ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များ တွေ့ခွင့်ရခြင်းကို အမေရိကန် ကြိုဆို

Thursday, 17 December 2009 15:15
Print
ဒေါ်အောင်ဆန်း စုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ၃ ဦးနှင့် တွေ့ဆုံခွင့် ပြုလိုက်ခြင်းအပေါ် အမေရိကန် အစိုးရက ယနေ့ ကြိုဆိုလိုက်သည်။

NLD ခေါင်းဆောင်များ ဖြစ်သည့် အသက် ၉၀ ၀န်းကျင်ရှိ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယမန်နေ့က အစိုးရ ဧည့်ဂေဟာ၌ ၄၅ မိနစ်ကြာ  တွေ့ဆုံခွင့်ပြုခဲ့ခြင်းအတွက် ထိုသို့ ကြိုဆို လိုက်ခြင်း ဖြစ်သည်။

“ပါတီရဲ့ခေါင်းဆောင် ၃ဦးကို ဂါရ၀ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွင့်ပြုပေးတဲ့ မြန်မာအစိုးရရဲ့ ဆုံးဖြတ် ချက်ကို  ကျနော်တို့ ကြိုဆိုပါတယ်၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ အတွက် ပထမခြေလှမ်းလို့ မျှော်လင့်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Ian Kelly က ဆိုသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် စစ်အစိုးရတို့ နောက်တကြိမ် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်၍ တိကျသေချာစွာ မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီ အတိုက်အခံ အင်အားစု၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာစစ်အစိုးရတို့ စစ်မှန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကနေ တိုင်းပြည်အကျိုးအတွက် အပြုသဘောဆောင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ ကျနော်တို့ ဆက်လက် တိုက်တွန်းလိုပါတယ်”ဟု Kelly က ဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်အရေးနှင့် ပတ်သက်၍ စေ့စပ်ဆွေးနွေးခြင်း နှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု စက်တင်ဘာလက ကြေညာခဲ့သည်။

မူဝါဒသစ်အရ မြန်မာ့ဒီမိုကရေစီအရေး တစုံတရာ ပြောင်းလဲတိုးတက်မှု မရှိသရွေ့ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး မြန်မာအစိုးရနှင့်လည်း တိုက်ရိုက် ဆက်ဆံသွားမည် ဟု ဆိုသည်။

ပြီးခဲ့သော ၂ လခန့်က အမေရိကန် အစိုးရ ကိုယ်စားလှယ်များသည် မြန်မာ စစ်ခေါင်းဆောင်များနှင့် ၂ ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း မြန်မာနိုင်ငံရေးမှာ တစုံတရာ တိုးတက်ပြောင်းလဲလာခြင်း မရှိသေးကြောင်း သုံးသပ်သူများက ဆိုသည်။