ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်း၍ ဓနုတ်စေတီပြိုကျဟု ပညာရှင်များပြော

E-mail Print
ရှေးဟောင်း အမွေအနှစ် လက်ရာများကို ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းအပေါ် မြန်မာအာဏာပိုင်များ ကွဲကွဲပြားပြား နားလည်သဘော မပေါက်ခြင်းက ဓနုတ်စေတ်ီကြီး ပြိုကျရခြင်း၏ အကြောင်းရင်း တချက် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက သုံးသပ်သည်။

နှစ်ပေါင်း ထောင်ချီခဲ့ပြီဖြစ်သည့် ဒလမြို့မှ ရှေးဟောင်း ဓနုတ်စေတီကြီး ပြိုကျခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာ့အလင်း သတင်းစာက “အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံတည်ဆောက် လိုက်ရသော ကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ် ပျက်စီးခဲ့ရသည်” ဟု ရေးသားထားခဲ့ပြီး နောက်ပိုင်း ဤသို့ သုံးသပ်ခြင်းဖြစ်သည်။

အဆောက်အဦးတခု ဆောက်လုပ်ရာတွင် ဗိသုကာက ပုံ ဆွဲပေးလိုက်ပြီးနောက် မြို့ပြအင်ဂျင်နီယာက လိုအပ် သည့် ပစ္စည်းစာရင်း ကိုတွက်ချက်ပေးလိုက်ရကြောင်း ဗိသုကာ ပညာရှင်တဦးဖြစ်သူ ကိုအုပ်စိုးက ရှင်းပြသည်။

“သူသုံးရမယ့် ပစ္စည်းအတိုင်း သုံးမယ်ဆိုရင် ပျက်စီးတဲ့ ကိစ္စက မြို့ပြအင်ဂျင်နီယာနဲ့ မဆိုင်ဘူး၊ ဆိုက်မန်နေဂျာနဲ့ ဆိုင်သွားပြီ၊ ဆိုက်မန်နေဂျာက ဒီအဆင့်မှာ ဘိလပ်မြေ မခြောက်သေးဘူး ဆက်မဆောက်နဲ့ဆို ဆက်ဆောက်လို့ ကို မရဘူး” ဟု သူကပြောသည်။

အသုံးပြုရမည့် ပစ္စည်းအရေအတွက်အတိုင်း မသုံးသောကြောင့် ပြိုကျခြင်း ဖြစ်နိုင်သကဲ့သို့ စောင့်ရမည့်ကာလကို မစောင့်ဘဲ အမြန်တည်ဆောက်လိုက်ခြင်းကြောင့် ပျက်စီးချင်းလည်း ဖြစ်နိုင်သည်ဟု ကိုအုပ်စိုးက ဆိုသည်။

မြန်မာ့အလင်းသတင်းစာတွင် “မူလစေတီ ပုံသဏ္ဍန်အတိုင်း မပျက်အောင် ဆောက်ရသောကြောင့် မျှော်မှန်းမထား သည့် ဝန်ပိုများ များပြားလာ၍ ဓနုတ်စေတီကြီး ပြိုကျရခြင်းဖြစ်သည် ”ဟု ရေးသားထားသည်။

အလှူရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် သားသမီးများ ကောင်းမှုဖြင့် ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သော ဓနုတ်စေတီကြီးမှာ မေလ ၃၀ ရက်နေ့ ညနေက ပြိုကျပျက်စီးခဲ့သဖြင့် လုပ်အား ပေးလျက်ရှိသော ဝန်ထမ်း ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဒေသခံ များက ပြောကြားခဲ့သည်။ ဓနုတ်စေတီကို ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းအဆောက်အဦးတခုကို ထိန်းသိမ်းရာတွင် ဆောက်လုပ်ရာ၌ ထည့်သွင်း သုံးစွဲသည့်ပစ္စည်းကို ထိန်းသိမ်းခြင်း၊ အရောင်ထိန်းသိမ်းခြင်း၊ ဆောက်လုပ်သည့် နည်းပညာကို ထိန်းသိမ်းခြင်း၊ ပုံစံကို ထိန်းသိမ်းခြင်း ဟူ၍ ၄ မျိုးရှိသော်လည်း မြန်မာစစ်အစိုးရအနေနှင့် မည်သည့် နည်းနှင့်မှ ထိန်းသိမ်းသည်ကို မတွေ့ရဟု ကိုအုပ်စိုးက ပြောပြသည်။

“ပုဂံဘုရားတွေမှာဆိုရင် UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) ရဲ့ စံနဲ့ ကိုက်ညီအောင် ထိန်းသိမ်းထားတဲ့ ဘုရား ၃၊ ၄ ဆူပဲရှိတယ်။ ကျန်တာတွေကို သူတို့ ပြင်ချင်သလို ပြင်ထားတာ” ဟု သူက ဆိုသည်။

UNESCO က ပုဂံစေတီတော်များ ရှိရာနေရာကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုရန် ၂၀၀၂ ခုနှစ်ကတည်းက ရည်မှန်းခဲ့သည်။ သို့သော် စစ်အစိုးရက ပုဂံဘုရားများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည် မွမ်းမံရုံမက ၂၀၀၅ ခုနှစ်တွင် ပုဂံစေတီပုထိုးများ အနီး၌ မီတာ ၆၀ ကျော်မြင့်သော နန်းမြင့်မျှော်စင်ကို ပညာရှင်များ ဝေဖန်ထောက်ပြသည့်ကြားမှ ဆောက်လုပ်ခဲ့သည့်အတွက် စာရင်းမှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

သမိုင်းပညာ ပါရဂူတန်းတက်ရောက် သင်ယူနေသော ကျောင်းသားတဦးက “အစိုးရက ပြောတော့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး လို့သာ လျှောက်အော်နေတာ တကယ်တော့ သူတို့ကိုယ်တိုင် ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးနေတာပဲ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် အပါအဝင် စစ်ခေါင်းဆောင်များသည် ဗေဒင်ယတြာများကို ယုံကြည်လွန်းပြီး မည်သည့် ကိစ္စမဆို ၎င်းတို့၏ ဗေဒင်ဆရာများ အခါပေးသည့်အတိုင်း ဆောင်ရွက်လေ့ ရှိကြောင်း အများက သိထားကြသည်။

“ယတြာကြောင့် အမြန်ပြီးအောင်ဆောက် ဆိုလို့ သူ့အဆင့်ဆင့်တွေကို မစောင့်နိုင်ဘဲ ဆောက်ရပြီး ပြိုကျတာ ဖြစ်နိုင်တယ်” ဟု ကိုအုပ်စိုးက ဓနုတ်စေတီကြီး ပြိုကျရခြင်းနှင့် ပတ်သက်၍ ထင်မြင်ချက် ပေးသည်။

နအဖ စစ်ခေါင်းဆောင်များသည် ရှေးဟောင်းယဉ်ကျေးမှုများ၏ တန်ဖိုး၊ ရှေးဟောင်း သမိုင်း အဆောက်အဦး များ၏ အရေးပါမှုကို နားလည်သဘောပေါက်ခြင်း၊ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခြင်းများ မရှိကြောင်း အများကလည်း ဝေဖန်ပြောဆိုနေကြသည်။

ကွယ်လွန်သူ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “ရှေးဟောင်း အမွေအနှစ်များကို သိသိသာသာ ဒုက္ခပေးမှု များတွင် ဘုရားဆင်းတုတော်များကို သစ်လွင်တောက်ပသော ရွှေများ၊ ကျောက်မြက်ရတနာများဖြင့် ပြန်လည် နေရာချခြင်း၊ အရောင်အမျိုးမျိုးဖြင့် စေတီပုထိုးများကို ပြန်လည်ဆေးခြယ်ခြင်းအားဖြင့် ကုသိုလ် အများကြီး ရမည်ဟု ယုံကြည်ပုံရသော ဘာသာရေး စိတ်ရှိသူများလည်းပါသည်” ဟု သူ၏ “အလှပြယ်နေသော ရှေးပုဂံ” စာအုပ်တွင် ရေးသားထားသည်။

ထေရဝါဒ ဗုဒ္ဓဘာသာ သန့်စင်ရေးအတွက် တစိုက်မတ်မတ် ဟောကြားနေသည့် ဓမ္မစေတီဆရာတော် ဦးကော သလ္လက သူ၏ တရားပွဲ အများစုတွင် “ငါသာတတ်နိုင်ရင် ဘုရားမတည်ဘူး သားဖွားဆေးရုံပဲ ဆောက်မယ်” ဟု ဟောကြားလေ့ရှိသည်။ ၎င်း ဆရာတော်ကြီးသည် ဟောကြားသော တရားပွဲများမှ ရရှိသည့် အလှူငွေများကို ဆေးရုံဆောက်လုပ်လှူဒါန်းရန် ရည်မှန်းထားခဲ့ပြီး ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းဒဏ် ခံရသော ဒေသများကိုလည်း သိန်းရာပေါင်းများစွာ လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ပြန်လည် ပြုပြင်မွမ်းမံပြီးစီးခဲ့သည့် ပုဂံစေတီပုထိုးများနှင့် မြောက်ဦးမြို့မှ ရှေးဟောင်းဘုရား များသည် လည်း  မိုးလေကြီးသည့်အချိန်တွင် ယခု ဓနုတ်စေတီကြီးကဲ့သို့ ပြိုကျပျက်စီးသည်ကို ကြုံဖူးကြောင်း ဧည့်လမ်းညွှန်တဦးက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်