ထိုင်းတွင် နိုင်ငံတကာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်မည်

Thursday, 14 January 2010 16:09
Print
ထိုင်းနိုင်ငံတွင် အမေရိကန် စစ်တပ်က ဦးဆောင်၍ Cobra Gold ဟု အမည် ပေးထားသော နိုင်ငံတကာပူးတွဲ စစ်ရေး လေ့ကျင့်မှုကို လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်း၌ စတင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ အာရှနိုင်ငံများ၏ ၂၀၁၀ ခုနှစ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသနှင့် ရရောင် (Rayong) ခရိုင်တို့ တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ထိုင်းဘုရင့် တပ်မတော် ဗိုလ်ချုပ်ကြီး Ratchakrit Kanchanawat က ၁၁ ရက်တာ ကာလအတွင်း စစ်သင်တန်း များသာမက ဆူနာမီ ငလျင် ကယ်ဆယ်ရေး ကဲ့သို့သော လူသားချင်း စာနာမှုဆိုင်ရာ ကူညီရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆိုင်ရာ လေ့ကျင့်မှုများလည်း ပါဝင်မည်ဟု တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား စသည့် ၆ နိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့ ၀င်များ ပါဝင်မည်ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ပထမဆုံး အကြိမ် ပါဝင်ခြင်း ဖြစ်သည်ဟု သိရသည်။

အမေရိကန် နိုင်ငံအနေဖြင့် စစ်လေယာဉ်၊ စစ်သင်္ဘော အပါအ၀င် ယင်း ၆ နိုင်ငံမှ စစ်သား အင်အား စုစုပေါင်း ၁၀၀၀၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း သတင်း ဖော်ပြချက်များ အရသိရသည်။