ဂန်ဘာရီ နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံဖွယ်မရှိ

Saturday, 27 June 2009 19:35
Print
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ယမန်နေ့ က စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ယနေ့တွင် ပြန်လည်ထွက်ခွာရန်ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံဖွယ်မရှိကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များ တွေ့ဆုံရန် သက်ဆိုင်ရာ အာဏာပိုင်များက ယခုအချိန်အထိ ဆက်သွယ်အကြောင်းကြားခြင်းမရှိ၍ မတွေ့ဆုံဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“အခုအချိန်အထိ မစ္စတာ ဂန်ဘာရီနဲ့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တယောက်နဲ့မှ မတွေ့သေး ပါဘူး”ဟု ၎င်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ၏ ခရီးစဉ်အား အဓိပ္ပာယ်ရှိသည့် နိုင်ငံရေးခရီးစဉ်အဖြစ် ယူဆကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဦးဉာဏ်ဝင်းက“အခုအချိန်မှာ သူတို့လာတာကို ကျနော်တို့ကတော့ နိုင်ငံရေးအရ အဓိပ္ပာယ် ရှိတဲ့ ခရီးစဉ် တခုအနေနဲ့ လာမယ်လို့ ထင်တယ်၊ ဘယ်လိုဦးတည်ချက်နဲ့လာလည်း ဆိုတာတော့ ကျနော်တို့ မသိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

မစ္စတာ ဂန်ဘာရီသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်း သိရသည်။
 
ယင်း မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်သည် လာမည့် ဇူလိုင်လ အစောပိုင်းတွင် သွားရောက်မည့် မစ္စတာ ဘန်ကီမွန်း ခရီးစဉ်အကြို ကြိုတင်ပြင်ဆင်မှု ဖြစ်သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားသည်။  

စစ်အစိုးရက မစ္စတာ ဘန်ကီမွန်းအား လာမည့် ဇူလိုင်လအစောပိုင်း၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ယခုလလယ် တွင် ဖိတ်ကြားထားသည်။   

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် ၈ ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်တချို့၊ စစ်အစိုးရ ထောက်ခံသည့် အဖွဲ့များနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပေ။

ထိုခရီးစဉ်နှင့် ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်မှာ တိုးတက် ပြောင်းလဲမှု တစုံတရာ မရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန် ထမ်းဆောင်စဉ်မှစပြီး မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။