ဆန္ဒပြ အလုပ်သမားများ လစာတိုးရမည်

Thursday, 18 February 2010 15:30
Print
လစာ တိုးမြှင့်ပေးရန် ဆန္ဒပြနေသည့် အင်းစိန် မြို့နယ် အတွင်းမှ SKY အထည်ချုပ် စက်ရုံရှိ အလုပ်သမား များသည် လစာ ကျပ် ၅၀၀၀ တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘော တူညီမှုဖြင့် ဆန္ဒပြမှုကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရပ်ဆိုင်း လိုက်ကြောင်း သိရှိရသည်။

SKY အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀ခန့်က လစာတိုးပေးရေး၊ အလုပ်သမားများက အများပြည်သူ ရုံးပိတ်ရက်များကို ပိတ် ပေးရေး၊ အချိန်ပိုကြေး တိုးပေးရေး (ယခင် ကျပ် ၁၀၀မှ ၂၀၀ သို့)၊ လစာတိုးပေးရေး စသည့်အချက်များကို ယခုလ ၁၆ ရက်နေ့မှ  စတင်၍ စက်ရုံတွင် ထိုင်သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

“အလုပ်သမားတွေက လစာ တသောင်း တိုးတောင်းတာ ၅၀၀၀ နဲ့ ပြီးသွားတယ်၊ စက်ရုံနဲ့ ပတ်သက်ပြီးတော့ တနင်္ဂနွေနေ့ကို ပိတ် ပေးမယ်၊ စနေကို နေ့တ၀က် ဆင်းပေးရမယ်၊ နေ့ တ၀က်ကျော်သွားလို့ ညနေအထိ ဆက်ပြီးဆင်းပေးရမယ်ဆိုရင် အချိန်ပိုကြေး ပေးမယ်၊ ပုံမှန် အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၅ နာရီ၊ ၅ နာရီကျော်ပြီးတော့ ဆက်ခိုင်းမယ်ဆိုရင် အချိန်ပိုကြေး ပေးရ မယ်လို့ပြောတယ်”ဟု အလုပ်သမားများနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အစိုးရ အာဏာပိုင်များ အပါအ၀င် စက်ရုံ ပိုင်ရှင် နှင် အလုပ်သမားကြား ညှိနှိုင်း အဆင်ပြေသွားသည့် အတွက် အလုပ်သမား များ အလုပ်ပြန်ဆင်းနေကြပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။   

အာဏာပိုင်များက စက်ရုံများအနီး၌ လုံခြုံရေးချထားသော ကားများကိုလည်း ပြန်လည် ထွက်ခွာသွားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် အလုပ်သမားများ သပိတ်မှောက်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ် လာခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် လစာ ကျပ် ၂ သောင်း မှ  ၄ သောင်းအထိသာ ရရှိကြောင်း၊ အလုပ်သမားများက စားဝတ်နေရေး ခက်ခဲမှု ရှိသောကြောင့် အချိန်ပို အလုပ်ဆင်းကြရကြောင်း သိရသည်။

အလားတူပင် လွန်ခဲ့သည့် တနင်္လာနေ့၌ ရန်ကုန်မြို့လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံ နှင့် အခြား အထည်ချုပ်စက်ရုံ ၂ ရုံတို့မှ အလုပ်သမား ၁၅၀၀ ခန့်က လစာတိုးပေးရေး၊ အလုပ်ချိန် လျှော့ပေးရေး၊ အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရေး တို့အတွက် စက်ရုံအတွင်း ထိုင်သပိတ်မှောက် ခဲ့ကြသေးသည်။

ထိုဆန္ဒပြခဲ့ကြသည့် အလုပ်သမားများအား လစာ ကျပ် ၅၀၀၀ (၅ ဒေါ်လာ) တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့သည်။