သံဃာတော်များ ပြည်ပသွားလိုပါက သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိ သာသနာရေး ဦးစီးဌာန၏ ထောက်ခံချက်ယူရသည်ဟု ရန်ကုန်မြို့မှ သံဃာတော်များက ပြောဆိုသည်။
“ပတ်စ်ပို့ရပြီးရင် ဗီဇာအတွက် သံရုံးဝင်ဖို့က အဓိက သာသနာရေးဦးစီးဌာနက ထောက်ခံစာပါမှ ဖြစ်မယ်၊ အဲဒါ မပါဘဲနဲ့ သံရုံးကလည်း လက်မခံဘူး”ဟု ရွှေတိဂုံ ဘုရားအနီးရှိ ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းမှ သံဃာတော် တပါးက ပြောသည်။
ပြီးခဲ့သည့် တပတ်အတွင်းက စတင်၍ ယင်းသို့ သာသနာရေး ဦးစီးဌာနမှ ထောက်ခံစာ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
“ရန်ကုန်က သံဃာတချို့ ထောက်ခံစာယူဖို့ စောင့်နေတာ အခုထိ မရကြသေးဘူး”ဟု အထက်ပါ သံဃာက ပြော သည်။
ယနေ့တွင်လည်း နိုင်ငံခြားသို့ ဆေးကုသရန် သွားမည့် ရန်ကုန်မြို့မှ သံဃာတော် တပါးက သာသနာရေး ဦးစီးဌာနသို့ ထောက်ခံစာ သွားရောက်ယူရာတွင် ငြင်းပယ်ခံခဲ့ရသည်ဟု ပြောဆိုသည်။
“ဘာကြောင့် ထုတ်မပေးရတာလည်း ဆိုတာတော့ ပြောခွင့်မရှိပါဘူး၊ အခုရပ်ဆိုင်းထားတာက ယာယီရပ်ဆိုင်း ထားတာပါ၊ မကြာခင် ပြန်ပေးမှာပါလို့ပြောတယ်”ဟု ၎င်း သံဃာတော်က ပြောသည်။
ဗုဒ္ဓစာပေ လေ့လာရန်အတွက် နိုင်ငံရပ်ခြားသို့ သွားရောက်နေသည့် သံဃာအများစုမှာ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများသို့ သွားရောက်သည်များရှိကြကြောင်းလည်း ဆိုသည်။
မကြာသေးခင်ကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် ပြည်ပသွားမည့် သံဃာတော် ၂ ပါးကို ထောက်ခံစာ မပါ၍ အာဏာပိုင်များက သွားခွင့် မပြုခဲ့ကြောင်းသိရသည်။
ဧရာဝတီက ယင်းသို့သော သံဃာတော်များကိစ္စနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းပါသော်လည်း ပြန်လည် ဖြေကြားရန် ငြင်းဆိုခဲ့သည်။
စစ်အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကာလမှ စတင်၍ ဗုဒ္ဓဘာသာ သံဃာတော်များ နိုင်ငံအတွင်း ခရီးသွားလာခြင်းများကို ကန့်သတ် တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။
ယင်း ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်အာဏာပိုင်များက ဒါဇင်နှင့် ချီသော သံဃာတော်များကို အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းမှုများပြုလုပ်ခဲ့ရာ တချို့သံဃာများ ပြည်တွင်းမှ ထွက်ပြေးကြရသည်များရှိခဲ့သည်။
အစိုးရ တရားဝင် စာရင်းများအရ နိုင်ငံတဝန်းတွင် ရဟန်း သံဃာပေါင်း ၄ သိန်း ကျော်ရှိကြောင်း သိရသည်။
< Prev | Next > |
---|