် ဟု ၎င်းကဆက်ပြောသည်။

“UNLF က မြန်မာဘက်ခြမ်းမှာ လက်နက်တွေ သိုလှောင်ထားပြီး အခွင့်အရေး ရရင် အိန္ဒိယဘက်ကို သွင်းလေ့ရှိတယ်။ အခုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရက ဘယ်လိုအရေးယူ ဆောင်ရွက် မယ်ဆိုတာတော့ မသိဘူး” ဟုလည်း သူကဆိုသည်။

ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးမှူး စစ်ဌာနချုပ် (ဒကစ) မှ စစ်ဌာနချုပ်မှူးက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို UNLF ကသည်း လက်နက်ကိုင် သူပုန်အဖွဲ့သည် လွန်ခဲ့သော ၁၉၆၄ ခုနှစ်မှ စတင်ကာ မဏီပူ ပြည်နယ်မှ ခွဲထွက်၍ သီးခြား လွတ်လပ်ရေးနှင့် ဆိုရှယ်လစ် လူ့ဘောင် ထူထောင်နိုင်ရေးအတွက် အိန္ဒိယအစိုးရကို လက်နက်စွဲကိုင် တော်လှန်နေခြင်းဖြစ်သည်။