တရားမဝင် တပတ်ရစ်ကားများစွာ ထိုင်းမှတဆင့် တင်သွင်းနေ

Friday, 17 July 2009 19:47
Print
ဂျပန်လုပ် တပတ်ရစ်ကားများကို ထိုင်းနိုင်ငံ မဲဆောက်မှတဆင့်  မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် လမ်းကြောင်းမှ နေ့စဉ် တင်သွင်း နေကြောင်း သိရသည်။

ထိုကားများကို မဲဆောက်မြို့မှတဆင့်  မြ၀တီဘက်ကမ်းသို့ နေ့စဉ် ပုံမှန်အားဖြင့် စီးရေ ၂၀ ခန့် တင်သွင်းနေပြီး နေပြည်တော် ၊ ရန်ကုန်နှင့် တခြားမြို့ကြီးများ၌ ကားလေလံပွဲများရှိလျှင် အစီးရေ ၁၀၀ ခန့် တင်သွင်းနေကြောင်း ကားအရောင်းအဝယ်သမားများက ပြောသည်။

ယခုအခါ ၂၀၀၄ ခုနှစ်က ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို အစိုးရမှ လေလံတင်ရောင်းချနေပြီး ၊ ပျက်စီးယိုယွင်း နေပြီဖြစ် သော ယင်းလေလံကားများကို ၀ယ်ယူ၍ ယခုတင်သွင်းလာသော လိုင်စင်မဲ့ကားများ၏ ကိုယ်ထည် ၊ အင်ဂျင် တို့ကို အစားထိုးပြီး အရောင်းအ၀ယ် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်၊၊

ပြီးခဲ့သော ဇွန်လက နေပြည်တော်၌ ပြုလုပ်သော လေလံပွဲတွင် မော်ဒယ်မြင့် Land Cruser ကားတစီး ကို ကျပ် ၉၉၁သိန်း ဖြင့်အရောင်း အ၀ယ်ဖြစ်သွား ကြောင်းသိရသည်။

“ဂျပန်ကနေပြီးတော့ ဘန်ကောက် လန်ချန်ပန်း ဆိပ်ကမ်းကို ရောက်ရင် သက်ဆိုင်ရာ တရားဝင် အသိအမှတ်ပြု အေးဂျင့်  တွေကတာဝန်ယူပြီး ကွန်တိန်နာတွေနဲ့ မြ၀တီ၊ မဲဆောက် နယ်စပ်ဂိတ် တွေဖြစ်တဲ့ ၁၇ ၊ ၁၀ ၊ ၁၁ ၊ ရေပူဂိတ် တွေ က တဆင့် သောင်ရင်းမြစ်ကိုကျော်ပြီး မြ၀တီဘက် ကိုရောက်လာတယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သည့် ကားလုပ်ငန်း ရှင် တဦးက ပြောပြသည်။

အများဆုံးသွင်းသည့် ကားအမျိုးအစားများမှာ Toyota ကားများဖြစ်ပြီး Nissan နှင့် Missubishi အမျိုးအစားများကို ဒုတိယ တင်သွင်းသည်ဟုသိရသည်။

ဂျပန်မှ နေပြီး ဘန်ကောက်ဆိပ်ကမ်း အရောက် ကားတစီးသယ်ယူခမှာ မြန်မာ ၁၅ သိန်းကျော် ကုန်ကျပြီး ဘန်ကောက်မှ မဲဆောက်အထိ မြန်မာငွေ ၆ သိန်းခန့် ကုန်ကျသည်ဟု သိရသည်။

အဓိက ကားသွင်းသည့် ကုမ္ပဏီကြီး ၂ ခုရှိပြီး  KMK Company နှင့် Billionaire Company  တို့ ဖြစ်သည်ဟု သိရသည် ။

“မြ၀တီ ဘက် ကိုရောက်ဖို့ ကားတစီးကို ဘတ် ၃၀၀၀ (ကျပ် တစ်သိန်းခန့်) တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) ကို ပေးရတယ်၊ ရန်ကုန်အထိ သယ်မယ်ဆိုရင်တော့ ဂိတ်ပေါင်း ၂၀ လောက်ရှိတယ် ၊ အဲ့ဒါပြီးလို့ စစ်တောင်းဂိတ် ၊ ဝေါဂိတ် ၊ မရန်းချောင်းဂိတ် တွေပြီးရင်တော့ ရန်ကုန်ဖြစ်ဖြစ် ၊ မန္တလေးဖြစ် တောက်လျောက် မောင်းရုံပဲ” ဟု အဆိုပါ ကုန်သည်က ပြောသည်။

ဂိတ်ကြေး များမှာ အတိအကျမရှိဘဲ တခါတရံ ဂိတ်ကြေး ညှိနှိုင်းပေးထားပေသော်လည်း ၊ အဖမ်းအဆီးရှိ ၍ ကားများဆုံး ရှုံး ကြောင်း၊ လမ်းခရီး ဂိတ်ကြေးမှာ ပုံမှန်အားဖြင့် မြန်မာငွေ သိန်း ၂၀ ခန့်ရှိသည်။ ကုန်သည် တချို့ကတော့ စစ်တပ် ၊ DKBA  ၊ ငြိမ်းချမ်းရေးကောင်စီ စသည့် အဖွဲ့များထံအပ်၍ သယ်ဆောင်ကြသည်ဟု သိရသည်၊၊

ထိုလိုင်စင်မဲ့ကားများကို မြ၀တီမြို့နှင့် ရန်ကုန် စသည့် မြို့များတွင် ဘောင်နံပါတ် များကို ဖြတ်ဆက်ခြင်း ၊ ဘောင်နံပါတ် အတု ပြန်ရိုက်ခြင်းများပြုလုပ်ပြီး ကုန်လမ်း သယ်ယူပို့ဆောင်ရေးတွင် တရားဝင် သိန်း ၃၀ ဒဏ်ငွေဆောင်ပြီး အရောင်း အ၀ယ် လုပ်ကြသည်ဟု သိရသည်

ယခုအခါ ပြည်တွင်းရှိ စက်မှုဇုန်များမှ နေပြီး ပစ်ကပ်နှင့် ဂျစ်ကား များသာထုတ်ခွင့်ရှိပြီး အမှတ် ၂ စက်မှုဝန်ကြီး ဌာန မှ ထိုင်းနိုင်ငံထုတ် Tiger အမျိုးအစား  Hilux Double Cab ၊ တရုတ်နိုင်ငံထုတ် Grand Tiger  နှင့် ပုံစံတူကားများကို ထုတ် လုပ်သည်ဟုသိရသည်။

ပြီးခဲ့သော ဇွန်လ အတွင်းက ဆာကူရာ ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင်အား ကားလေလံတင် ရောင်းချခွင့် ကိုပေးအပ်ခဲ့ သည်။ ဦးဌေးအောင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့နှင့် နီးစပ်သူ ဖြစ်ကြောင်း ကားဝယ်ရောင်းသမား များကခန့်မှန်းပြောဆိုကြသည်။

ပုံမှန်အာဖြင့် ယခင်က ကားတင်သွင်းခွင့် ပါမစ်များကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (UMEHL ) တခုကသာလျှင် ချုပ်ကိုင်ထားသည်။