မန္တလေးမီး တဦး သေဆုံး၊ အိမ် ၄၀ ဆုံးရှုံး

Monday, 15 June 2009 19:20
Print
မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ကြာသပတေးနေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးငယ်တဦး အသက် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

ညသန်းခေါင်ယံ အချိန်တွင် ညည ရပ်ကွက်၊ အကွက် အမှတ်(၃) ရှိ ဦးနေဝင်း အိမ်မှ စပြီး မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖယောင်းတိုင်မီးမှ စတင်ခဲ့သည့် အဆိုပါ မီးကြောင့် အိမ်ခြေပေါင်း ၄၀ ခန့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ယင်း လူနေအိမ်ရပ်ကွက်တွင် အိမ်ခြေပေါင်း ၃၀၀ နီးပါး ရှိသည်ဟု သိရသည်။

ထို မီးလောင်မှုတွင် ဦးနေ၀င်း၏ သမီးဖြစ်သူ မမိုးပွင့်ဖြူ သေဆုံးခဲ့သည်ဟု ဆိုသည်။

“အိမ်ရှင် သမီးဖြစ်တဲ့ မမိုးပွင့်ဖြူ ပေါ့၊ သူက ၇ တန်း ကျောင်းသူ မီးထဲ ပါသွားတယ်၊ ရပ်ကွက်ထဲမှာ ပျဉ်ထောင်အိမ်တွေ များတယ်” ဟု ဒေသခံတဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး “အစက သူ(မမိုးပွင့်ဖြူ)က မီးထဲကနေ လွတ်ပြီးပြီ၊ ဒါကို နောက်မှ အိမ်က မွေးထားတဲ့ ခွေးကလေးကို ပြန်သွားယူပြီးတဲ့နောက်မှာ ထုတ်တန်း ပြိုကျသွားတာ၊ မီးထဲပါသွားတယ်၊ အသက်ဆုံး သွားတာပေါ့” ဟု ပြောသည်။

ထို မီးလောင်မှု ဖြစ်ပွားရာသို့  မီးသတ်ကား စီးရေ ၂၀ ခန့် ရောက်ရှိလာသည် ဟုလည်း ဒေသခံက ပြောသည်။ ထိုလောင်ကျွမ်းမှုသည် အချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။

မန္တလေးမြို့သည် မြန်မာပြည် အလယ်ပိုင်း အပူပိုင်း ဒေသတွင် တည်ရှိပြီး မကြာခဏ မီးလောင်မှုများ ဖြစ်ပွားလေ့ ရှိသည်။