အိန္ဒိယအမတ် ၁၀၀ ကျော် ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးတောင်းဆို

Wednesday, 10 June 2009 19:15
Print
အိန္ဒိယနိုင်ငံ ပါလီမန်အမတ် ၁၁၈ ဦးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရေး အတွက် စစ်အစိုးရကို တိုက်တွန်း ပြောကြားရန် ၎င်းတို့၏ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းကို တောင်းဆိုကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံအနေနှင့် လက်ရှိအခြေ အနေအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသောနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွက် မြန်မာစစ်ဗိုလ်ချုပ်များကို တိုက်တွန်းပြောကြားပြီး ကြားဝင်ဆောင်ရွက် သင့်သည်ဟု အဆိုပါ အမတ်များက မန်မိုဟန် ဆင်းကို လက်မှတ်ရေးထိုး၍ စာရေးသားပေးပို့ကာ ပြောဆိုခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် PTI သတင်းက ယနေ့ ရေးသားထားသည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယ ပါလီမန်အမတ်များ၏ ဆွေးနွေးပွဲတွင်လည်း အမတ်တဦး ဖြစ်သူ Sharad Joshi က အိန္ဒိယနိုင်ငံ အနေနှင့် မြန်မာနိုင်ငံအပေါ် ကျင့်သုံးသည့် မူဝါဒကို မြန်မာပြည်သူများ အကျိုး ရှေးရှု၍ စတင်ပြောင်းလဲသင့်ကြောင်း ပြောသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်သော အိန္ဒိယသည် မြန်မာနှင့် အကောင်းဆုံးအိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာပြည်သူများကို လက်ရှိကြုံတွေ့နေရသည့် ဘေးဒုက္ခများမှ လွတ်မြောက် ရေးအတွက် ကူညီရန် တခြားသော အမတ်တဦးဖြစ်သူ Abani Roy ကလည်း ပြောဆိုသည်။

ထို့အပြင် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်မလွှတ်ပါက၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှ တမှု ရှိသော ရွေးကောက်ပွဲဖြစ်သည်ဟု မယုံကြည်နိုင်ကြောင်းလည်း အဆိုပါ အမတ်များက ပြောဆိုထားသည်။

ပြည်ပအခြေစိုက် မြန်မာလွှတ်တော်အမတ် ဒေါက်တာ တင့်ဆွေက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင် ရေး အတွက် အိန္ဒိယ နိုင်ငံနေနှင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောသည်။