တရားစီရင်ရေးတွင် ရဲများ ၀င်ရောက် ခြယ်လှယ်နေ

E-mail Print
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (BSI) မှ ရဲဝန်ထမ်း များသည် တရား စီရင်ရေးတွင် ၀င်ရောက် ခြယ်လှယ် နေမှုများ ပိုမိုပြုလုပ် လာနေသည်ဟု ရန်ကုန်တိုင်း ခရိုင်တရားသူကြီးများ၏ အဆိုအရ သိရသည်။

စီးပွားရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် တာဝန်ယူစောင့်ကြည့်ရသည့် စသုံးလုံး ခေါ် BSI အဖွဲ့ဝင်များသည် သက်ဆိုင်ရာ တရားရုံးများ၌ မိမိတို့တာဝန်ယူ စွဲတင်ထားရသည့် အမှုကိစ္စများတွင် တရားသူကြီးနှင့် ရှေ့နေများကို ဖိအားပေး ၀င်ရောက်ခြယ်လှယ်နေမှုများ၊ အမှုနှင့်ပတ်သက်ဆက်နွယ်နေသူများကို ခြိမ်းခြောက်ခြင်းများ ပြုနေသည်ဟု ရန်ကုန်တိုင်းမှ ခရိုင်တရားသူကြီးတဦးကဆိုသည်။

“သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် ကျနော်တို့တွေကို ခင်များတို့က တဘက်က လာဘ်စားပြီး မျှတအောင်မလုပ်ဘူး အဲ့ဒါကြောင့် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့တင်တဲ့အမှုဆိုရင် ထောင် ချကိုချပေးရမယ်ဆိုတာမျိုး သူတို့ဖြစ်စေချင်သလို လုပ်ပေးနေရတော့ ကျနော်တို့မှာ ကြေးစားလူမိုက်၊ အာဏာပါးကွက်သားကြီးတွေကျနေတာပဲ” ဟု အမည်မဖော်လိုသူ ခရိုင်တရားသူကြီးတဦးက ဧရာဝတီသို့ပြောသည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှ စသုံးလုံးဌာနရှိ ၀န်ထမ်းများစွာကို လာဘ်စားမှုကြောင့် ဖြုတ်ချပစ်ပြီး နောက်ပိုင်းတွင် ၀န်ထမ်းသစ်များဖြင့် ပြန်လည်ဖွဲ့စည်းထားသော BSI အဖွဲ့သည် ၀န်ထမ်းများ အကျင့်ပျက်ခြစားမှုများ၊ ကုန်သည်လုပ်ငန်းရှင်များ ၏ ဈေးကွက်ကစားမှုများကို စောင့်ကြည့်တာဝန်ယူရသည့် အဖွဲ့ဖြစ်သော်လည်း ယခုတွင်မူ BSI အဖွဲ့ဝင် ရဲဝန်ထမ်းများ ကိုယ် တိုင် လာဘ်စားမှုများ ပြုနေသည်ဟု သူကဆိုသည်။

သူကဆက်၍ “အမှုတခုကို သူတို့ကိုင်ပြီဆိုရင် တရားခံဘက်ကဖြစ်ဖြစ်၊ တရားလိုဘက်ကဖြစ်ဖြစ် သူတို့လာဘ်ယူတယ်၊ ပြီးရင် တရားသူကြီးကို လာဘ်ထိုးတယ်။ ဒါမှမဟုတ် ခြိမ်းခြောက်တယ်။ အပြစ်ရှိတာကို မရှိအောင် မရှိတာကို ရှိအောင်လုပ်ခိုင်းတယ်။ အပြစ်ရှိရင်လည်း ဥပမာ တနှစ် ချရမှာကို လေးငါးနှစ် ချခိုင်းတာမျိုးတွေလုပ်တယ်။ အမှုစစ်နေတဲ့အချိန်မှာဆိုရင်လည်း ခဏခဏလာပြီး ဒီမှာငါတို့စောင့်ကြည့်နေတယ်နော်ဆိုတာမျိုးတွေ လာလုပ်တယ်” ဟုပြောသည်။

BSI အဖွဲ့ဝင် ရဲဝန်ထမ်းများ၏ ထိုသို့ ၀င်ရောက်စွက်ဖက်နေမှုများသည် တရားရုံးချုပ်တွင် နည်းပါးသော်လည်း ခရိုင်တရားရုံး များနှင့် မြို့နယ်တရားရုံးများတွင်မူ ဆိုးဝါးစွာရှိနေသည်ဟု တရားသူကြီးများက ဆိုသည်။

BSI အဖွဲ့ဝင် ရဲဝန်ထမ်းများသည် အမှုသည်များထံမှ ငွေကြေးတစုံတရာ ရယူ၍ တရားစီရင်မှုတွင် စွက်ဖက်ပြီး တရားခံများကို လွှတ်ပေးစေခြင်း၊ အာမခံမပေးသင့်သည့် တရားခံများကို အာမခံဖြင့် လွှတ်ပေးလိုက်စေခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း အခြား အမှုလိုက်ရှေ့နေတဦးကလည်း ဆိုသည်။

“သိန်းသုံးထောင်ကျော်လိမ်သွားတဲ့ အမှုတခုမှာ တရားခံလင်မယားက ထွက်ပြေးနေတုန်းမှာ တရားလိုဟာ ရဲနဲ့ တရားရုံးကို ပေါင်းပြီး မဟုတ်မမှန်စွပ်စွဲတယ်ဆိုပြီး BSI ကိုလာဘ်ထိုးပြီးတိုင်တယ်။ ဒါနဲ့ BSI က သက်ဆိုင်ရာ ရဲရော မြို့နယ်မှူးရော သက်သေတွေရော သုံးရက်လောက် ခေါ်စစ်တယ်။ စစ်နေတုန်းမှာ တရားခံပြေးတွေကို ဒီဘက်က ရဲတွေက မိတော့ သူတို့က ချက်ချင်းအာမခံရအောင် BSI နဲ့ပေါင်းလုပ်တော့ အခု တွဲဖက်တရားခံဖြစ်တဲ့ မိန်းမဖြစ်သူက လွတ်နေတယ်” ဟု အမှုလိုက်ရှေ့နေက ဧရာဝတီသို့ပြောပြသည်။

တရားရုံးမှ အမှုကို စစ်ဆေးနေသကဲ့သို့ BSI မှလည်း တရားလိုဘက်မှ တရားလိုပြသက်သေများကို ခေါ်ယူစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း၊ BSI အထက်အရာရှိများကမူ အောက်ခြေ၀န်ထမ်းများ၏ လုပ်ဆောင်မှုများကို မသိရှိကြောင်း သူကဆို သည်။

ပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ၀န်ထမ်းအကျင့်ပျက်လာဘ်စားမှုများနှင့် စီးပွားရေးရာများကို စောင့်ကြည့်ရသည့် အထူးစုံစမ်းစစ်ဆေးရေး BSI နှင့် နိုင်ငံရေးအမှုကိစ္စများကို စောင့်ကြည့်သတင်းယူသော ရဲအထူးသတင်း တပ်ဖွဲ့ (SB) များက တရားစီရင်ရေးများကို ၀င်ရောက်ခြယ်လှယ်နေခြင်းသည် လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေး စနစ်ပေါ်ပေါက်ရေးအတွက် အနှောင့်အယှက်တခုဖြစ်သည်ဟု ၀ါရင့်ရှေ့နေကြီး တဦးကဆိုသည်။

“အရင် ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ကတည်းက စသုံးလုံးကလည်း သူ့နည်းသူ့ဟန်နဲ့ တမျိုး၊ အခု ကျနော်တို့ခေါ်တဲ့ BSI တို့၊ SB တို့၊ စရဖ တို့ဆိုတာတွေကလည်း သူ့ခေတ်နဲ့သူ အမျိုးမျိုးတော့ ခြယ်လှယ်စွက်ဖက်နှောင့်ယှက်နေတာပဲလေ။ ဒါတွေက မြန်မာနိုင်ငံ တရား စီရင်ရေး လွတ်လပ်တရားမျှတဖို့အတွက် မကောင်းဘူးပေါ့” ဟု တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီသို့ပြောသည်။

ယခင်က ဗိုလ်ချုပ်ကြီးခင်ညွန့်၏ လက်အောက်တွင် ရှိခဲ့သည့် BSI ခေါ် စသုံးလုံး အဖွဲ့သည် ထိုစဉ်က တန်ခိုးအာဏာ ကြီးမားသည့် အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့ဝင် ရဲဝန်ထမ်းများမှာ လာဘ်စားမှုများ၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ပြည်သူလူထုအကြား နာမည်ဆိုးဖြင့် ထင်ရှားခဲ့သည်။

၂၀၀၄ခုနှစ် အောက်တိုဘာလအတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ ဖြုတ်ချခံရပြီး နောက်ပိုင်း စသုံးလုံးအဖွဲ့မှာ ခေတ္တ မှေးမှိန်သွားခဲ့သော်လည်း ယခုနောက်ပိုင်းတွင်မူ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်ကထက်ပင် လာဘ်စားမှုများ၊ အာဏာ အလွဲသုံးစားမှုများ ပြုလုပ်လာသည်ဟု တရားရေးဆိုင်ရာ အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်