အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

Wednesday, 17 February 2010 18:55
Print
ရန်ကုန်တိုင်း အင်းစိန် မြို့နယ် အတွင်းရှိ SKY အထည်ချုပ် စက်ရုံမှ အလုပ်သမား ၈၀ ခန့်သည် ၎င်းတို့ ရပိုင်ခွင့်များကို ယနေ့ ဆန္ဒပြ တောင်းဆို နေကြသည်ဟု မျက်မြင် သက်သေများက ပြောသည်။

“မနေ့ ညနေ ၄ နာရီလောက်က စဖြစ်တာ လူဦးရေ ၁၀၀ လောက်ရှိတယ်၊ ဒီနေ့တော့ ၈၀ လောက်ရှိပဲ ရှိတယ်၊ သူတို့ အလုပ် ဆက်မလုပ်ကြဘူး၊ သူတို့ ရပိုင်ခွင့်တွေကို တောင်းဆိုတယ်”ဟု မျက်မြင်သက်သေ တဦးက ဧရာဝတီသို့ ပြောသည်။  

အလုပ်သမားများက အများပြည်သူ ရုံပိတ်ရက်များကို ပိတ်ပေးရေး၊ အချိန်ပိုကြေး တိုးပေးရေး (ယခင် ကျပ် ၁၀၀မှ ၂၀၀ သို့)၊ လစာတိုးပေးရေး စသည့်အချက်များကို တောင်းဆိုကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် အခြေခံလစာငွေ ကျပ်၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာ ရရှိရာ အလုပ် သမားများအနေဖြင့် စားဝတ်နေရေး ခက်ခဲမှုရှိသောကြောင့် အချိန်ပို ဆင်းကြရကြောင်း သတင်းများ ဖော်ပြချက်အရသိရှိရသည်။

ယင်းအလုပ်သမား ဆန္ဒပြမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(UMFCCI)မှ တာဝန်ရှိသူ တဦးက“ဆန္ဒပြတယ်ဆိုတာ မှန်တယ်၊ အစိုးရနဲ့ စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေနဲ့ ညှိနှိုင်းနေတယ်”ဟု ဆိုသည်။

တခြားသော မျက်မြင်တဦးကလည်း“လုံးထိန်းကား ၁၀စီး၊ မီးသတ်ကား ၁စီး၊ အချုပ်ကားတစီး အောင်ဇေယျ တံတားနားမှာ လုံခြုံရေး ချထားတယ်၊ စက်ရုံနဲ့ နီးတဲ့ လမ်းထဲမှာတော့ လုံထိန်းကား ၅ စီး အဲဒီလိုမျိုး ချထားတယ် ”ဟု ပြောသည်။

အလုပ်သမားများ သပိတ်မှောက်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသော်လည်း အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။

အလားတူပင် လွန်ခဲ့သည့် တနင်္လာနေ့၌ ရန်ကုန်မြို့လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံ နှင့် အခြား အထည်ချုပ်စက်ရုံ ၂ ရုံတို့မှ အလုပ်သမား ၁၅၀၀ ခန့်က လစာတိုးပေးရေး၊ အလုပ်ချိန် လျှော့ပေးရေး၊ အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရေး တို့အတွက် စက်ရုံအတွင်း ထိုင်သပိတ်မှောက် ခဲ့ကြသေးသည်။

ထိုဆန္ဒပြခဲ့ကြသည့် အလုပ်သမားများအား လစာ ကျပ် ၅၀၀၀ (၅ ဒေါ်လာ) တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့သည်။

ဇန်န၀ါရီလဆန်းပိုင်းကလည်း လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ၎င်းတို့ ရပိုင်ခွင့်များကို ဆန္ဒပြတောင်းဆိုခဲ့သေးသည်။ ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။